
ဆောင်းပါး
=======
ငွေကြေးစုဆောင်း၊ နည်းကောင်းလမ်းပြ၊ ကိုဗစ်-၁၉ ကာလ
===================================
စစ်လွမ်းနောင်(မန်းမြေသား)
ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် လူအများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိပေသည်။ အထူး သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်နေ သည့် အရပ်ဒေသများ၌ ကိုဗစ်-၁၉ ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် နေအိမ်တွင်သာ နေထိုင်ရခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ထားခြင်း၊ စက်ရုံ၊ အလုပ်ရုံ များ ပိတ်ထားရခြင်း စသည့် ကန့်သတ်ထိန်းချုပ်မှုများ ကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းခြင်း၊ ကုန်စည် စီးဆင်းမှုများ နှေးကွေးခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများ အရှိန်အဟုန် တန့်သွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း စသည့် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပေသည်။ အဆိုပါ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စီးပွားရေး အကျပ်အတည်းများကို ဖြေလျှော့ပေးနိုင်ရေးနှင့် အလုံးစုံ ပပျောက်ရေးတို့အတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ ခေါင်းဆောင်များ၊ သက်ဆိုင်ရာပညာရှင်များက နည်းလမ်း မျိုးစုံဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။
မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်းအရ လေ့လာတွေ့ရှိချက်
ကိုဗစ်-၁၉ ကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဇွန်လ တွင် The Asia Foundation ၏ လေ့လာဆန်းစစ်ချက် စစ်တမ်းပါ မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း(MBEI 2020)အရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၇၅၀ အနက် ၂၉ ရာခိုင်နှုန်းမှာ လုံးဝပိတ်သိမ်းထားကြောင်း၊ စီးပွားရေးလုပ်ငန်း ၇၆ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ် မှုလျော့ကျလာကြောင်း၊ စီးပွားရေးလုပ်ငန်း ၇၄ ရာခိုင်နှုန်း သည် ရောင်းအား ထက်ဝက်ခန့် သို့မဟုတ် ထက်ဝက် ထက်ပို၍ ကျဆင်းလာကြောင်း၊ စီးပွားရေးလုပ်ငန်း ၅၂ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်မီက ထက် ဆုံးရှုံးမှု ၁၂ ရာခိုင်နှုန်း ရှိသည့်အတွက် အမြတ် အစွန်းရရှိမှု နည်းပါးလာကြောင်း၊ စီးပွားရေးလုပ်ငန်းများ ၏ သုံးပုံနှစ်ပုံခန့်သည် ငွေသားစီးဆင်းမှုပြဿနာကို ရင်ဆိုင်ရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်း ထက်ဝက်ခန့် သည် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလ အတွင်း ဆက်လက်ရပ်တည်ရန် အခက်အခဲ (စီးပွား ပျက်မည့်အန္တရာယ်)များ ရှိလာနိုင်ကြောင်း၊ စီးပွားရေး လုပ်ငန်းများက ၎င်းတို့၏ လုပ်သား ၁၈ ရာခိုင်နှုန်းခန့်ကို လျှော့ချခဲ့ရကြောင်း လေ့လာတွေ့ရှိရပေသည်။
နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှု
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း ပြည်သူလူထုအများစု ရင်ဆိုင် နေရသည့် စီးပွားရေးအကျပ်အတည်းများကို ဖြေလျှော့ ပေးနိုင်ရေးအတွက် ပုံမှန်ဝင်ငွေမရရှိသည့် လက်လုပ် လက်စားပြည်သူများကို ငွေကြေးများ ထောက်ပံ့ပေးခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ အရေးပေါ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ ကုန်သွယ် လုပ်ငန်းခွန်များကို ဆိုင်းငံ့ပေးထားခြင်း၊ သုံးလတစ်ကြိမ် ဝင်ငွေခွန်ပေးဆောင်မှုကို ဆိုင်းငံ့ပေးထားခြင်း၊ ပို့ကုန် အပေါ်နှစ်ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရခြင်း မှ ကင်းလွတ်ခွင့်ပြုခဲ့ခြင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းမှ ချေးငွေများ ပြန်လည်ပေးဆပ်ခြင်းကို ဆိုင်းငံ့ ပေးထားခြင်း စသဖြင့်ပံ့ပိုး ကူညီဆောင်ရွက်ပေးထားကြောင်း လေ့လာတွေ့ရှိရပါသည်။
ပြည်သူတစ်ဦးချင်းကလည်း စီးပွားရေးဆိုင်ရာ ဗဟုသုတများရှိရန်လိုအပ်
ပြည်သူများအနေဖြင့်လည်း ယခုလို ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးအကျပ်အတည်းများ၊ စိန်ခေါ်မှု များနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုများကိုပဲ အားကိုးမနေသင့်ဘဲ မိမိတို့ တစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လုပ်ငန်းတစ်ခုချင်းအလိုက် ငွေကြေး ဆိုင်ရာကိစ္စရပ်များ အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင် ရမလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ကို နည်းပညာများအသုံးပြုပြီး ဘယ်လိုဖြေရှင်း ဆောင်ရွက်ရမလဲ၊ ငွေသုံးစွဲခြင်း၊ ငွေစုဆောင်းခြင်း စီမံခန့်ခွဲမှုနည်းဗျူဟာများ ဘယ်လိုရေးဆွဲ ဆောင်ရွက် မလဲ၊ Digital ငွေကြေးဝန်ဆောင်မှုများကို ဘယ်လို အသုံးပြုမလဲ၊ ငွေကြေးလုံခြုံမှုဆိုင်ရာ သတိပြုရမည့် အချက်များကို ဘယ်လိုလေ့လာသင်ယူမလဲ ဆိုသည့် စီးပွားရေးဆိုင်ရာ အသိအမြင် ဗဟုသုတများရရှိအောင် ငွေကြေးပညာတတ်ကျွမ်းမှုဆိုင်ရာစာပေများကို ရွေးချယ်ပြီး လေ့လာဖတ်မှတ်ရမည်ဖြစ်ပါသည်။ ထို့ပြင် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုပညာနှင့် ဗဟုသုတများ တိုးပွားရရှိအောင် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုပညာပေး Facebook Page များတွင် ဝင်ရောက်ဖတ်ရှုလေ့လာခြင်းနှင့် Online Webinar များအား တက်ရောက်နားထောင် ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ပေသည်။
ငွေကြေးကို စီမံခန့်ခွဲတတ်ရန် အထူးလိုအပ်
ယခုအချိန်တွင် ငွေရေးကြေးရေးအခြေအနေများကို ကောင်းမွန်စွာ ထိန်းသိမ်းဆောင်ရွက်ရန် မိမိတို့၏ ငွေကြေး စီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ် သည့်အတွက် ငွေကြေးကို စီမံခန့်ခွဲတတ်ရန် အထူး လိုအပ်ပါသည်။ မိမိတို့၏ အသုံးစရိတ်ကို ထိန်းထားနိုင်ရန် အပတ်စဉ် အသုံးစရိတ် သို့မဟုတ် လစဉ်အသုံးစရိတ်ကို ငွေပမာဏတစ်ခု သတ်မှတ်ရမည်ဖြစ်ပြီး လိုချင်သည့်အရာ ထက် အမှန်တကယ်လိုအပ်သည့်အရာများကိုသာ ဦးစား ပေး ဝယ်ယူရန်၊ မလိုအပ်သည့် အသုံးစရိတ်များကို လျှော့ချ၍ မိမိလက်ဝယ်ရှိ ငွေကို မလိုအပ်ဘဲ လျော့နည်းမသွားအောင် ထိန်းသိမ်းရန်၊ ကျသင့်အခွန်အခများပေးဆောင်သည့်အခါ နောက်ကျကြေးလိုမျိုး မလိုအပ်ဘဲ အပိုထပ်မပေးရအောင် သတ်မှတ်ချိန်အတွင်း ပေးဆောင်ကြရန် လိုအပ်ပါသည်။ အလားတူ မိမိရရှိထားသည့် ဝင်ငွေထဲမှ ငွေတချို့ကို စုဆောင်းရန်အတွက် ချန်ထားပြီး မဖြစ်မနေ အရေးပေါ် လိုအပ်သည့်အခြေအနေ မရောက်မချင်း အဆိုပါငွေကို လုံးဝထုတ်သုံးခြင်းမပြုရန်၊ ယခုလက်ရှိအခြေအနေအရ သုံးလမှခြောက်လအထိ မိမိတွင် ပုံမှန်အသုံးစရိတ်များသုံးစွဲရန် မရှိပါက အဆိုပါ မသုံးစွဲဖြစ်ခဲ့သည့်ငွေကို အရေးပေါ်သုံးငွေ အဖြစ် စုဆောင်းထားရန်၊ မိမိရရှိထားသည့် ဝင်ငွေကို မဖြစ်မနေလိုအပ်သည့်ကိစ္စအတွက် ငွေပမာဏ၊ လိုချင်/ဖြစ် ချင်သည့်ကိစ္စအတွက်ငွေပမာဏနှင့် စုဆောင်းရန် အတွက် ငွေပမာဏဆိုပြီး အချိုးကျ ခွဲဝေသတ်မှတ်ထားရန် အထူးလိုအပ်ပါသည်။
ငွေကို ဘဏ်မှာ လုံခြုံစွာ စုဆောင်းထားပြီး Digital ငွေကြေးဝန်ဆောင်မှုကို အသုံးပြုပါ
ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း မိမိတို့ပိုင်ဆိုင်သည့် ငွေကြေးများကို ဘဏ်တွင် မိမိကြိုက် နှစ်သက်ရာ ဘဏ်စာရင်းဖွင့်၍ လုံခြုံစွာ စုဆောင်း/အပ်နှံ ထိန်းသိမ်းထားပြီး မိမိမှာမဖြစ်မနေအရေးပေါ်ငွေကြေး အခက် အခဲရှိသဖြင့် ထုတ်ယူခြင်းမှအပ ဘဏ်တွင် စုဆောင်း/အပ်နှံ ထားသည့်ငွေကို ထုတ်ယူခြင်း မပြုလုပ်သင့်ပေ။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် နေ့စဉ်ငွေပေး/ငွေယူပြုလုပ်ရာတွင် ငွေစက္ကူကိုင်တွယ်ထိတွေ့မှုမရှိစေရန်နှင့် ငွေကြေးများကို အလွယ်တကူ စီမံခန့်ခွဲ နိုင်စေရန် Online သို့မဟုတ် Mobile Banking စနစ်ဖြင့် Digital ငွေကြေးဝန်ဆောင်မှုကို အတတ်နိုင်ဆုံး အသုံးပြုကြရမည် ဖြစ်ပေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မိမိတို့၏ စီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေ၊ အခြားကိစ္စအတွက်ဖြစ်စေ ချေးငွေများရယူမည်ဆိုပါက ချေးငွေမယူခင် ငွေချေးရယူမှု နည်းလမ်းများကို ဦးစွာလေ့လာပြီး လိုအပ်သည့်ငွေပမာဏ ကိုပဲ ချေးယူသင့်ပါသည်။ Credit Card အသုံးပြုနေသူများ အနေဖြင့်လည်း ချေးငွေရယူမည်ဆိုပါက မိမိတို့ ကြိုတင်သုံးစွဲထားပြီးဖြစ်သောငွေ(အကြွေး)ကို အရင်ပြန်ဆပ်ရမည် ဆိုသည့်အချက်ကို ဦးစားပေး စဉ်းစားရမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြန်ဆပ်ရမည့် ချေးငွေသက်တမ်း၊ အတိုးနှုန်းများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက အဆင်ပြေအောင် ကူညီပေးနိုင်စေရေး အတွက် ချေးငွေရယူထားသူများထံသို့ အကူအညီတောင်းခံ ကြရမည်ဖြစ်ပါသည်။
ငွေစုဆောင်းခြင်း၏ အရေးပါမှု
ငွေစုဆောင်းရာတွင် ရည်မှန်းချက်ပန်းတိုင်တစ်ခု ထားရှိရမည်ဖြစ်ပြီး အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး ခွဲခြားသတ်မှတ် ကာ သတ်မှတ်ထားသည့်ကာလအလိုက် ဝင်ငွေကို တိုးပွား ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေတိုးပွားလာသည်နှင့်အမျှ စုဆောင်းငွေကိုလည်း တိုးပြီးစုဆောင်းလာနိုင်မည် ဖြစ်ပါသည်။ ငွေစုဆောင်းခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးတည်း အတွက်သာမက ဘဏ်/ ငွေကြေးအဖွဲ့အစည်းများအတွက် လည်း အရေးပါသည့်ကိစ္စရပ်လည်း ဖြစ်ပေသည်။ စုဆောင်း ငွေကို မိမိအိမ်တွင် တစ်နည်းနည်းဖြင့် စုဆောင်းထားခြင်း မျိုးမပြုလုပ်ဘဲ ဘဏ်များတွင်ရှိသည့် Financial Products (ငွေကြေးစုဆောင်း/ အပ်နှံခြင်းဆိုင်ရာ ဆောင်ရွက်နိုင်သော နည်းလမ်း)များအနက်မှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်း ဖြင့် စာရင်းဖွင့်အပ်နှံမှသာ(ဥပမာ- စာရင်းသေ၊ စာရင်းရှင်၊ Saving Book အစရှိသည်…) ဘဏ်/ငွေကြေးအဖွဲ့အစည်း များအနေဖြင့် Deposit ရရှိပြီး အခြား Customer များကို Customer Loan, Business Loan များ ထုတ်ချေးပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ဝင်ငွေပိုကောင်းလာနိုင်စေရန် မိမိ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကြရမည်ဖြစ်ရာ မိမိတွင် လိုအပ်နေသည့် ငွေကြေးဆိုင်ရာ Digital နည်းပညာ ဗဟုသုတများကို ရှာမှီးလေ့လာသင်ယူခြင်း၊ အခြားသူများ သို့ ဝန်ဆောင်မှုပေးနိုင်ရန် မိမိ၏ကိုယ်ရည်ကိုယ်သွေးကို အဆင့်မြှင့်တင်ခြင်း၊ မှန်ကန်သည့် စိတ်နေသဘောထားနှင့် အလေ့အကျင့်တို့ကို ပျိုးထောင်ခြင်းတို့ဖြင့် မိမိ၏စွမ်းဆောင် ရည်ကို မြှင့်တင်ကြရမည်ဖြစ်ပါသည်။ အလားတူ မိမိတို့၏ အသုံးစရိတ်ကိုလည်း စီမံခန့်ခွဲရမည်ဖြစ်ရာ အသုံးစရိတ် သုံးစွဲမည်ဆိုပါက ဦးစွာ အသုံးစရိတ်ကို ဘယ်လောက်သုံး မည်ဆိုသည်ကို သတ်မှတ်ခြင်း၊ ဝယ်ယူလိုသည့်ပစ္စည်းများကို စိတ်ကူးဖြင့် ဝယ်ယူကြည့်ခြင်း၊ မိမိဝယ်ယူမည့်ပစ္စည်း သို့မဟုတ် ရယူမည့်ဝန်ဆောင်မှု သို့မဟုတ် လုပ်ဆောင် မည့် လုပ်ဆောင်ချက်များသည် မိမိအတွက် အမှန်တကယ် လိုအပ်သလား/ မလိုအပ်ဘူးလား၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့အတွက် အကျိုးရှိ သလား/ မရှိဘူးလား ဆိုသည်ကို တွေးခေါ်စဉ်းစားခြင်း၊ ဦးစား ပေးရမည့် အစီအစဉ်အတိုင်း အသုံးစရိတ်ကို စဉ်းစားသုံးစွဲ ခြင်း၊ မိမိဝယ်ယူမည့်ပစ္စည်း သို့မဟုတ် ရယူမည့် ဝန်ဆောင် မှု သို့မဟုတ် လုပ်ဆောင်မည့် လုပ်ဆောင်ချက်များသည် ဘယ်လောက်ကြာကြာ စိတ်ကျေနပ်မှုရနိုင်မလဲ၊ အကျိုး ကျေးဇူးဘယ်လောက်များလဲ အစရှိသည့် အကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားခြင်း၊ ပုံမှန်သုံးစွဲနေကျ အသုံးစရိတ်များ ကို လျှော့ချသုံးစွဲခြင်း၊ ဝင်ငွေတိုးလာနိုင်မည့်အရာများကို လုပ်ဆောင်ခြင်း စသည့် အချက်များဖြင့် မိမိတို့၏ အသုံး စရိတ်ကို စနစ်တကျစီမံခန့်ခွဲခြင်းသည် ငွေစုဆောင်းခြင်း၏ အရေးပါသည့်အခန်းကဏ္ဍပင် ဖြစ်ပေသည်။
ငွေကို မိရိုးဖလာနည်းအတိုင်း စုဆောင်းနေကြသည့် အလေ့အထများကို တွေ့ရှိရ
ရှေးယခင်ကပင် မြန်မာနိုင်ငံတွင် နေရာဒေသ တော်တော်များများ၌ ငွေစုဆောင်းခြင်းကို ဘိုးဘွားတို့ လက်ဆင့်ကမ်းခဲ့သော မိရိုးဖလာ အလေ့အထများဖြစ် သည့် မိမိတို့အိမ်တွင် စုဘူးများဖြင့် စုဆောင်းခြင်း၊ အဖွဲ့ဖွဲ့၍ အလှည့်ကျယူသည့်စနစ်ဖြင့် စုဆောင်းခြင်း(စုမဲ)၊ ရွှေကို စုဆောင်းခြင်း၊ ကျေးလက်ဒေသများ၌ ကျွဲ၊ နွားတိရစ္ဆာန် များကို ဝယ်ယူမွေးမြူ၍ စုဆောင်းခြင်းများကို တွေ့ရှိရမည် ဖြစ်ပါသည်။ အများအားဖြင့် ဝန်ထမ်းများ၊ အခြေခံ လက်လုပ်လက်စား အလုပ်သမားများ၊ ခေါင်းရွက် ဗျပ်ထိုးဈေးသည်များနှင့် တစ်ပိုင်တစ်နိုင် အိမ်ဆိုင်ဖွင့်လှစ် ရောင်းချသူများအနေဖြင့် ငွေကို အဖွဲ့လိုက် စုဆောင်းတတ် သည့် အလေ့အထရှိပြီး ထိုသို့စုဆောင်းရသည့် ရည်ရွယ် ချက်မှာ ၎င်းတို့၏လုပ်ငန်းတွင် အရင်းအနှီးပြုလုပ်ရန်၊ ကလေးများ၏ ပညာရေးစရိတ်အသုံးပြုရန်၊ အရေးပေါ် ကျန်းမာရေးကိစ္စများတွင် အသုံးပြုရန်၊ ၎င်းတို့၏လုပ်ငန်း အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ(ရင်းနှီးပစ္စည်း) ဝယ်ယူရန်နှင့် အဆောက်အအုံများ၊ အိမ်များပြင်ဆင်ရန် တို့ပင်ဖြစ်ကြောင်း စစ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။
မိရိုးဖလာနည်းအတိုင်း ငွေကို ဘယ်လို စုဆောင်းကြသလဲ
ငွေကို အိမ်မှာပဲ စုဘူးဖြင့်စုဆောင်းရာ၌ ၎င်းတို့၏ နေ့စဉ်ဝင်ငွေထဲမှ ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ ပုံမှန်စုဆောင်းခြင်း၊ အဖွဲ့လိုက်စုဆောင်းရာတွင် စိတ်တူ ကိုယ်တူ ၁၀ ဦး သို့မဟုတ် ၁၅ ဦး အဖွဲ့ဖွဲ့၍ တစ်ဦးကို နေ့စဉ် ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ စုပေါင်းထည့် ဝင်ပြီး အလှည့်ကျစနစ်ဖြင့် ရယူသုံးစွဲခြင်း၊ ရွှေစုဆောင်း နေသူများအနေဖြင့် ရွှေဈေးကျချိန်တွင် ရွှေကိုဝယ်ယူထား ပြီး ရွှေဈေးတက်သည့်အချိန်တွင် ရွှေကိုပြန်လည် ထုတ်ရောင်းရာမှ ရရှိသည့်အကျိုးအမြတ်ကိုသုံးစွဲခြင်း၊ ကျေးလက်ဒေသများတွင် ဘဏ်၊ အသေးစားငွေကြေး ဝန်ဆောင်မှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် လေ့မရှိဘဲ ၎င်းတို့တွင်ရှိသည့်ငွေကို မပျောက်ပျက်စေရန် ကျွဲငယ်၊ နွားငယ်များအပါအဝင် အခြားတိရစ္ဆာန်များကို ဝယ်ယူမွေးမြူထားပြီး နောင်ကြီးပြင်းလာသည့်အခါ ပြန်လည်ထုတ်ရောင်းရာမှ ရရှိလာသည့် အကျိုးအမြတ် များကို သုံးစွဲခြင်း အစရှိသည့် နည်းလမ်းများဖြင့် ငွေကိုစုဆောင်းနေသည်ကို လေ့လာတွေ့ရှိရပါသည်။
မိရိုးဖလာနည်းအတိုင်း ငွေစုဆောင်းခြင်းသည်
မှားယွင်းလွဲချော်မှုများဖြစ်နိုင်
အဆိုပါ မိရိုးဖလာ ငွေစုဆောင်းခြင်းသည် ဘဏ်တွင် ငွေစုဆောင်းခြင်းထက် လူမှုနယ်ပယ်အတွင်း ပြန့်ပွား လွယ်ခြင်း၊ လွယ်ကူစွာ စွမ်းဆောင်နိုင်ခြင်း၊ ကိုယ်တိုင် ဆောင်ရွက်ရခြင်းဖြစ်၍ စိတ်ချယုံကြည်ရခြင်း အစရှိသည့် အားသာချက်များရှိသော်လည်း စနစ်ကျသည့် ငွေကြေး ဆိုင်ရာ အသိအမြင်ဗဟုသုတများမရှိသည့်အတွက် မှားယွင်း လွဲချော်မှုများဖြစ်နိုင်ခြင်း၊ အကျိုးအမြတ်ကို ကြိုတင် ခန့်မှန်း၍မရနိုင်ခြင်း အစရှိသည့် အခက်အခဲများနှင့် တွေ့ကြုံရနိုင်သည့်အတွက် လူအများက ငွေကို တရားဝင် ငွေကြေးလုပ်ငန်း၊ အဖွဲ့အစည်းများ၊ငွေစုငွေချေးသမဝါယမ အသင်းများ၊ ဘဏ်များတွင် စုဆောင်းသည့် အလေ့အထကို ယခုထက်ပိုမို၍ ဆောင်ရွက်ကြစေရေး အားပေးတိုက်တွန်း သွားရန် လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုရသော် ငွေစုဆောင်းရာတွင် Digital Platforms ကို အသုံးပြုပြီး Online Banking စနစ်ကို လူတိုင်းက အကျိုးရှိစွာ အသုံးပြုနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် အားပေးတိုက်တွန်းသင့်ကြောင်း၊ တရားဝင်ငွေကြေးအဖွဲ့အစည်းများ၊ အသေးစားချေးငွေ လုပ်ငန်းများ၊ ငွေစုငွေချေးသမဝါယမအသင်းများ၊ ဘဏ် များတွင် ငွေကိုစုဆောင်းကြရန် နည်းလမ်းမျိုးစုံဖြင့် အားပေးတိုက်တွန်းသင့်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ငွေစုဆောင်းခြင်း၏ အကျိုးကျေးဇူးများကို လက်တွေ့ခံစားရပြီး ခြိုးခြံချွေတာရေးနှင့် ငွေစုဆောင်းရေး၊ ဝင်ငွေရရှိမည့်အခွင့်အလမ်းများကို ကြိုးစားရှာဖွေဖန်တီး ရေး စသဖြင့် ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ကိုဗစ်-၁၉ ကာလ နောက်ပိုင်းတွင်လည်း ဆက်လက်၍ လိုက်နာကျင့်သုံးသွားသင့်ကြောင်း၊ လိုအပ်မှုနှင့် လိုအင် ဆန္ဒများကို ခွဲခြားသိမြင်ပြီး အသုံးစရိတ်များအား ထိန်းချုပ် သွားသင့်ကြောင်း၊ ငွေကို တစိုက်မတ်မတ် စုဆောင်းလာ အောင် အားပေးတိုက်တွန်းသည့် ကောင်းမွန်သော ဝန်ဆောင်မှုများကို ဖန်တီးလုပ်ဆောင်ပေးသင့်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ သမဝါယမ အသင်းများထံမှ ငွေစုဆောင်းခြင်းဆိုင်ရာ သတင်းအချက် အလက်နှင့် နည်းပညာများရယူ၍ အခြားဝင်ငွေရရှိမည့် အခွင့်အလမ်းများအပါအဝင် ငွေစုဆောင်းခြင်းကို ယခုထက် ပိုမို၍ အောင်မြင်အောင် ကြိုးစားရှာဖွေ ဖန်တီးဆောင်ရွက် သင့်ကြောင်း အကြံပြု တိုက်တွန်းလိုက်ရပေသည်။ ။
- Log in to post comments