နွေလယ်ကာလဖြစ်သည့်အတွက် အချို့ဒေသများတွင် နေ့အပူချိန် များ မြင့်မားလျက်ရှိရာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများ အပူဒဏ်ကြောင့် အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်ရေဓာတ်နှင့် ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် မူးမော် ခြင်း၊ ပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) တို့အထိ ခံစားရနိုင်သည့်အတွက် ဥတုသပ္ပါယ မျှတအောင် နေထိုင်ကြရန်လိုသည်။
နေ့လယ်နေ့ခင်း အပူရှိန်မြင့်မားနေချိန်တွင် အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသည့် နေရာတွင် အနားယူခြင်း၊ ပွပွ ချောင်ချောင် ချည်ထည်အဝတ်အစားများကို ဝတ်ခြင်း၊ ရေကို လုံလောက်အောင်သောက်ခြင်းဖြင့် အပူဒဏ်မှ သက်သာစေမည် ဖြစ်ပြီး အပူချိန်မြင့်မားချိန်တွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခြင်း၊ ပြင်ပ၌သွားလာခြင်း၊ အရက်သေစာသောက်စားခြင်း၊ နေပူထဲတွင် သွားလာပြီး ချက်ချင်းရေချိုးခြင်း စသည့်အပူဒဏ်ကြောင့် အန္တရာယ်ကျနိုင်သည့် အပြုအမူများကို ရှောင်ရှားကြရမည် ဖြစ်သည်။
နွေရာသီတွင် ဂရုပြုရမည့် သဘာဝဘေးအန္တရာယ်တစ်ရပ်မှာ ခရမ်းလွန်ရောင်ခြည် ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်သို့ သင့်တင့်မျှတစွာ ကျရောက်ခြင်း က ဗီတာမင်ဒီကို ရရှိစေသည့်အတွက် သွေးတွင်းကယ်လ်စီယမ် ဓာတ်ကို ကြွယ်ဝစေပြီး အာရုံကြောနှင့် ကြွက်သားကလာပ်စည်း များကို အားကောင်းစေသည်။ ကလေးများတွင် အရိုးပျော့ရောဂါ ကို ကာကွယ်ပေးနိုင်သည့် ကောင်းကျိုးများကို ရရှိစေသည်။ သို့ရာတွင် ခရမ်းလွန်ရောင်ခြည် လွန်ကဲစွာကျရောက်ပါက ကျန်းမာရေးအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အတွက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ တိုင်းတာထုတ်ပြန်ပြီး သတိပေးလေ့ရှိသည်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV Index) များအလိုက် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးသက်ရောက်မှုများမှာ-UV Index 3 နှင့်အောက်တွင် နေပူထဲ၌ အကာအကွယ်မဲ့သွားလာသော်လည်း အန္တရာယ်မရှိ။ UV Index 3 မှ 6 အတွင်း ထီး၊ ဦးထုပ် အကာ အကွယ်ဖြင့် နေရောင်ခြည်ထဲတွင် သွားလာသင့်။ UV Index 6 မှ 9 အထိ အရေပြားနှင့် မျက်စိတို့ကို နေရောင်နှင့် တိုက်ရိုက် မထိတွေ့စေသင့်။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ တပ်ဆင်ပြီးမှ နေရောင်ထဲသို့ သွားလာသင့်ပြီး နေရောင်ဒဏ်ခံလိမ်းဆေးများကို လိမ်းသင့်သည်။ UV Index 10 မှ 11 (+)တွင်မူ နေရောင်နှင့် ထိတွေ့ချိန်ကြာမြင့်ပါက အရေပြားနှင့် မျက်စိကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် အရိပ်ထဲတွင်သာနေသင့်ပြီး မဖြစ်မနေ ပြင်ပထွက်သွားလာရမည်ဆိုပါက ခန္ဓာကိုယ်အရေပြား နှင့် မျက်စိတို့ကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် ကာကွယ်ဝတ်ဆင်ရန်နှင့် နေရောင်ခြည်ဒဏ်ခံလိမ်းဆေးများ လိမ်းရန်တို့ကို ပညာရှင်များက လမ်းညွှန်ထားသည်။ ခရမ်းလွန် ရောင်ခြည်ထိတွေ့မှု ကြာမြင့်လာပါက မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်း ခြင်းနှင့် အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ် နိုင်သည်။
နွေနေ့ခင်းအပူရှိန်မြင့်မားချိန် အပူဒဏ်အန္တရာယ်နှင့် ခရမ်း လွန်ရောင်ခြည်အန္တရာယ်တို့ကို ကလေးများ၊ သက်ကြီးဘိုးဘွား များ၊ အရက်အလွန်အကျွံသောက်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါအခံရှိသူများက ပို၍ထိခိုက်ခံစားနိုင်ကြခြင်းကြောင့် ၎င်း တို့အား ပို၍ဂရုစိုက်ပေးရန်လိုအပ်သည်။ ကျန်းမာရေးအသိ လူတိုင်းတွင်ရှိပြီး ဉာဏ်အမြော်အမြင်ပြည့်ဝစွာဖြင့် ပြုမူ နေထိုင်ခြင်း၊ မိမိတို့၏ မိသားစုကို စောင့်ရှောက်ခြင်းအားဖြင့် ကျန်းမာသော လူမှုဘဝကိုရရှိကာ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ ကြောင်း။ ။