နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 
 
နေပြည်တော် ဇန်နဝါရီ ၁၂
 
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
တက်ရောက်
 
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေးစက်ရုံမှူးများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်တို့၏ လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးသို့ လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက် မပြတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌လည်း အစည်းအဝေးပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သလို ယခုမန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းတွင်လည်း ဌာနအလိုက် ဆောင်ရွက်ထားမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အနာဂတ် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံ ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိထားပြီးဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း လာမည့်နွေရာသီကာလအတွက် လျှပ်စစ်သုံးစွဲမှု တိုးတက်လာသည်ကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်ထုတ်လုပ်မှု ကိုလည်း ၁၁၆၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်၍ သတ်မှတ်ကာလများတွင် အချိန်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
 
ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်
 
ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့အတွက် လိုင်းသန့်ရှင်း ရေးပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများအနေ ဖြင့်လည်း လိုင်းတစ်လိုင်းအပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည် ဓာတ်အားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများသည် ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သည့် အလျောက် မိမိတို့၏လုပ်ဆောင်ချက်များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ပြည်သူလူထုသိရှိအောင် ထိတွေ့ချပြရှင်းလင်းနေရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာ စေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် Customer Services ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မကြာမီကာလတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုချိန်များ၊ စာကျက်ချိန်များ ရောက်ရှိလာမည် ဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပိုင်းတွင် တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် ပြည်သူလူထုသို့ အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
 
ရှင်းလင်းတင်ပြ
 
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူအသီးသီးက ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မည့်အစီအမံများ၊ တိုးတက်သုံးစွဲ လာမည့် ဝန်အားအခြေအနေ၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည့်အစီအမံများ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများက ခရိုင်အတွင်းရှိ မြို့နယ်များ၏ တိုးတက်သုံးစွဲလာနိုင်သည့် ဝန်အားအခြေအနေနှင့် လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများ အားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တဥက္ကဋ္ဌတို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်