
မြို့မအမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး
====================================
နှစ် (၁၀၀) ပြည့် သက်တော်ရှည် မိခင်ကြီး “မြို့မ”
============================
ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် (သားမြို့မတစ်ဦး)
ဒီနှစ် ၂၀၂၀ ပြည့်နှစ်ဟာ မိမိတို့နိုင်ငံအဖို့ အမှတ်တရ အလွန်ဂုဏ်ယူကြရမယ့် ရာပြည့်ပွဲတော်တွေနဲ့ တိုက်ဆိုင် နေတဲ့နှစ် ဖြစ်နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ရာပြည့် (ဒီဇင်ဘာလ ၁ ရက်)၊ အမျိုးသားအောင်ပွဲနေ့ ရာပြည့် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)၊ မြန်မာ့ ရုပ်ရှင် ရာပြည့်ပွဲတွေကတော့ (ကိုဗစ်ကာလကြီး ဖြစ်နေလျက်နဲ့ သတ်မှတ်ထားတဲ့ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းတွေနဲ့အညီပဲ) အထိုက်အလျောက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ နောက်ဆုံးကျန်နေတဲ့ ရာပြည့်ပွဲက ပြီးခဲ့တဲ့ရာပြည့်တွေထဲက ပထမနှစ်ခုဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ရာပြည့်နဲ့ အမျိုးသားအောင်ပွဲနေ့ ရာပြည့် တွေနဲ့ ဆက်စပ်ခဲ့တဲ့ “မြို့မအမျိုးသားကျောင်း ရာပြည့်ပွဲ” ပါပဲ။
ဗြိတိသျှနယ်ချဲ့အစိုးရခေတ်က ကိုလိုနီအုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့နဲ့ မြေရှင်ဓနရှင် ဗြူရိုကရက် လူတန်းစားအတွက်သာ ရည်ရွယ်ရေးဆွဲပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်ခဲ့တဲ့နေ့) တွင် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ယူနီဗာစီတီ အက်ဥပဒေကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၅ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် အမျိုးသားအောင်ပွဲနေ့) မှာ မြန်မာ့နိုင်ငံရေးမှာ အရေးပါလှတဲ့ ပထမအကြိမ် တက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်လာခဲ့ရပါတယ်။
မြို့မအမျိုးသားကျောင်း၏ မူလအစ ပထမ
ထိုသို့ ကျောင်းသားသပိတ်မှောက်စဉ်အတွင်း အင်္ဂလိပ်အစိုးရ ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဖို့၊ ပညာသင်မပျက်စေဖို့နဲ့ အမျိုးသားပညာရေး စတင် ပေါက်ဖွားဖို့အတွက် မိမိတို့ကိုယ်ပိုင် အမျိုးသား ပညာရေးကျောင်းကို ထူထောင်မယ်ဆိုတဲ့ လှုံ့ဆော်မှုနဲ့ သပိတ်မှောက် ကျောင်းသားကြီးတွေက ဦးစီးဦးဆောင် ပြုကာ ရွှေတိဂုံဘုရားအရှေ့ဘက် ဗဟန်းကြားတောရ လမ်းရှိ ရွှေကျင်တိုက် ဦးအရိယကျောင်းမှာ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် နတ်တော်လဆန်း ၇ ရက် (၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့) နံနက် ၁၀ နာရီတိတိ အချိန်တွင် သပိတ်စခန်းဖွင့်ကာ အမျိုးသားကျောင်း (National School) ကို စတင်ထူထောင်ခဲ့ကြရာ မြို့မ အမျိုးသားကျောင်း၏ မူလအစ ပထမ ဖြစ်ခဲ့ပါတယ်။
“မြို့မတိုင်းရင်းသားအထက်တန်းကျောင်း” ဆိုတဲ့ အမည်သစ်ကိုတော့ ၁၂၈၂ ခုနှစ် ပြာသိုလပြည့်ကျော် ၇ ရက် (၁၉၂၁ ခု နှစ် မတ်လ ၁ ရက်) အင်္ဂါနေ့မှာ ခံယူခဲ့ပေမယ့် ဦးအရိယကျောင်းမှာ သန္ဓေတည်မွေးဖွားခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကိုပဲ မြို့မမွေးနေ့လို့ မှတ်ယူခဲ့ကြတယ်လို့ မိမိတို့ ပညာရေးလောကတစ်ခုလုံးက လေးစားကြရတဲ့ ပညာ ရှင်ကြီး ဒေါက်တာဦးသန်းဦး (အငြိမ်းစားညွှန်ကြားရေး မှူးချုပ်)က ရေးသားပြောဆိုထားတဲ့အတိုင်း မြို့မ အမျိုးသားကျောင်းကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှစ်တစ်ရာ ပြည့်မြောက်တော့မည် ဖြစ်ပါတယ်။
မြို့မအမျိုးသားကျောင်းသည် လွယ်လွယ်ကူကူ ပေါ်ပေါက်လာရခြင်းမဟုတ်ဘဲ ကျွန်ပညာရေးကို လက်မခံဘဲ မိမိကိုယ်မိမိ အားကိုးကာ မျိုးချစ်ပုဂ္ဂိုလ် တွေက ကျောင်းမှထွက်၊ အလုပ်မှထွက်ပြီး ဆရာ ဆရာမ တွေအဖြစ် ပညာသင်ကြားပြသပေးခဲ့ကြသလို ပြည်သူ လူထုနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့အဆင့်ဆင့်သော အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကာ တည်မြဲအောင် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါတယ်။ မြို့မအမျိုးသားကျောင်း ကြီးရဲ့ ပထမဆုံးကျောင်းအုပ်ကြီး ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးဖိုးလတ်၊ ဆရာကြီး ဦးငွေဇင် (၁၉၂၀-၁၉၂၃)၊ မြို့မ ဖခင်ကြီး ဆရာကြီး ဦးဘလွင် (၁၉၂၃-၁၉၅၃)၊ ဆရာကြီး ဦးအေးသွယ် (၁၉၅၃-၁၉၅၇)တို့ အဆက်ဆက် ပျိုးထောင် ခဲ့တဲ့ မြို့မအမျိုးသားကျောင်းမှာ ဆရာကြီး ဦးဘတင် (၁၉၅၇-၁၉၆၈) ကျောင်းအုပ်ကြီး တာဝန်ယူစဉ်အချိန်မှာ မိမိက မြို့မကျောင်းသား ဖြစ်ခဲ့ပါတယ်။
တရားဝင်ကျောင်းဝတ်စုံ ဖြစ်သွားခဲ့
မိမိတို့မြို့မခေတ်ရဲ့ ကျောင်းဝတ်စုံမှာ အင်္ကျီအဖြူ၊ လုံချည်ပြောင်အစိမ်းရောင် ဖြစ်ပါတယ်။ အဖြူရောင်က စိတ်ထားဖြူစင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းကို ကိုယ်စား ပြုပြီး အစိမ်းရောင်က စိမ်းလန်းစိုပြည်တဲ့ မြန်မာ့ဆန်ရေ စပါးကို ကိုယ်စားပြုကြောင်း မှတ်သားမိခဲ့ပါတယ်။ မြို့မ စိမ်းအရောင်ဟုပင် ခေါ်တွင်ခဲ့ကြပါတယ်။ မျိုးချစ်စိတ် အမြဲရှင်သန်နေစေဖို့ အတန်းကြီးကျောင်းသားတွေကို အပေါ်တိုက်ပုံ အဖြူ/ ပင်နီရောင်တို့ကို ဆရာတွေနည်းတူ ဝတ်ဆင်ကြရသလို ဆရာတွေက ခေါင်းပေါင်း၊ ဆရာမတွေက ပဝါအစိမ်းတွေနဲ့ ကျောင်းတက်ကြ၊ စာသင်ကြားကြရတာပါ။ တော်လှန်ရေးအစိုးရက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လုပ်ငန်းအရပ်ရပ်ကို ပြည်သူပိုင်သိမ်းတဲ့အခါမှာ ကျောင်းအားလုံးလည်း ပြည်သူပိုင်ကျောင်းများ ဖြစ်လာချိန်တွင် မိမိတို့ မြို့မ ကျောင်းရဲ့ ကျောင်းဝတ်စုံ ( ဖြူ / စိမ်း) ဟာ တစ်ပြည်လုံးက ကျောင်းအားလုံးရဲ့ တရားဝင်ကျောင်းဝတ်စုံ ဖြစ်သွားခဲ့ပါ တယ်။
ပြည်ထောင်စုအစိုးရခေတ်က ပုဂ္ဂလိက ပရိုက်ဗိတ် ကျောင်းတွေ အတော်များများရှိကြရာမှာ နာမည်ကြီး ကျောင်းအတော်များများဟာ ခရစ်ယာန်သာသနာပြု ကျောင်းများ (စိန်ပေါ၊ စိန်ဂျွန်း၊ စိန်မေရီ၊ အင်္ဂလိပ်မက်သဒစ်၊ ကွန်ဗင့်) ဖြစ်နေပြီး မိမိတို့မြို့မကျောင်းကတော့ အမျိုးသားရေးနဲ့ ဘာသာရေးကို အလေးထားတဲ့ကျောင်းပါ။ အဲဒီအချိန်က မြို့မကျောင်းမှာ ဗုဒ္ဓဘာသာနဲ့ ပြည်သူ့ နီတိ(Civics) နှစ်ဘာသာကို သီးခြားသင်ရသလို ဘာသာရပ် စာမေးပွဲလည်း ဖြေရပါတယ်။ (၇) တန်းအထိ အတန်းတင် စာမေးပွဲတွေမှာ ကျန်တဲ့ဘာသာတွေ အောင်ပေမယ့် အဲဒီ ဘာသာနှစ်ခု မအောင်ရင်အတန်းမတင်ပေးပါဘူး။ လူတိုင်း ကလည်း အောင်အောင်ဖြေကြပါတယ်။ နောက်တစ်ခုက အဲဒီခေတ် ဗုဒ္ဓဘာသာကလျာဏယုဝ (ဝိုင်အမ်ဘီအေ) အသင်းနဲ့လည်း ချိတ်ဆက်ပြီး မင်္ဂလသုတ် စာမေးပွဲအဆင့်ဆင့် (ပထမ၊ ဒုတိယ၊ တတိယ)တွေ ဝင်ဖြေစေပါတယ်။ ထူးချွန်စွာ အောင်မြင်သူတွေကို အသင်းကြီးက စကောလားရှစ် (အဆင့်အလိုက်) ဆုငွေကို လစဉ် ချီးမြှင့်ပါတယ်။ တစ်လ တစ်ခါ ဆုငွေသွားထုတ်ရင်း အကျွေးအမွေးနဲ့ မင်္ဂလာ တရားတစ်ခုခုအကြောင်း ပရိသတ်ကို ဟောပြောပြ ရပါတယ်။
အခု ပြန်လည်ဖော်ထုတ်လာခဲ့ကြတဲ့ ကင်းထောက် (Scout) ဟာလည်း မြို့မခေတ်မှာရှိခဲ့သလို မိမိအနေနဲ့ တစ်ပိုင်းတစ်စ မီခဲ့တာလေး အမှတ်ရမိပါတယ်။
မြို့မ ကင်းထောက်အဖွဲ့ဟာ တကယ်တော့ လွတ်လပ်ရေး မရခင်ခေတ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပေမယ့် မျိုးချစ် စိတ်ပြင်းထန်လှတဲ့ မြို့မဖခင်ကြီးဦးဘလွင်ကြောင့် မျိုးချစ်စိတ်အပြည့်ရှိတဲ့ ကင်းထောက်အဖွဲ့ ဖြစ်ခဲ့ပါတယ်။ မြို့မကင်းထောက်အဖွဲ့ကို အမှတ်(၃၁) ရန်ကုန်မြို့မ ကင်းထောက်အဖွဲ့ (31st Rangoon Myoma Group)လို့ ခေါ်ခဲ့ကြပြီး အသက်အပိုင်းအခြားအလိုက် ရှစ်နှစ်ကနေ ၁၁ နှစ်အထိကို ဝံပုလွေငယ်အုပ်စု (Wolf Cub Pack)၊ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်အထိကို ကင်းထောက် လုလင်အုပ်စု (Scout Troop) နဲ့ ၁၆ နှစ်အထက် ကျောင်းသားကြီးတွေကိုတော့ ရိုဗာကင်းထောက်အုပ်စု (Rover Crew) ဆိုပြီး ဖွဲ့စည်းခဲ့ရာမှာ မိမိတို့က ဝံပုလွေငယ်အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပါတယ်။ ရေးတေးတေး မှတ်မိနေတာလေးတွေက မိမိတို့ ဝံပုလွေငယ်တွေက “အကောင်းဆုံး လုပ်မည်”၊ ကင်းထောက် လုလင်အုပ်စုက “အစဉ်အသင့်”၊ ရိုဗာကင်းထောက်အုပ်စုက “ဝန်ထမ်းလုပ်ငန်း” ဆိုတဲ့ ဆိုင်ရာဆောင်ပုဒ်တွေနဲ့ ဖြတ်သန်းဆောင်ရွက်ခဲ့ကြတာပါ။ ဝံပုလွေငယ် အဖွဲ့ဝင်အနေနဲ့ “လုပ်ငန်းတစ်ရပ်၊ ငွေတစ်ကျပ်” ဆိုတဲ့ အဆိုနဲ့ ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင် ကြီးတွေရဲ့ လုပ်ငန်းခွင်တွေမှာ ဝံပုလွေငယ် ဝတ်စုံဝတ်၊ လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်၊ သတ်မှတ်ထားတဲ့ ကတ်ပြားတွေမှာ တရားဝင်ဖြည့်ပြီး ရရှိတဲ့ငွေတစ်ကျပ် စီကို ရန်ပုံငွေရှာခဲ့ကြတာ။ ကျောင်းပိတ်ရက်တွေမှာ အင်းလျားလေးစခန်း၊ ကန်တော်ကြီးလို နေရာမှာ စခန်းချ ခရီးထွက်ခဲ့ကြရတာလေးတွေပါ။ မြို့မဖခင်ကြီး ဆရာကြီး ဦးဘလွင်ဟာ ကင်းထောက်ချုပ် ရာထူးတာဝန်ယူခဲ့ ဖူးတယ်လို့ ကြားသိခဲ့ဖူးပါတယ်။ တော်လှန်ရေးကောင်စီ ခေတ် ကျောင်းတွေ ပြည်သူပိုင်သိမ်းပြီး နောက်ပိုင်းမှာ ကင်းထောက်စနစ် မရှိတော့လို့ မိမိတို့အနေနဲ့ ဝံပုလွေ ငယ်ဘဝနဲ့ ရပ်ခဲ့ရပါတယ်။
ဗုဒ္ဓဘာသာနဲ့ ပြည်သူ့နီတိ
မြို့မခေတ် မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ဗုဒ္ဓဘာသာနဲ့ ပြည်သူ့နီတိအပြင် လက်မှုပညာအချိန်ရယ်၊ အားကစားအချိန်ရယ်လည်း သတ်သတ်ရှိပါသေးတယ်။ လက်မှုပညာအချိန်မှာ တစ်ခါတလေ ဆရာကြီးဦးလှ သင်ကြားမှုနဲ့ ပန်းချီဆွဲရပြီး တစ်ခါတလေ ဆရာကြီး ဦးထွန်းကြည်ဆီမှာ စောစောပိုင်းမှာ လေးထောင့်ကွက် စာအုပ်တွေထဲမှာ ရောင်စုံခဲတံလေးတွေနဲ့ အကွက်တွေ ဖော်၊ ပုံတွေခြယ်ကြရပြီး နောက်ပိုင်းကျတော့ အဲဒီအကွက် ဖော်ပုံလေးတွေအတိုင်း အရောင်စုံဝါးခြမ်းလေးတွေနဲ့ ကျူဖျာလေးတွေ ရက်ကြ၊ ဖော်ကြရပါတယ်။ သစ်သား တုံးလေးတွေနဲ့ အိမ်လေးတွေ၊ တံတားလေးတွေ၊ အဆောက်အအုံလေးတွေ ဆောက်ကြ၊ လုပ်ကြ ရပါတယ်။
အားကစားအချိန်မှာတော့ အတန်းအရွယ်နဲ့ သင့်လျော်မယ့် အားကစားနည်းတွေ တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ကစားစေပါတယ်။ အငယ်တန်းတွေတုန်းက ကာယနည်းပြဆရာက ဆရာဦးလှဖေဖြစ်ပြီး အလယ် တန်းကျတော့ ဆရာဦးဘသောင်းပါ။ ဆရာဦးဘသောင်း က အဲဒီအချိန်က ရှားရှားပါးပါး အပြည်ပြည်ဆိုင်ရာ ဘောလုံးဒိုင်လူကြီးလက်မှတ် ရရှိထားသူပါ။ သူတာဝန် ယူခဲ့တဲ့ ဘောလုံးပွဲတွေမှာ မကြာခဏ ပယ်နယ်တီ ပေးတတ်လို့ ဘောလုံးလောကမှာ “ပယ်နယ်တီဘသောင်း” လို့ နာမည်တွင်ခဲ့ဖူးပါတယ်။ ယောကျ်ားလေးကျောင်းမို့လို့ တွန်းတွန်းတိုက်တိုက်အားကစားနည်းမျိုးစုံ ကစားစေပါ တယ်။ ခြေတစ်ပေါင်ကျိုးခုန်ရင်း ပခုံးချင်းတိုက်တဲ့ ကစားနည်းကစပြီး ခြင်းခတ်၊ ဘောလုံး၊ ဘတ်စကက် ဘော၊ ဘော်လီဘောအထိ အစုံပါပဲ။ မြို့မကျောင်းရဲ့ အရှေ့က မိုင်ဒါကွင်းက အဲဒီတုန်းကတော့ မြို့မကျောင်း အပိုင်လိုပါပဲ။ နံနက်ကျောင်းမတက်ခင်၊ နေ့လယ်မုန့်စား ဆင်းချိန်၊ ညနေကျောင်းဆင်းချိန်တွေမှာ ဘောလုံး ကစားကြတာ နေရာမလပ် ကွင်းအပြည့်ပါပဲ။
အလယ်တန်းမှာ နောက်ထပ်ရှိခဲ့တဲ့ ဖွံ့ဖြိုးရေး အချိန်မှာ စိုက်ပျိုးရေးလုပ်ခဲ့ကြရတာကိုလည်း မှတ်မိ နေပါသေးတယ်။ အထွေထွေသိပ္ပံ ဆရာဦးမြမောင်ရဲ့ ဦးဆောင်မှုနဲ့ပါ။ ကျောင်းရဲ့ဘယ်ဘက် (မန္တလေးအခေါ် မြောက်ဘက်) ယခုစကားဝါလမ်းဘက်မြေကွက်လပ်မှာ အတန်းလိုက် မြေတွေတူး၊ မြောင်းတွေဖော်ပြီး ချဉ်ပေါင်၊ ကန်စွန်း၊ ငရုတ် စသဖြင့် ကိုယ့်အတန်းနဲ့ကိုယ် စိုက်ကြ၊ ခူးကြ၊ ရောင်းပြီးရန်ပုံငွေရှာကြ လုပ်ခဲ့ကြရပါတယ်။
အမျိုးသားအောင်ပွဲနေ့
မြို့မခေတ်မှာ အထူးခြားဆုံးတစ်ခုကတော့ အမျိုးသားအောင်ပွဲနေ့ ကျင်းပတာပါပဲ။ နံနက်စောစော ကျောင်းဝင်းအတွင်းမှာ အတန်းလိုက်လူစုကြပြီး နယ်ချဲ့ ခေတ်မှာသုံးစွဲကိုင်ဆောင်ခဲ့ကြတဲ့ သုံးရောင်ခြယ် အလံတွေ၊ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတွေ၊ လွတ်လပ်ရေးရပြီး သုံးစွဲနေတဲ့ အနီ၊ အပြာ အောက်ခံ ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူ ငါးလုံး ဝန်းရံထားတဲ့ နိုင်ငံတော်အလံတွေကို လွှင့်ထူကိုင်ဆောင်ကြပြီး မျိုးချစ် စိတ်လှုံ့ဆော်တဲ့ ကြွေးကြော်သံတွေ တိုင်တည်ရွတ်ဆို ကြပြီး ကျောင်းကနေထွက် မိုင်ဒါကွင်းကို ပတ်၊ ဦးဝိစာရ လမ်းကနေ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ကနေ ဘုရားပေါ်တက်ခဲ့ကြရပါတယ်။ အလယ်ပစ္စယံမှာ သမိုင်း တွင်မယ့် ကောလိပ်ကျောင်းသားကြီးတွေ စုဝေးခဲ့ကြပြီး အခု အမျိုးသားအောင်ပွဲအထိမ်းအမှတ် ကျောက်စာတိုင် လုပ်ထားတဲ့အထိ သွားရောက်စုရုံး၊ ချီတက်၊ အလေးပြု၊ ကတိသစ္စာပြုရွတ်ဆိုကြပြီးမှ ဘုရားပေါ်ကပြန်ဆင်းပြီး ကျောင်းကို စနစ်တကျ ပြန်ချီတက်ကြပါတယ်။
ကျောင်းမှာတော့ တစ်နေ့လုံးလိုလို အမျိုးသား အောင်ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲတွေ လုပ်ကြရာမှာ ဟောပြောပွဲ၊ ကျပန်းစကားပြောပွဲ၊ စကားရည်လုပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ လွန်ဆွဲပွဲကအစ ဘတ်စကက်ဘောပွဲ၊ ဘော်လီဘောပွဲ၊ ခြင်းလုံးပွဲ အစုံအလင် ဆင်နွှဲကြလေ့ရှိပါတယ်။ ကျောင်းသား ကျောင်းသူအားလုံးကို ကျောင်းက အဝစား မုန့်ဟင်းခါးလိုမျိုး ကျွေးလေ့ရှိပြီး စားပြီးသူတွေကို လက်မှာ မင်ပြာနဲ့ မှတ်ပေးလိုက်တာကို မှတ်မိနေပါတယ်။ နောက်ပိုင်းဆာလာရင်တော့ ကျောင်းမုန့်ဈေးတန်းမှာ ကြိုက်တာဝယ်စားကြတာပေါ့။ အာဇာနည်နေ့နီးရင်လည်း ဆရာကြီးဦးဘလွင်၊ ဆရာကြီးဦးဘတင်တို့ဖြစ်စေ၊ နာမည်ကြီး စာရေးဆရာကြီးတွေကဖြစ်စေ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် စေရေး ဟောပြောပွဲတွေကို ကြိုလုပ်လေ့ရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့ရောက်ရင်တော့ ကျောင်းသားကြီးတွေက ဆရာ ဆရာမတွေနဲ့အတူ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေ သွားချ၊ ဂါရဝပြု ကန်တော့ကြသလို ကျောင်းသားငယ် တွေကိုတော့ တာဝါလိန်း ဗိုလ်ချုပ်ပြတိုက်ကို လေ့လာရေး ပို့ပေးလေ့ရှိပါတယ်။
မြို့မခေတ်မှာ နံနက် ကျောင်းတက်ခေါင်းလောင်း ထိုးရင် Assembly Hall အစည်းအဝေးခန်းမကြီးမှာ အတန်းလိုက် အတန်းပိုင်ဆရာ ဆရာမတွေပါ တန်းစီကြ ရပြီး ကျောင်းအုပ်ကြီးရောက်လာရင် အားလုံး တညီတညာ တည်း နိုင်ငံတော်သီချင်းကို ညီညီညာညာ သံပြိုင် သီဆိုကြရပါတယ်။ အများအားဖြင့် ကျောင်းအုပ်ဆရာကြီး ဦးဘတင်လာလေ့ရှိပြီး သူ မအားလပ်ရင် ဆရာကြီး ဦးအောင်ကျော်ဇံ လာတတ်ပါတယ်။ မြို့မဖခင်ကြီး ဆရာကြီးဦးဘလွင်လည်း တစ်ခါတလေ ရောက်လာ တတ်ပြီး ဆုံးမစကားတွေ ပြောတတ်ပါတယ်။
အဓိကကတော့ စည်းကမ်းပိုင်းဆိုင်ရာအပြင် ပညာရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ်တွေကို ပြောပြ ဆုံးမလေ့ ရှိပါတယ်။
ကျောင်းအုပ်ဆရာကြီးကအစ ဆရာ အားလုံးက မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံ၊ အမျိုးသားဝတ်စုံပြည့်၊ ဆရာမတွေကလည်း ပဝါစိမ်းတွေနဲ့ ကျောင်းသား ကျောင်းသူအားလုံးလည်း အမျိုးသားဝတ်စုံ ပြည့်နဲ့ တက်ကြရတာပါ။ ဆရာကြီးရဲ့မိန့်ခွန်း နားထောင် ပြီးတဲ့အခါ အငယ်တန်းကစပြီး တစ်တန်းချင်း ညီညီညာညာ တန်းစီပြီး ကိုယ့်အတန်းကိုယ် စည်းကမ်းတကျ ပြန်ကြ ရပါတယ်။ လမ်းမှာ စကားပြောတာ၊ ဆူညံတာ၊ ဟေးလား ဝါးလားလုပ်တာ လုံးဝမလုပ်ရဲ၊ မလုပ်ကြပါဘူး။ စာသင်ခန်းထဲရောက်ပြီး ဩကာသ ဩကာသ ဩကာသ အစချီကာ ငါးပါးသီလကို သံပြိုင်ရွတ်ဆို ဘုရားကန်တော့ ကြပြီးမှ စာသင်ကြရတာပါ။ အဲဒီမြို့မခေတ် အစဉ်အလာကို အထက(၂) (ဒဂုံ) ခေတ်မှာလည်း ဆက်လက်ကျင့်သုံးခဲ့ကြ တာ မိမိ (၁၀) တန်းအောင်တဲ့အထိ ကြုံခဲ့တာပါ။
ကျောင်းကားစနစ်လည်းရှိ
အဲဒီခေတ်က ကျောင်းမှာ ကျောင်းကားစနစ်လည်း ရှိပါတယ်။ ယောက်ျားလေးကျောင်းရော မိန်းကလေး ကျောင်းပါ နှစ်ကျောင်းပေါင်း ကြိုပေးတာပါ။ ယောကျ်ားလေး တွေကို (၇) တန်းအထိပဲ စီးခွင့်ပေးပါတယ်။ (၈)တန်း ရောက်ရင် စီးခွင့်မရှိတော့ပါဘူး။ မြို့မခေတ်တုန်းက ကျောင်းမှာ နေ့လယ်စာကို တစ်လမှ ခြောက်ကျပ်နဲ့ ကျောင်းက တာဝန်ယူကျွေးပေးတဲ့စနစ်လည်း ရှိခဲ့၊ စားခဲ့ ရဖူးပါတယ်။ ကော်ဖီတစ်ခွက် (ပန်းကန်လုံးအကြီးကြီး) နဲ့ မုန့်တစ်မျိုးမျိုး (အုန်းသီးမုန့်၊ ဘဲသားမုန့်၊ ဆိတ်သားမုန့်) ပုံမှန်ကျွေးပြီး တစ်ပတ်တစ်ခါသောကြာနေ့မှာ အထူးအနေ နဲ့ မုန့်ဟင်းခါး၊ ခေါက်ဆွဲလိုမျိုး ကျွေးသေးတာပါ။ နှစ်ကုန်ရင် လက်ဆောင်အနေနဲ့ စာပေဗိမာန်ကထုတ်တဲ့ စာအုပ်လေးတွေအပြင် ရောင်စုံခဲတံဘူးတွေ၊ ဘောပင်၊ ခဲဖျက်၊ ပေတံလှလှလေးတွေ ပေးသေးတာ။
(၇)တန်း၊ (၈)တန်းအချိန်တွေမှာ အမှတ်ထင်ထင် ဖြစ်နေမိတာကတော့ ကျောင်းပေါင်းစုံ ဘောလုံးပွဲတွေပါ။ အခု ကလေးဆေးရုံကြီး ပြင်ပလူနာဌာနနေရာက အဲဒီ အချိန်က ပြည်တော်သာ ဘောလုံးကွင်းပါ။ မိမိတို့ ဒဂုံ-၂ (ယခင် မြို့မ) ရဲ့ ပြိုင်ဘက်တွေက လမ်းမတော်-၁ (ယခင် စိန်ဂျွန်း)၊ လသာ-၁ (ယခင် စင်ထရယ်)နဲ့ ဗိုလ်တထောင်-၆ (ယခင် စိန်ပေါ) တို့ပါပဲ။ တစ်ခါတလေ ဘောလုံးပွဲအပြီး ရန်ပွဲတွေဆက်ရင် ပြည်တော်သာကွင်းနားက မြို့ပတ် ဘူတာရုံကနေ စီးလာလိုက်တဲ့ ကျောင်းသားတွေရဲ့ ရန်ပွဲ ဟာ စိန်ဂျွန်းဘူတာ၊ လမ်းမတော်ဘူတာ၊ ဘုရားလမ်း ဘူတာ၊ စိန်ပေါဘူတာအထိ ဆက်တတ်တာမို့ ဆရာတွေ အလုပ်များကြရပါတယ်။
အမျိုးသားရေးနဲ့ ဘာသာရေး
မိမိအနေနဲ့ တတိယတန်းမှာ မျိုးချစ်စိတ်ပြင်းထန်ကာ သားတွေရဲ့ နာမည်ကို ပေါ်ထွန်း၊ ဘမော်၊ ဇော်ဝင်းဆိုပြီး အဲဒီခေတ် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နာမည်တွေ ပေးခဲ့တဲ့ ဆရာမ ဒေါ်ချစ်ညွန့်၊ စတုတ္ထတန်းမှာ ပန်းချီလည်း အသင်ကောင်း၊ ပုံတိုပတ်စလည်းပြောလေ့ရှိတဲ့ ဆရာကြီး ဦးလှ၊ ပဉ္စမတန်းမှာ အဲဒီခေတ် မင်းသမီးချော ခင်ယုမေ ထက် ပိုလှတယ်လို့ တပည့်တွေပြောကြတဲ့ တီချယ် ဒေါ်ခင်သောင်းရီ ၊ ဆဋ္ဌမတန်းမှာ စာသင်ကောင်းသလောက် မျက်နှာလည်းတည် စည်းကမ်းလည်းကြီးတဲ့ ဆရာမ ဒေါ်ရင်မေ၊ သတ္တမတန်းမှာ မြန်မာစာပေ၊ အမျိုးသားရေးနဲ့ ဘာသာရေးကို အထူးအလေးပေး သင်ကြားလေ့ရှိတဲ့ ဆရာကြီးဦးဖေ၊ အဋ္ဌမတန်းမှာ ကိုယ်တိုင်က တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်မို့ တပည့်တွေကို မျိုးချစ် စိတ်ဓာတ်ရှိအောင် အခါမလပ် လမ်းညွှန်ဆုံးမလေ့ရှိတဲ့ ဆရာကြီးဦးဘသွယ်စတဲ့ ကျေးဇူးရှင်ဆရာကြီး ဆရာမကြီး တွေရဲ့ အတန်းတွေမှာ အသိပညာ၊ အတတ်ပညာတွေ သာမက ဘဝတစ်သက်တာ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေ လေ့လာဆည်းပူးခွင့်ရခဲ့ပါတယ်။ အဲဒီနောက် မြို့မခေတ် ဆရာကြီး ဆရာမကြီးတွေ အတော်များများ အငြိမ်းစားယူခဲ့ ကြသလို ဘီအေအီးဒီ၊ ဘီအီးဒီ ဆင်း ဆရာဆရာမ အများကြီး အထက(၂) ဒဂုံကို ပြုစုပျိုးထောင်ခဲ့ကြပါတော့ တယ်။
(၉) တန်း အတန်းပိုင်က ဆရာမ ဒေါ်နုနု၊ (၁၀) တန်း မှာ အသက်မပြည့်လို့ နှစ်နှစ်နေလိုက်ရတော့ ပထမနှစ်က တီချယ် ဒေါ်ညွန့်ညွန့်ဆိုင် နောက်နှစ်က တီချယ် ဒေါ်အေးချိုပါ (နှစ်ယောက်လုံးက အင်္ဂလိပ်စာ သင်ကြ တာပါ)။ မြန်မာစာဒေါ်ခင်ဆွေနဲ့ ဒေါ်မြသွင်၊ သင်္ချာ ဦးသန်းဦး၊ အက္ခရာသင်္ချာ ဒေါ်ခင်သန်းဌေး၊ ဓာတုဗေဒ ဦးမြင့်သိန်း၊ ရူပဗေဒ ဦးခင်မောင်ညွန့်၊ ဇီဝဗေဒ ဒေါ်စံနုနဲ့ ဒေါ်ခင်သက်ကြည်ကြည်တို့နဲ့ သင်ကြားခဲ့ကြရပါတယ်၊၊ ဒီလိုနဲ့ပဲ (၁၀) တန်းကို မြန်မာစာ၊ သင်္ချာ၊ ဓာတု၊ ရူပ လေးဘာသာဂုဏ်ထူးနဲ့ အောင်ခဲ့ပါတယ်။
မျိုးဆက် အဆက်ဆက်နဲ့ ကျင်းပခဲ့
အမှန်တော့ ဒီမြို့မရာပြည့်ပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့ လုပ်နေကြတာကြာနေပါပြီ။ မနှစ်က ၂၀၁၉ ခုနှစ်မှာ ရာပြည့်အကြိုပွဲကို တခမ်းတနား မျိုးဆက် အဆက်ဆက်နဲ့ ကျင်းပခဲ့ကြပါသေးတယ်။ ရာပြည့်အကြို မဂ္ဂဇင်းကို ထုတ်ခဲ့လို့ မိမိလည်း အမိမြို့မကျောင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါသေးတယ်။ ရာပြည့်ပွဲ ထည်ထည်ဝါဝါ ခမ်းခမ်းနားနား ကျင်းပဖို့ ကော်မတီပေါင်းစုံကို ခေတ်အဆက်ဆက် မြို့မသားသမီးတွေနဲ့ ဖွဲ့စည်းခဲ့ကြပေမယ့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ကျန်ရာပြည့်ပွဲတွေလိုပဲ ကျင်းပနေကြရပါတယ်။ “မြို့မ အမျိုးသားကျောင်း၊ ရာပြည့်သဘင် မဂ္ဂဇင်း” ကိုလည်း အမှတ်တရသိမ်းဆည်း ထားနိုင်အောင် အမျိုးသားစာပေဆုရှင်တွေဖြစ်တဲ့ “မစန္ဒာ” က အယ်ဒီတာချုပ်၊ ဆရာမောင်မိုးယံ၊ ဆရာ ဆောင်းဝင်းလတ်၊ ဆရာစလင်းဘုန်းကျော်တို့ အပါအဝင် အယ်ဒီတာအဖွဲ့ဖွဲ့ပြီး လှပတဲ့ ပန်းချီကားချပ်ကြီးတစ်ခု အဖြစ် ခြယ်မှုန်းခဲ့ကြပါတယ်။
အခက်အခဲအမျိုးမျိုး ကြားထဲကပဲ ခေတ်အဆက်ဆက် အသိ၊ အတတ်၊ စာပေပညာရှင်တွေဆီက ရသလောက် စာမူတွေ၊ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ထုတ်ဝေခဲ့ကြတဲ့ မဂ္ဂဇင်းကော်မတီနဲ့ အယ်ဒီတာအဖွဲ့က ရာနှုန်းပြည့် စိတ်တိုင်းကျ မလုပ်နိုင်ခဲ့တာကို တောင်းပန် ထားကြပေမယ့် အထူးကျေးဇူးတင် ဂုဏ်ပြုထိုက်ပါတယ်။
အထူးသဖြင့် မြို့မဂုဏ်ဆောင်ပုဂ္ဂိုလ်များကဏ္ဍ အတွက် လူတွေသိပ်မသိကြ၊ သတိမထားမိကြတဲ့ ဆေးလောကရဲ့ ထူးချွန်ထင်ရှား ဆေးပညာရှင်များ အတွက် သက်ရှိထင်ရှားရှိနေသေးတဲ့ သက်ကြီး ဆေးပညာရှင်ကြီးတချို့ကို လူကိုယ်တိုင်တွေ့ပြီး အင်တာဗျူးလုပ်၊ ဓာတ်ပုံမှတ်တမ်းပါ လုပ်ကြဖို့ မိမိနဲ့ မြို့မဟောင်းတစ်ယောက်ဖြစ်တဲ့ ပါမောက္ခ ဦးခင်မောင်ချို (ဒဿနဗေဒ၊ တာဝန်ခံပါမောက္ခချုပ် ဟင်္သာတ တက္ကသိုလ်) တို့ ၂၀၂၀ နှစ်စကတည်းက ကြံစည်စီစဉ်ခဲ့ကြ သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် မလုပ်နိုင်ခဲ့ဘဲ အမှတ်တရဆောင်းပါးတစ်ခုပဲ အချိန်မီ ပို့ပေးနိုင်ခဲ့ပါတယ်။
ထူးချွန်ထင်ရှားခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ
အဲဒီလို ထူးချွန်ထင်ရှားခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ ထဲက မိမိလက်လှမ်းမီတဲ့ ငါးဦးက - (၁) (၇-၁-၂၀၂၀) တွင် ကွယ်လွန်သွားရှာတဲ့ ပါမောက္ခဆရာကြီး ဦးအောင်သန်းဘတူ (၉၀ နှစ်) အငြိမ်းစား ညွှန်ကြားရေး မှူးချုပ်နှင့် ဂုဏ်ထူးဆောင် သုတေသနပညာရှင်ကြီး ဆေးသုတေသနဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး၊ WHO -SEARO၊ (၂၀၁၉) ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ပညာရေးဝန်ကြီးဌာန၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး (Best Teacher Award) ဆုရှင်နှင့် သက်ရှိထင်ရှား ရှိနေကြသေးတဲ့ (၂) ဒေါက်တာရီရီလှ (ယုဝတီခင်ဦး) (၉၁) နှစ် အငြိမ်းစားကလေးအထူးကု ဆရာဝန်မကြီး၊ (၃) ပါမောက္ခ ဦးမောင်မောင်စိန်(၉၀)နှစ် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ခွဲစိတ်ကုဆရာဝန်ကြီး အီဒင်ဘာရာ တော်ဝင်ခွဲစိတ်ကောလိပ်၏ ဂုဏ်ထူးဆောင် ရုပ်တုနှင့် ဂုဏ်ပြုတံဆိပ်ရှင်၊ (၄) ဒေါက်တာဦးကြည်လင် (၈၉) နှစ် အငြိမ်းစား ဓာတ်မှန်ပါရဂူဆရာဝန်ကြီးနဲ့ (၅) ဗိုလ်မှူးကြီး (ငြိမ်း) သန်းဇင် (၈၈) နှစ် (ကျောင်းသားဘဝ အမည် ကိုကိုကြီး) အငြိမ်းစား ဒုတိယဝန်ကြီး(ကျန်းမာရေး/ စက်မှု) နှင့် အရိုးရောဂါအထူးကုပါရဂူတို့တွေပါ။
ဒါ့အပြင် တချို့လည်းမရှိကြတော့သလို တချို့လည်း နိုင်ငံရပ်ခြားရောက်နေကြတဲ့ ကျောင်းကျန်းမာရေး ဆရာဝန် မကြီး ဒေါက်တာဒေါ်မမရီ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး(ငြိမ်း) လှဘူး၊ အငြိမ်းစား သားဖွားမီးယပ်ပါရဂူ ပါမောက္ခဒေါ်မေသွင်၊ စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးခင်မောင်လတ်၊ အငြိမ်းစား မြန်မာ့လေကြောင်း ဆေးမှူးချုပ် ဒေါက်တာဦးမြင့်သိန်း၊ မြန်မာ့ဆိပ်ကမ်းဆရာဝန်ကြီး ဒေါက်တာဦးမျိုးအောင် ကျော်လွင်၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဒန်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာဦးခင်မောင်လေးတို့တွေဟာလည်း Old Myoma တွေဖြစ်ကြပြီး မိမိ မကြား၊ မသိမိလိုက်တဲ့ ဆေးပညာရှင်တွေ ရှိနေနိုင်ပါသေးတယ်။
ဆေးလောက ဂုဏ်ဆောင်ခဲ့
မိမိတို့ ဒီဘက်ခေတ်မှာလည်း မိမိထက်နှစ်တန်း သုံးတန်းကြီးတဲ့ အတန်းတွေက ဆေးလောက ဂုဏ်ဆောင် ခဲ့ကြတဲ့ Old Myoma တွေထဲမှာ ဒေါက်တာဦးစိုးတင့် (ငှက်ဖျားနှင့် ကူးစက်ရောဂါပါရဂူ)၊ ပါမောက္ခဦးသက်နိုင် (ဓာတ်မှန်ပါရဂူ)၊ ပါမောက္ခဦးအောင်ကြီး (အငြိမ်းစား ဒုပါမောက္ခချုပ် ဆေးတက္ကသိုလ်-၂ နှင့် ရောဂါဗေဒပါရဂူ) (စာရေးဆရာ အောင်၊ ဆေး-၁)တို့ ရှိနေကြပါတယ်။ အခု မော်ဒယ်လ်လုပ်ရင်း ကျန်းမာရေးပညာပေး ရိုက်ကူးမှုတွေ လုပ်သလို နိုင်ငံတော်အဆင့်ပွဲလမ်းသဘင်တွေမှာ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာစကားပြောပြီး အခမ်းအနားမှူးအဖြစ် ပီပြင်ကျင်လည်စွာလုပ်လေ့ရှိတဲ့ သမီးဒေါက်တာအေးချမ်းမိုး ဟာလည်း မြို့မထွက်သမီးတစ်ယောက်ပါ။
နှစ်ဘဝကို ဖြတ်သန်းခဲ့
မိမိက ငယ်ငယ်ကလေးဘဝကတည်းက ကြီးလာရင် ဘာလုပ်မလဲဆို ဆရာဝန်လုပ်ပြီး ဆေးကုမယ်၊ ဆရာလုပ်ပြီး စာသင်မယ်လို့ ဖြေလေ့ရှိပါတယ်။ အဲဒီအရွယ်က အဲဒီလို လုပ်လို့ရမှန်း သိလို့မဟုတ်ပါဘူး။ တကယ်ဖြစ်ချင်တာ၊ လုပ်ချင်တာကို ကလေးသဘာဝပြောခဲ့တာပါ။ မြို့မ ဆရာ ဆရာမတွေရဲ့ သင်ကြားပြသလမ်းညွှန်မှုကြောင့်ပဲ ဆေးတက္ကသိုလ်ကို စကောလားရှစ်ပညာသင်ဆုနဲ့ တက်ခဲ့ရပြီး နိုင်ငံ့ဝန်ထမ်းစဖြစ်စဉ်ကတည်းက အငြိမ်းစား ယူပြီး အခုအချိန်အထိ ဆေးကုတဲ့ ဆရာဝန်၊ စာသင်တဲ့ ကျောင်းဆရာ နှစ်ဘဝကို ဖြတ်သန်းခဲ့ပါတယ်။
ဆေးတက္ကသိုလ် (၂) မှာ သရုပ်ပြဆရာဝန်ရာထူးနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းဆေးတက္ကသိုလ် (၁)ရန်ကုန် ဆေးပညာဌာနမှာ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ နောက်ဆုံးဌာနမှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဌာနမှူးတာဝန်ယူချိန် ယူကေ တော်ဝင်သမားတော် ကောလိပ်များရဲ့ ဌာနေကိုယ်စားလှယ်အဖြစ် မိမိတို့နိုင်ငံမှာ ယခင်က ယူကေအထိသွားခဲ့ကြရတဲ့ အမ်အာရ်စီပီ စာမေးပွဲ အဆင့်အားလုံးကို မြန်မာနိုင်ငံအတွင်းမှာပင် အဆင့် မြင့်မြင့် စစ်ဆေးနိုင်အောင်ဆောင်ရွက်ပြီး နိုင်ငံတော် အတွက် MRCP ၇၀၀ ကျော် FRCP ၁၀၀ ကျော် မွေးထုတ် ပေးနိုင်ခဲ့လို့ ယူကေ တော်ဝင်သမားတော် ကောလိပ်များ အဖွဲ့ချုပ်ရဲ့ ကမ္ဘာမှာ ပထမဆုံးချီးမြှင့်တဲ့ ဂုဏ်ပြုဆု (Champion Award) ကိုရော အီဒင်ဘာရာတော်ဝင် သမားတော်ကောလိပ်ရဲ့ ဂုဏ်ပြုတံဆိပ် (College Medal) ကိုပါ ရရှိခဲ့လို့ အမိမြို့မ၊ အမိဆေးတက္ကသိုလ်(၁) နဲ့ အမိမြန်မာပြည်ကိုယ်စား ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်။
ဆရာကြီးဦးအောင်သန်းဘတူလိုပဲ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ပညာရေးဝန်ကြီးဌာန၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး (Best Teacher Award) ဆုကိုရရှိခဲ့သလို ဆေးကုတဲ့ဆရာဝန်၊ စာသင်တဲ့ ဆရာ နှစ်ဘဝရဲ့ အတွေ့အကြုံတွေကိုအသုံးချပြီး သုတ၊ ရသ စာအုပ်ငါးအုပ် ရေးသားထုတ်ဝေခဲ့ရာ ဆရာဝန်တင်ရွှေ စာပေဆု( ၂၀၀၉ )၊ ထွန်းဖောင်ဒေးရှင်းစာပေဆု(၂၀၁၂) နဲ့ သုတစွယ်စုံစာပေဆု (၂၀၁၆)တို့ ချီးမြှင့်ခံခဲ့ရတာဟာ မြို့မရဲ့ ဆရာ ဆရာမကြီးတွေ ပျိုးထောင်ပေးခဲ့တဲ့ မြန်မာစာအခြေခံနဲ့ ပတ်ဝန်းကျင် လေ့လာမှုတွေရဲ့ ပံ့ပိုးမှုတွေကြောင့်ပါ။
မြို့မစိတ်ဓာတ်တွေ
မိမိအနေနဲ့ နိုင်ငံ့တာတာဝန်ကို အသက်(၆၀) ကျော်သက်ပြည့်ပင်စင်ယူသည်အထိ အပြစ်အနာအဆာ မရှိ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်မှာ ဆေးတက္ကသိုလ်(၁)ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ (Emeritus Professor) အနေနဲ့ရော ဆေးတက္ကသိုလ်(၁) ကျောင်းသား ကျောင်းသူဟောင်းများ အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်နေတာဟာ မူလတန်း အဆင့်မှာကတည်းက အမိမြို့မကျောင်းက အသည်းထဲ စွဲနေအောင်ထည့်ပေးခဲ့တဲ့ မြို့မစိတ်ဓာတ်တွေဖြစ်တဲ့ မျိုးချစ်စိတ်၊ တာဝန်ယူမှု တာဝန်ခံမှုစိတ်၊ အများအတွက် အမြဲဦးစားပေး စဉ်းစားလုပ်ကိုင်စေတဲ့ ပရဟိတစိတ်၊ ဘာသာတရားကိုင်းရှိုင်းပြီး သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံးကို ကိုယ့်မိဘအရင်းလို တစ်သက်လုံး သဘောထားကာ လေးစားရိုသေ ကိုင်းရှိုင်းတဲ့စိတ်၊ အမှားနဲ့အမှန်ကို သေသေချာချာခွဲခြမ်းစိတ်ဖြာတတ်ပြီး အမှန်ကို ရဲရဲဝံ့ဝံ့ပြောဆို၊ အမှန်ဘက်က ရပ်တည်ရဲတဲ့စိတ်၊ အဲဒီ မြို့မစိတ်ဓာတ်တွေကြောင့် နိုင်ငံတော်အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို ဆက်လက်ထမ်းဆောင်နေတဲ့ မြို့မသားကောင်းအဖြစ် ဂုဏ်ယူနေဆဲပါ။
မြို့မဖခင်ကြီး ဆရာကြီးဦးဘလွင်နဲ့ ကျေးဇူးရှင် မြို့မဆရာကြီး ဆရာမကြီးများအားလုံးကို လက်ဆယ်ဖြာ ထိပ်မှာမိုးကာ ရှိခိုးဦးခိုက်လျက် . . .။ ။
- Log in to post comments