နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလ ရောက်ခဲ့ ပြန်ပြီဖြစ်သည်။ နက္ခတ္တဗေဒအလိုအရ တနင်္ဂနွေဂြိုဟ်မင်း(နေ) သည် မိန်ရာသီ(တပေါင်းလ)၏ အဆုံးမှ မိဿရာသီ(တန်ခူးလ) ၏ အစသို့ ကူးပြောင်းချိန်ကျရောက်ခြင်းဖြစ်ပြီး သင်္ကြန်ကျသည် ဟု ဆိုသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတဘာသာမှ ပြောင်းလဲလာခြင်းဖြစ်သည်ဟူ၍ လည်း ကောင်း၊ “သင်္ကန္တ”ဟူသော ပါဠိဘာသာမှ ပြောင်းလဲလာခြင်း ဖြစ်သည်ဟူ၍လည်းကောင်း ယူဆကြပြီး အနက်အဓိပ္ပာယ် အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” သာလျှင် ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်း ခြင်းပင်ဖြစ်သည်။
စင်စစ်အားဖြင့် နေ၊ လ၊ နက္ခတ်တာရာတို့သာလျှင်မဟုတ် သဘာဝတရားကြီးအတွင်းမှ ရှိရှိသမျှအားလုံးတို့လည်း အတည် မရှိ၊ ကူးနေ၊ ပြောင်းနေကြခြင်းသာ ဖြစ်သည်။ အနန္တစကြဝဠာ ကြီးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသော အခိုက်အတန့်ကလေး တွင်သာ ရှင်သန်ဖြစ်တည်ခွင့်ရသည့် လူသားတို့အနေဖြင့် တည်မြဲမှုမရှိသည့် သဘာဝဓမ္မ၏သဘောကို မိမိတို့၏ ခန္ဓာကိုယ် ထဲတွင်သာ သတိဖြင့် စူးစိုက်ရှာဖွေကြရန် ဗုဒ္ဓကလမ်းညွှန်ထား သည်။ သို့ရာတွင် လူသားသည် စက္ကန့်မလပ် တရစပ်ပြောင်းလဲ နေသည့် မိမိကိုယ်ကိုမေ့လျော့ကာ အပြင်အပမှ အပြောင်း အလဲတို့နောက်သို့သာ တစိုက်စိုက်လိုက်နေကြမြဲ။ အကယ်၍သာ ဆယ်စုနှစ်အနည်းငယ်မျှသာ ရှင်သန်ခွင့်ရသည့် လူ့ဘဝခဏတာ ကို တန်ဖိုးထားကြမည်ဆိုလျှင် လောကတ္ထစရိယ ခေါ် လူသား လောကကြီးတစ်ခုလုံး၏ အကျိုးနှင့် ဉာတတ္ထစရိယ ခေါ် မိမိ နိုင်ငံ၊ မိမိလူမျိုး၏အကျိုးကို သယ်ပိုးခြင်း၊ ဗုဒ္ဓတ္ထစရိယ ခေါ် မိမိကိုယ်ကို ဖြည့်ကျင့်ခြင်းအားဖြင့် ပြည့်ဝသည့်လူသားအဖြစ် ကြိုးပမ်းရှင်သန်နိုင်ကြရန်လိုသည်။
အပူရှိန်ပြင်းသည့် နွေကာလတွင် ပြက္ခဒိန်နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းသလို သစ်ပင်ကြီးငယ်တို့တွင်လည်း ရွက်ဟောင်းကြွေကာ ရွက်သစ်တို့ဝေကြသည်။ လောကီလူသား တို့အနေဖြင့်လည်း လာမည့်နှစ်သစ်သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံစေရန် ရည်စူးစိတ်သန်ကြသည်၊၊ ကံကြမ္မာ အဆိုးအညံ့များ ပါရှိမလာစေရန်လည်း နှစ်ကူးကာလတွင် အဓိဋ္ဌာန်ကြသည်၊၊ သင်္ကြန်ကာလအတွင်း ခေါင်းလျှော်ခေါင်းဆေး ခြင်း၊ ရေပက်ရေဖျန်းကစားခြင်းတို့က အဆိုးများကင်းပျောက် ၍ ကောင်းခြင်းမင်္ဂလာတို့ ရောက်လာစေရန် ရည်သန်၍ ဆေးကြောခြင်းသဘောဖြစ်သည်။ နှစ်ကူးချိန်ခါ မင်္ဂလာအခါ သမယတွင် တစ်ဦးနှင့်တစ်ဦး ကြည်နူးစွာ ရေပက်ကစားကြရာ တွင် ရေ၏ အေးမြကြည်လင်သော သဘောကဲ့သို့ပင် အများ ပြည်သူတို့၏ နှလုံးစိတ်ဝမ်း ကြည်လင်အေးမြငြိမ်းချမ်းစေလို ခြင်း၊ ရေ၏ အညစ်အကြေးကို ဆေးကြောနိုင်သည့်သဘော ကဲ့သို့ပင် နှစ်ဟောင်းမှ မကောင်းမှုအညစ်အကြေးများကို ဆေးကြောသန့်စင်စေလိုခြင်း၊ ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်းသောသဘောရှိသည့်အလျောက် လူတစ်ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင် ဆက်ဆံစေလိုခြင်းဟူသော ကောင်းသည့်စေတနာဆန္ဒတို့ကို နှလုံးသွင်းထားကြရန်လည်းဖြစ်သည်။ ရေပက်ကြရာတွင်လည်း အေးမြသန့်စင်ကြည်လင်သောရေ၊ အမွှေးနံ့သာရည်တို့ ရောစွက် သောရေတို့ဖြင့် ယဉ်ကျေးစွာ ပက်ဖျန်းကြရမြဲဖြစ်သည်။
မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်တို့တွင် သင်္ကြန်သည် အဦးဆုံးဖြစ်သလို အစည်ကားဆုံးလည်းဖြစ်သည်။ နှစ်ကူး ချိန်ခါကို ကောင်းမှုကုသိုလ်တို့ပြု၍ ဖြတ်သန်းကြရာတွင် ဥပုသ်သီတင်းဆောက်တည်ခြင်း၊ တရားဘာဝနာ စီးဖြန်းခြင်း၊ တရားတော်များနာကြားခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ဘုရားရုပ်ပွားတော်များ၊ စေတီပုထိုး ကျောင်းကန် ဇရပ်များ ရေသပ္ပာယ်ခြင်း၊ သန့်ရှင်းခြင်း၊ ဘိုးဘွားမိဘ ဆရာ သမားတို့အား ပူဇော်ကန်တော့ခြင်း၊ သက်ကြီးဘိုးဘွားများအား ခေါင်းလျှော်၊ ရေချိုး၊ သန့်စင်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲ များ ကျင်းပခြင်းတို့ဖြင့် ပျော်ရွှင်မှုကို ကုသိုလ်ကောင်းမှုနှင့်အတူ ပြုကြသည်။ ရာစုနှစ်များနှင့်ချီကာ တည်တံ့လာခဲ့သည့် ရိုးရာ ယဉ်ကျေးမှုအမွေကို မျက်မှောက်မျိုးဆက်တို့က ယဉ်ကျေး သိမ်မွေ့စွာ လက်ဆင့်ကမ်းဆောင်ယူနိုင်ကြပါစေကြောင်းနှင့် လာမည့်တစ်နှစ်တာနှင့် အနာဂတ်ကာလတစ်လျှောက်လုံး တွင် အမိမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာစည်ပင်ဝပြော ပါစေကြောင်း။ ။