
နေပြည်တော် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား သုံးဦး နှင့် အမျိုးသမီး တစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် ည ၇ နာရီ တွင် နွားထိုးကြီးမြို့နယ် လက်ဝဲမြင်းနီကျေးရွာ နေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၃)နှစ် (ဘ) ဦးကြည်သည် နေအိမ်၌ မိသားစုဝင် များ၊ ကျေးရွာရပ်မိရပ်ဖ ဦးဟန်ဝင်း(၄၈)နှစ် (ဘ)ဦးသောင်းကျင်တို့နှင့်အတူ စကားပြော နေစဉ် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင် ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးက ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာ ပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ နေအိမ်အတွင်း လက်လုပ်ဗုံးများ ဖောက်ခွဲ၍ နေအိမ်အားမီးရှို့ကာ ပြန်လည်ထွက်ခွာသွားခဲ့ သည်။
အကြမ်းဖက်သမားများ၏ ရက်စက်စွာ ပစ်သတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ (၂၅)နှစ်၊ ချွေးမဖြစ်သူ မခိုင်စိုးရည်(၃၀)နှစ် (ဘ)ဦးမောင်သိန်းနှင့် ဦးဟန်ဝင်းတို့ လေးဦး မှာ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ပြီး ဦးဆန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့် (၅၂)နှစ် (ဘ) ဦးမှတ်တင်တွင် ယာပေါင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်နှင့် သားဖြစ်သူ မောင်ဖိုးလယ် (၁၇)နှစ်၏ ဝဲလက်မောင်း ကျည်ထိမှန်ဒဏ်ရာတစ်ချက်တို့ဖြင့် မီးလောင် နေသည့် အိမ်အတွင်းမှ ထွက်ပြေးခဲ့သဖြင့် အသက်ဘေးမှလွတ်မြောက်ခဲ့သည်။
အကြမ်းဖက်သူများ၏ မီးရှို့ခဲ့မှုကြောင့် ဦးဆန်းဝင်း၏ နေအိမ်မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုအသေးစိတ်အား ဆက်လက်စစ်ဆေး လျက်ရှိကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက မြင်းခြံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်ရပ်အနီးမှ အကြမ်းဖက်သူများ ပစ်ခတ်အသုံးပြုခဲ့သည့် ၁၂ ဗို့ကျည်ခွံ နှစ်ခု၊ ၅ ဒသမ ၅၆ ကျည်ခွံ ၆၀ နှင့် ၇ ဒသမ ၆၂ ကျည်ခွံ ၇၉ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်၏ တည်ငြိမ်ရေးကို မလိုလားဘဲ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူ များအား ရက်စက်စွာသတ်ဖြတ်မီးရှို့မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်