နေ့အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များသတိပြု

 

နွေကာလသို့ ကူးပြောင်းရောက်ရှိလာသည်နှင့်အမျှ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေသည့် အပူချိန်များကြောင့် ဖြစ်ပေါ်လာ နိုင်သည့်   မိုးလေဝသဖြစ်စဉ်များကို  သတိပြုကြရန်လိုသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် မတ်လ၊ ဧပြီလနှင့် မေလတို့အတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ  အပူပျံတက် တိမ်များဖြစ်ထွန်း၍    မွန်းလွဲ/ညနေပိုင်းတို့တွင်  မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး  အဆိုပါ  မိုးတိမ်တောင်များ  ရွေ့လျားရာ  နေရာ တစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း နှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန က သတိပေးထုတ်ပြန်ထားသည်။ အချိန်တိုအတွင်း ဖြစ်ပေါ်လာ နိုင်သော အဆိုပါ မိုးလေဝသဖြစ်စဉ်များကြောင့် ကျေးလက် ဒေသများတွင် နေထိုင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်သူများ၊ ပြည်တွင်းရေကြောင်း၊ လေကြောင်းသွားလာမှု များတွင် ဘေးအန္တရာယ်ကျရောက်နိုင်သည်ကို သတိရှိကြရမည် ဖြစ်သည်။


နွေကာလ နေအပူရှိန်ကြောင့် နေ့ဘက်တွင် အပူချိန်များ မြင့်တက်လာရာတွင် ပူနွေးသည့်လေများက အထက်သို့ ပျံတက် ပြီး ငွေ့ရည်ဖွဲ့ကာ မိုးတိမ်တောင်များ ဖြစ်ပေါ်လာသည်။ မိုးတိမ် တောင်များ အားကောင်းလာပါက မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ် လာနိုင်သည်။ မိုးကြိုးတိမ်တိုက်များကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မိုးရွာခြင်းတို့ကို ဖြစ်စေနိုင်သည်။ မိုးတိမ်တောင် များသည် တစ်နေကုန် နေပူပြီးနောက် မွန်းလွဲပိုင်းနှင့် ညနေပိုင်း တို့တွင်သာ အဖြစ်များခြင်းကြောင့် ယင်းအချိန်တွင် လေပြင်းတိုက်  ခတ်မှု၊ မိုးကြိုးပစ်မှုနှင့် မိုးရွာသွန်းမှုတို့ကို သတိပြုကြရမည်ဖြစ် သည်။ မိုးတိမ်တောင်များကြောင့် ဖြစ်ပေါ်လာသည့် လေပြင်း တိုက်ခတ်မှုသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ် နိုင်သည့်အတွက် အိမ်ခေါင်မိုးများ လွင့်ပါနိုင်သကဲ့သို့ လေကြောင်း ကျရာအရပ်ရှိ ခိုင်ခံ့မှုအားနည်းသည့် အိမ်ငယ်များ ပြိုပျက်နိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်သည်။


မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် လေပြင်း များ တိုက်ခတ်ခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ရာ နှစ်စဉ် မိုးကြိုးအန္တရာယ် ကြောင့် လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ သေကျေဒဏ်ရာရရှိမှုတို့ ဖြစ်ပေါ်ခဲ့သည်ကို သတိပြုကြရန်လိုသည်။ မိုးကြိုးပစ်ခြင်းသည် တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြား၊ မိုးတိမ်နှင့် မြေပြင်တို့အကြား တွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ မိုးတိမ်တောင်များ ရွေ့လျားရာတွင် တိမ်တိုက်၏အောက်ခြေ၌ လျှပ်စစ်အမဓာတ်များ ဖြစ်ပေါ်နေပြီး မြေပြင်၌လည်း လျှပ်စစ်အဖိုဓာတ်များ တစ်ပြိုင်တည်း စုဝေးဖြစ် ပေါ်လာကာ လိုက်ပါရွေ့လျားရင်း အပြန်အလှန် ဆွဲဆောင်ကြရာမှ နီးကပ်စွာစုဝေးမိချိန်တွင်  မိုးကြိုးပစ်ခြင်း  ဖြစ်ပေါ်လာသည်။ ကွင်းပြင်များ၊ သောင်ပြင်များတွင်   ရှိနေသည့်  လူ၊  ကျွဲ၊ နွား တိရစ္ဆာန်များ၊ သစ်ပင်၊ လယ်တဲ စသည်တို့ကို  မိုးကြိုးပစ်ခံရခြင်း မှာ ပတ်ဝန်းကျင်ထက် ပိုမို၍ မြင့်သည့်နေရာများတွင် လျှပ်စစ် ဓာတ်မနှင့်ဓာတ်ဖိုတို့    စုဝေးပေါင်းဆုံကြခြင်းကြောင့်ဖြစ်ရာ မိုးတိမ်တောင်များ ရွေ့လျားလာပါက လယ်ကွင်းများ၊ လွင်ပြင် များတွင်    ရှိမနေသင့်ဘဲ   လုံခြုံရာနေရာ၌   ခိုလှုံနေကြရမည် ဖြစ်သည်။


ကမ္ဘာကြီးပူ‌နွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် မိုးလေဝသဖြစ်စဉ်တို့မှာလည်း ပြောင်းလဲလာသည်။ သဘာဝ ဘေးအန္တရာယ်များ   ဖြစ်ပေါ်မှု  ပိုမိုများပြားလာခြင်း၊  အဖျက် စွမ်းအား  ကြီးမားပြင်းထန်လာခြင်းတို့ကြောင့်  အချိန်နှင့်အမျှ ပြောင်းလဲနေသည့် မိုးလေဝသအခြေအနေများကို မျက်ခြည် မပြတ်သိရှိနေရန်၊ သတိပေးထုတ်လွှင့်မှုများကို နားလည်နေရန် နှင့် မိမိတို့အပေါ် အချိန်အခါအလိုက် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန် ဘေးအန္တရာယ် လျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် သတိဝီရိယ၊ ဉာဏ်ပညာ၊ ဗဟုသုတတို့ ပေါင်းစပ်ဆောင်ရွက်ကြ ရပါမည့်အကြောင်း။     ။