Type

မြင့်မောင်စိုး
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း ပေါ်ပေါက်ခဲ့သော မြန်မာ့ရုပ်ရှင်သမိုင်းသည် ၂၀၂၀ ပြည့် နှစ်ဆိုလျှင် နှစ်တစ်ရာပြည့်မြောက်တော့မည်။ ရုပ်ရှင် သည် ပြည်သူကိုမျက်စိဖွင့်၊ နားဖွင့်ပေးခဲ့သည်။ ရုပ်ရှင် လောကသားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြည်သူလူထုကို ဗဟုသုတအကြားအမြင်များ ပွားစေခဲ့ သည်။ အသိဉာဏ်စဉ်များ ရှင်သန်စေခဲ့သည်။
အခက်အခဲ အကျပ်အတည်းများကြားမှပင် မြန်မာ့ ရုပ်ရှင်သည် ငွေရတုမှသည် ရွှေရတု၊ ရွှေရတုမှသည် စိန်ရတု၊ စိန်ရတုမှသည် ရာပြည့် ရုပ်ရှင်ပန်းများ လန်းဆန်းစေခဲ့သည်။ ပြည်သူများအကြား ရုပ်ရှင်ပန်းများမွှေးပျံ့စေခဲ့သည်။ မကြာမီကာလအတွင်း မြန်မာ့ ရုပ်ရှင်ရာပြည့် အခမ်းအနားများ ဆက်တိုက်ဆက်တိုက် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရုပ်ရှင်သမိုင်းနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်တင်ပြနိုင်ရန် အပြည့်စုံဆုံး၊ အကောင်းဆုံး နေရာမှာ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာ့ ရုပ်ရှင်သမိုင်းပြတိုက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တည်ရှိရာနေရာလည်းဖြစ်ပေသည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်သမိုင်းပြတိုက် အဖြစ် ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိသည်။ ထိုရုပ်ရှင်သမိုင်းပြတိုက်သည် အဝေးတစ်နေရာမှ လှမ်း၍ကြည့်လိုက်လျှင် ကိုလိုနီခေတ်နေအိမ်အဆောက် အဦတစ်ခု အဖြစ်သာတွေ့ရမည်ဖြစ်ပါသည်။
အဆောက်အဦ၏ရှေ့မျက်နှာစာ ဘယ်ဘက်ခြမ်း တွင် မြန်မာ့ရုပ်ရှင်ကို စတင်တည်ထောင်အစပျိုးခဲ့သူ ရုပ်ရှင်ဖခင်ကြီးများဟုဆိုရမည့် မင်းသားကြီးဦးညီပု၊ လန်ဒန်အတ်ဦးအုန်းမောင်၊ ဓာတ်ပုံဆရာ ဦးမောင်မောင် တို့၏ ကိုယ်တစ်ပိုင်းပုံရုပ်တုများကို ရွှေရောင်တစ်ဝင်းဝင်း နှင့် တွေ့ရသည်။ ရှေ့မျက်နှာစာတည့်တည့်မှာတော့ မြန်မာ့ရုပ်ရှင် ရွှေစင်အကယ်ဒမီရုပ်တုကြီးကို
ကြော့ကြော့မော့မော့ ရင်ကိုကော့လျက်အနေအထား နှင့် တွေ့ရပြန်သည်။
မြန်မာ့ရုပ်ရှင်သမိုင်း
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်သို့ ရောက်ရှိသည်ဆို လျှင်ပင် ရုပ်ရှင်သမိုင်းပြတိုက်နှင့်ပတ်သက်၍ ရာပြည့်အမီ ပြင်ဆင်နေမှုများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက သိလိုသည်များကို ရှင်းပြသည်။
"ကျွန်တော်တို့ရုပ်ရှင်သမိုင်းပြတိုက်က ရတု အလိုက်ဆိုရင် လေးခုရှိပါတယ်။ ၂၅ နှစ်ကို ရတုတစ်ခုပါ။ ၁၉၂၀ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်အထိက ငွေရတု၊ ၁၉၄၆ ခုနှစ်ကနေ ၁၉၇၀ ပြည့်နှစ်အထိက ရွှေရတု၊ ၁၉၇၀ ပြည့်နှစ် ကနေ ၁၉၉၅ ခုနှစ်အထိက စိန်ရတု၊ ၁၉၉၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိက ရာပြည့်ဖြစ်ပါတယ်"ဟု ဦးအေးကြူလေးက မြန်မာ့ရုပ်ရှင် သမိုင်းရတုအလိုက် ပြင်ဆင်ထားမှုကို ပြောပြခဲ့ခြင်းဖြစ်သည်။ ငွေရတုပြခန်း အဝင်ဝတွင် ဂျပန့်ရင်သွေးဇာတ်ကားဆိုင်းဘုတ်ပင် ဖြစ် သည်။ ထိုရုပ်ရှင်ကား ကို ၁၉၃၄ ခုနှစ်တွင် မင်းသားဦးညီပုက ဂျပန်မင်းသမီးနှင့် တွဲဖက်ကာ ရိုက်ကူးပြသခဲ့သည့် အသံ ထွက်ရုပ်ရှင်ကား ဖြစ်သည်။ မြန်မာ- ဂျပန်ဆက်ဆံရေး သမိုင်းဝင် ရုပ်ရှင်ကားပင်ဖြစ်သည်။ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်အတွင်း ဝင်ရောက်လိုက်သည်ဆိုလျှင်ပင် ဦးစွာတွေ့ရသောပြခန်းသည် ငွေရတုပြခန်းဖြစ်သည်။ ထိုငွေရတုပြခန်းအဝင်ဝတွင် ပထမဦးဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကားဖြစ်သည့် "မေတ္တာနှင့် သူရာ"ဇာတ်ကားဆိုင်း ဘုတ်ကြီးကို ခမ်းနားထည်ဝါစွာ တွေ့ရသည်။ ဆိုင်းဘုတ် ဘယ်ဘက်ခြမ်းတွင် လန်ဒန်အတ် ဦးအုန်းမောင်၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ ဇာတ်ညွှန်းရေး ဆရာ ပီမိုးနင်းတို့ကို ရုပ်ပုံများနှင့်တကွ ရေးဆွဲထားသော ပိုစတာကားချပ်ကို တွေ့ရသည်။
ပထမဆုံးရုပ်ရှင်ကား
အလားတူ ဆိုင်းဘုတ်၏ ညာဘက်ထိပ်တွင် မင်းသား ဦးညီပု၊ သရုပ်ဆောင် ဦးပါကြီး၊ မင်းသမီး မအေးကြည် ( ခေါ်) မရီ၊ လူကြမ်းမောင်မောင်ချစ်တို့ကိုလည်း ရုပ်ပုံများ နှင့်တကွ ဖော်ပြထားသည်။ ဤသည်ကား မြန်မာ့ပထမ ဦးဆုံး ရုပ်ရှင်ကားကြီးပေါ်ထွက်လာရေးအတွက် ကြိုးပမ်း အားထုတ်ကြသူများပင် ဖြစ်၏။
ထို “မေတ္တာနှင့်သူရာ (love & Liquor)” ဇာတ်ကား ကြီးကို ယခု ဗိုလ်ချုပ်အောင်ဆန်းစျေးနေရာတွင် ရှိခဲ့သော "စီနီမာဒီပဲရစ်"အမည်ရှိ ရုပ်ရှင်ရုံတွင် ၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေး ကြည့်ရှုခဲ့ကြကြောင်း၊ အချို့ ထိုင်ခုံနေရာမရသဖြင့် အရန်ခုံ များထိုးပြီး ကြည့်ရှုခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ ဆရာကြီးပီမိုးနင်း သည် လူငယ်မြှင့်တင်ရေး၊ လူငယ်ပညာပေး ဗိသုကာကြီး ပီပီ အရက်ကြောင့် လူငယ်များပျက်စီးရပုံ၊ ဒုက္ခရောက်ရပုံ တို့ကို ဤ မေတ္တာနှင့်သူရာမည်သော ဝတ္ထုဇာတ်ညွှန်းကို ပုံဖော်ရိုက်ကူးပြသလိုက်ခြင်းပင်ဖြစ်သည်။
ဤဇာတ်ကား ရိုက်ကူးပြသနိုင်ခဲ့ခြင်းကြောင့် ဓာတ်ပုံဆရာ လန်ဒန်အတ်ဦးအုန်းမောင်ကို ပြည်မြို့ ဂျီစီဘီအေအသင်းက ရွှေတံဆိပ်နှင့်ဂုဏ်ပြုသကဲ့သို့ ရန်ကုန်မြို့ရှိ သုစရိတယုဝ ခေါ် အရက်ရှောင်ကြဉ်ရေး အသင်းကလည်း ဦးအုန်းမောင်ကို ရွှေတံဆိပ်နှင့်ဂုဏ်ပြုခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရသိရသည်။
ဤရွေ့ဤမျှ လူကြိုက်များခဲ့သော “မေတ္တာနှင့် သူရာ” ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံးသော ဇာတ်ကားအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။
ထိုငွေရတုပြခန်း၏ အတွင်းထဲသို့ဝင်ရောက်လိုက် သည်ဆိုလျှင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ငွေရတုသဘင်အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားနေသော ပန်းချီကားချပ်ကြီးကို ခမ်းနား ထည်ဝါစွာတွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ် ဦးဘချို၊ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်၊ ဇာတ်မင်းသားကြီး ဦးဖိုးစိန်နှင့် ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)တို့ မြန်မာ့ရုပ်ရှင်ငွေရတုအခမ်းအနားသို့ တက်ရောက်လာပုံကို ပန်းချီဆရာ မောင်မောင်သိုက်နှင့် အဖွဲ့ကအမိအရ မှတ်တမ်းတင်လိုက်ခြင်းပင်ဖြစ်၏။
ဗိုလ်ချုပ်နှင့် ငွေရတု
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်ခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်း သက်တမ်း ၂၅ နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကြီးကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်မုခ်ကွင်း၌ ၁၉၄၇ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့ဖွင့်ပွဲ အခမ်း အနားသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ ဆာဟူးဘတ်ရန့် တို့တက်ရောက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ ကြောင်း၊ ရုပ်ရှင်ငွေရတုပွဲနှင့်အတူ စက်မှုလက်မှုပြပွဲကိုပါ ပူးတွဲပြသသည့်ပွဲလည်းဖြစ်ကြောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံးတို့က ကြီးမှူး၍ ပြဇာတ်နှင့် ဇာတ်သဘင် ဖျော်ဖြေပွဲများဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ သည့် သမိုင်းဝင်ပြပွဲကြီးပင်ဖြစ်ကြောင်း ဦးမြဟန်ရေးသား သော ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်၌ ဖော်ပြထား လေသည်။
မြန်မာ့ရုပ်ရှင်လောက၌ ပထမဆုံးပြသသည့် ဇာတ်ကားမှာ ၁၉၂၀ ပြည့်နှစ်တွင်စပြသော မေတ္တာနှင့် သူရာ ဇာတ်ကားဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင် သက်တမ်း ၂၅ နှစ်ပြည့်သည့်နှစ်မှာ ၁၉၄၅ ခုနှစ် ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းကာလဖြစ်၍ မြန်မာ့ရုပ်ရှင် ငွေရတုပွဲကို ထိုနှစ်တွင် မကျင်းပဘဲ စစ်ပြီးစ ၁၉၄၇ ခုနှစ် ရောက်မှ ကျင်းပနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အတွင်း ပြသထားသော ငွေရတုခေတ်ပြခန်းသည် စိတ်ဝင်စားဖွယ်ရာ အကြောင်း အရာများစွာရှိနေသည်ကအမှန်ပင်။
ပထမဆုံး ရုပ်ရှင်မင်းသား
ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်သော ထို ငွေရတုသဘင် အခမ်းအနား ပန်းချီကားကြီးအောက် ဘက်တွင် ရွှေရောင်တောက်နေသော ကိုယ်တစ်ပိုင်းပုံ ရုပ်တု သုံးခုစီတန်းလျက် တွေ့ရသည်။ ထိုရုပ်တု သုံးရုပ် မှာ အလယ်ကောင်တည့်တည့်က အရုပ်မှာ ပထမဆုံး သော ရုပ်ရှင်မင်းသားကြီး ဦးညီပုပင် ဖြစ်သည်။ ညာဘက်တွင် ဓာတ်ပုံဆရာ ဦးမောင်မောင်ဖြစ်ပြီး ဘယ်ဘက်တွင်မူ လန်ဒန်အတ် ဦးအုန်းမောင်ဖြစ်သည်။ သူတို့သုံးဦးသည် မြန်မာ့ရုပ်ရှင်လောကကို စတင် တည်ထောင်သူများအဖြစ် ရုပ်ရှင်လောကသားများက မှတ်တမ်းတင်ခဲ့ကြလေသည်။ တစ်နည်းအားဖြင့် မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီးများဟုပင် ဆိုကြသည်။
ထိုငွေရတုပြခန်း၏ ညာဘက်ခြမ်း၌ ငွေရတုကာလ ထင်ရှားကျော်ကြားခဲ့သော ဒါရိုက်တာကြီးများ၏ပုံများ ကို Light Box အတွင်းထည့်ကာ ၎င်းတို့ရိုက်ကူးခဲ့သော ရုပ်ရှင်ကားအမည်များနှင့်တကွ ပြသထားသည်။
ထိုဒါရိုက်တာတို့သည်ကား ရွှေစက်တော်၊ ရွှေမေတ္တာ၊ ရွှေပင်နားရွှေကျေးဇာတ်ကားများ ရိုက်ကူးခဲ့သော ဦးဘတင်၊ ရွှေဘုန်းတော်၊ ဘုန်းတော်ရှင်၊ မြဂနိုင် ဇာတ်ကားများ ရိုက်ကူးခဲ့သော ဒါရိုက်တာ ဦးချန်ထွန်း၊ ကြင်သက်ဝေ၊ မြမျက်ခြယ်၊ စိန်းရောင်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့သော ဒါရိုက်တာ ရွှေညာမောင်၊ ဗိုလ်အောင်ဒင် ဇာတ်ကားရိုက်ကူးသူ ရွှေဒုံးဘီအောင်၊ တစ်ခိုင်လုံးရွှေ၊ တစ်ခိုင်လုံးစိန်၊ ရွှေပေးလို့မရ ဇာတ်ကားများရိုက်ကူးသူ ဘုံဘေပြန် ဦးတုတ်ကြီး၊ ဂျပန့်ရင်သွေးရိုက်ကူးသူ ဒါရိုက်တာ ဦးညီပု၊ ရတနာပုံနှင့်မောင့်ဒေဝီ ဇာတ်ကား ရိုက်သူ လန်ဒန်အတ် ဦးအုန်းမောင်တို့၏ပုံများ ပါဝင် သည်။
မြန်မာ့ရုပ်ရှင်ငွေရတုကာလတွင် ဇာတ်ညွှန်း များစွာရေးသားခဲ့သော စာရေးဆရာကြီး ပီမိုးနင်းသည် လည်း ဒါရိုက်တာတစ်ဦးပင်ဖြစ်သည်။ ဆရာကြီးသည် လည်း ဦးကလိန်နှင့် ချစ်တဲ့သူရယ် အမည်ရ ဇာတ်ကားများကို ကိုယ်တိုင်ရိုက်ကူးခဲ့သေးသည်။ ထိုခေတ် ထိုအခါက BIA တွင် အမှုထမ်းခဲ့သူ ဒါရိုက်တာ ဦးဘရှင်သည် သေနတ်ပစ် အလွန်ကောင်းသူအဖြစ် ထင်ရှားသည်။ သူသည် မက်ဆိုပိုတေးနီးယားစစ်ပွဲတွင် မြန်မာစစ်သားများ ပါဝင်ဆင်နွှဲခဲ့ရပုံများကို ဗြိတိသျှ ဘားမားရုပ်ရှင်က ချစ်ရနံ့ကြိုင်နှင့် ချစ်နံ့မပြယ် ဇာတ်ကားများကို ၁၉၃၀ ပြည့်နှစ်တွင် ရိုက်ကူး ပြသခဲ့သည်။ ထိုဇာတ်ကားများသည် မြန်မာနိုင်ငံ၏ ပထမဆုံးရုပ်ရှင်စစ်ကားများအဖြစ် လူသိများခဲ့သည်။
စတန့်မင်းသား
ဤငွေရတုကာလ ငွေရတုပြခန်း၌ အထူးပြသထား သောပြကွက်မှာ စတန့်မင်းသားများပြကွက်ပင် ဖြစ် သည်။ ထိုပြကွင်းပြကွက်ကိုလည်း Light Box နှင့်ပင် တသီးတခြား ပြသထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုပြကွက်သည် မြန်မာ့ရုပ်ရှင်ခေတ်ဦး ငွေရတုကာလက စတန့်မင်းသားကောင်းများ ပေါ်ထွက်ခဲ့သည်ကို အထင်အရှား ပြသလိုက်ခြင်းပင် ဖြစ်သည်။
စတန့်မင်းသားများအနက် ချစ်ရွှေကြီး ခေါ် ချစ်ဆွေ ကြီးမှာ အထင်ရှားဆုံး၊ လူကြိုက်အများဆုံး မင်းသား တစ်လက်ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဟူမူ ထိုပြခန်း၌ နီလာရောင်ဇာတ်ကားတွင် ချစ်ဆွေကြီးက လူစားမထိုး ဘဲ မိကျောင်းအစစ်ဖြင့် သတ်ပုတ်ခန်းကို ထူးထူးခြားခြား ပြသထားသည်။ ဒါရိုက်တာ မောင်တင်မောင်က စတန့် မင်းသား ချစ်ဆွေကြီးကို နီလာရောင် ဇာတ်ကား၌ ရေဘုရင်မိကျောင်းနှင့် သတ်ပုတ်နိုင်ရန် ပြင်ခရိုင်မှ မိကျောင်း ငါးကောင် ဝယ်ယူပြီးနောက် သင့်တော်ရာ တစ်ကောင်နှင့် သတ်ပုတ်စေခဲ့ကြောင်း၊ မိကျောင်းကြီးကို အနိုင်သတ်ပုတ်ပြီး အသင့်ယူဆောင်လာသော ဓားမြောင် ဖြင့် ဆင့်ကာဆင့်ကာထိုးသတ်ခဲ့ကြောင်း၊ ရုပ်ရှင်ရိုက် ကူးနေသူ ဒါရိုက်တာနှင့်တကွ ဝိုင်းကြည့်နေသူ အပေါင်းတို့သည် ရင်တထိတ်ထိတ်နှင့် သက်ပြင်းချခဲ့ရ ကြောင်း ဦးပြည့်စုံရေးသားသော လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာ့ရုပ်ရှင်ပညာသည်များစာအုပ်၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် မြဂနိုင်ဇာတ်ကားတွင် ချစ်ဆွေကြီးနှင့် မြွေ သူသေကိုယ်သေသတ်ပုတ်ခန်း၊ အိမ်ခေါင်မိုးပေါ်မှ ကျွမ်းပစ် ချခန်းတို့ကိုလည်း ပြသထားရာ အလွန်ပင် ချီးကျူးလေးစား စရာကောင်းသည်။ ချစ်ရွှေကြီး၊ မြင့်မြင့်ခင်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသော မြဂနိုင်ရုပ်ရှင်ကားသည် ယူနက် စကို၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့အောက်မေ့ဖွယ် အရုပ်အသံအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသော ဇာတ်ကားလည်း ဖြစ်သည်။ စတန့်မင်းသားများအနက် ချစ်ဆွေကြီးအပြင် စွမ်းသတ္တိဇာတ်ကားမှ စတန့်မင်းသား ကျော်ညွန့် တံတားပေါ်မှ ဒိုင်ဗင်ထိုးချခန်း၊ မြိုင်ယံဘွား ဇာတ်ကားမှ အေဝမ်းညွန့်မောင်တို့၏ တောတွင်းစွန့်စားခန်း များကိုလည်း ပြသထားသည်။
ပထမဆုံးသောစတန့်မင်းသား
သို့သော် ပထမဆုံးသောစတန့်မင်းသားမှာ ဦးစိန် (ခေါ်) ဦးပဂျီငို ဖြစ်သည်။သူသည် ၁၉၂၃ ခုနှစ်က ဒါရိုက်တာ ဦးဘသန်းရိုက်ကူးသည့် နဖူးစာရွာလည်ဇာတ်ကားတွင် စတန့်ဟီးရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားတွင်သူ့အစ်ကိုမောင်ရှိန် ( ကာယဗလဦးရှိန်)က လူကြမ်းအဖြစ်ပါဝင်ပြီး မော်တော်ကားအဖြတ် အကြိတ်ခံ ရသောအခန်း၊ ထိုးသတ်ခန်းများအပြင် တိုက်ပေါ်မှ သစ်ပင် ပေါ်သို့ ခုန်ကူးခန်းကဲ့သို့ စတန့်ခန်းများပါဝင်လေသည်။
စတန့်မင်းသားခေတ်တွင် စတန့်မင်းသားတင်ဖေ နှင့် စတန့်မင်းသား တင်ငွေတို့သည်လည်း နာမည်ကြီးကြ သည်။ သူတို့နှစ်ဦးစလုံးသည် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံအတွင်း ကူးစက်လောင်ကျွမ်းချိန် ဗမာ့ လွတ်လပ်ရေးတပ်မတော် BIA သို့ဝင်ရောက်ကာ အမှု ထမ်းခဲ့ဖူးကြောင်း သိရသည်။ အထက်တွင်ဖော်ပြခဲ့သောစတန့်မင်းသားချစ်ဆွေကြီးသည်လည်း BIA တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ဤစတန့်မင်းသားပြခန်းပြကွက်သည် မြန်မာ့ ရုပ်ရှင်ခေတ်ဦးတွင် မြန်မာဒါရိုက်တာကြီးများက ယခုခေတ် သည်းထိတ်ရင်ဖိုဇာတ်ကားများကဲ့သို့ ခေတ်ရှေ့ပြေးပြီး ရိုက်ကူးပြသနိုင်ခဲ့ကြောင်းကို မှတ်ကျောက် တင်လိုက်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာ့ ရုပ်ရှင်ပညာရှင်များ၏ အစွမ်းကိုပြသလိုက်ခြင်းလည်း ဖြစ်သည်။ လူအများစိတ်ဝင်စားဖွယ်ရာ အကြောင်း အရာများကို ရုပ်ရှင်ပညာ၊ မြန်မာလူမျိုးတို့ပင်ကိုအစွမ်း သတ္တိတို့နှင့်ပေါင်းစပ်ကာ မြန်မာ့ရုပ်ရှင်ခေတ်များကို အဆင့်ဆင့် တိုးတက်ပြောင်းလဲစေခဲ့သည်။
ထိုပြခန်းပြကွက်၌ မြန်မာ့ရုပ်ရှင် ခေတ်ဦးက ဒါရိုက်တာနှင့် သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင် မှုကိုလည်း တွေ့နိုင်သည်။ မင်းသားကြီးဦးညီပု၊ ဒါရိုက်တာဦးဘရှင်တို့ကို ခေါင်းပေါင်းစ တလူလူနှင့် တွေ့ရသည်။ နာမည်နာမအားဖြင့်လည်း ဘရှင်၊ ဘဇင်၊ ဘသင်၊ ဘကလေး စသည်ဖြင့် မြန်မာနာမည်များတွင် " ဘ"တစ်ခေတ် ထခဲ့သည်။
သရုပ်ဆောင်မင်းသားများတွင်လည်း ခင်မောင်ရင်၊ ခင်မောင်ထွန်း၊ မောင်တင်မောင်၊ အေဝမ်းညွန့်မောင်၊ မောင်မောင်ခင်၊ ပြည်လှဖေ၊ အေးကို၊အေးကြူ၊ ကျော်ညွန့်၊ ကျော်အေး စသည့် ရိုရှင်းသောနာမည်များကို တွေ့ရ သည်။ သရုပ်ဆောင်မင်းသားများ၏ ဝတ်စားဆင်ယင်ပုံ မှာလည်း ရိုးရှင်းလှသည်။ ဆံပင်ကို ဆီအပြည့်လိမ်းထား ပြီး ကြော့နေအောင်ဖြီးထားသည်။ စတစ်ကော်လံ အင်္ကျီနှင့် တိုက်ပုံကို အမြဲလိုလိုဝတ်ဆင်ကြသည်။ အမျိုးသမီးသရုပ်ဆောင်များ၏ နာမည်များမှာလည်း မေရှင်၊ မေမြင့်၊ မေနွဲ့၊ မေသန်း၊ မေနု၊ မေချစ် စသည်ဖြင့် မြန်မာအမျိုးသမီးနာမည်များတွင် "မေ"တစ်ခေတ်ဆန်း ခဲ့သည်။ ထို့အတူ ခင်မြရင်၊ ခင်မေရီ၊ ခင်မေကြည်၊ ခင်ခင်ရီ၊ ခင်နှင်းရီ စသည်ဖြင့်"ခင်" တစ်ခေတ် ဖြစ်ခဲ့သည်။
ဤသို့ဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ရုပ်ရှင် လောကတစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံး၏ လူနေမှုစရိုက်ဟန်ပန်အမူ အရာများကိုပါ ထင်ဟပ်ဖော်ပြနေပါသည်။ မြန်မာလူမျိုး များ၏ ရိုးသားမှု၊ ကြိုးစားမှု၊ လုံ့လဝီရိယရှိမှုတို့ကို မြန်မာ့ ရုပ်ရှင်သမိုင်းမှတ်တမ်းများက အထင်အရှား ဖော်ပြနေ ခြင်းလည်းဖြစ်ပါသည်။ ထိုခေတ် ထိုအခါက မျိုးချစ်စိတ် ပြင်းထန်သော ရုပ်ရှင်ဒါရိုက်တာကြီးများ၊ သရုပ်ဆောင် မင်းသား မင်းသမီးများသည် စစ်ကြိုခေတ်၊ စစ်အတွင်း ကာလနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အခြေအနေများကို ရုပ်ရှင်ဇာတ်ကားများအဖြစ် ဖန်တီးထုတ်လုပ်ပြီး ပိတ်ကားများပေါ် အရောက်ပို့ပေးနိုင်ခဲ့ခြင်းမှာ ရုပ်ရှင် ခေတ်ဦး၏ ထူးခြားသောသမိုင်းမော်ကွန်းပင်ဖြစ်ရာ ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် ရာပြည့်ပေါင်းများစွာတိုင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သောရုပ်ရှင်များ ဆက်လက် ထွက်ပေါ်နိုင်ပါစေကြောင်း ။ ။
- Log in to post comments