
နေပြည်တော် ဇန်နဝါရီ ၂၄
နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲပြုလုပ်နိုင်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယမန်နှစ်မှစတင်၍ ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့ပါ ကြောင်း၊ ညှိနှိုင်းအစည်းအဝေး လေးကြိမ်တိုင် ပြုလုပ်ခဲ့ရပါကြောင်း၊ အဓိက ဆွေးနွေးခဲ့ရသည်မှာ နေရာရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးတွင် ဝဏ္ဏ သိဒ္ဓိအားကစားကွင်းကို ရွေးချယ်ခဲ့ပါကြောင်း၊ ထို့နောက် အမှတ်ပေးစည်းမျဉ်း အပါအဝင် ကျန်ကိစ္စရပ်များကိုဆွေးနွေးခဲ့ရပြီး ပထမအကြိမ် ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ ကာ ဝန်ထမ်းများလည်း ပျော်ရွှင်ခဲ့ပါကြောင်း၊ ယခုနှစ် ထမနဲထိုးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာပင် ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးဌာနအားလုံး အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများပါ ပါဝင်စေလိုပြီး ပျော်ရွှင်စွာနှင့် အောင်မြင်စွာကျင်းပနိုင်စေရန် ပွင့်လင်းစွာ ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်က ပထမအကြိမ် ဝန်ကြီးဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲကျင်းပခဲ့မှုအခြေအနေများ၊ ယခုနှစ်တွင် ပြုလုပ်မည့် လုပ်ငန်းအစီအမံ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် နေပြည် တော် စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိသူများက ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည် များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆွေးနွေးအကြံပြုချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်