ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရှိကြသည့် ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ် အခါသမယသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် လူသား တို့အပေါ် ကောင်းချီးမင်္ဂလာကျရောက်စေခြင်း သတင်းစကား နှင့်အတူ မင်္ဂလာတရားနှင့် ပြည့်စုံစွာ အေးမြသာယာသည့် ချိန်ခါလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဘာသာကြီးလေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့အပြင် အခြားဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပြုထားသည်။ မြန်မာ့လူမှု အသိုက်အဝန်းတွင် မိမိတို့ယုံကြည်ရာဘာသာတို့ကို ယုံကြည် ကိုးကွယ်ကြရင်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ကာ အပြန်အလှန် လေးစားစွာဖြင့် နိုင်ငံတော်ကို စည်းစည်းလုံးလုံး အတူတကွ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဘာသာတရား တို့၏ အဆုံးအမ တရားတော်များနှင့်အညီ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်၍ မကောင်းမှုဒုစရိုက်တို့ကို ရှောင်ကြဉ် ခြင်း၊ ကောင်းမှုသုစရိုက်တို့ ပွားများစေခြင်း၊ စိတ်နှလုံးဖြူစင် စေရန် ဆောက်တည်ခြင်းနည်းအားတို့ဖြင့် မြန်မာ့လူ့ဘောင် စဉ်ဆက်မပြတ် တည်တံ့လာခဲ့ခြင်းလည်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၃၀ ကျော် အတူတကွ နေထိုင်ကြပြီး ကိုးကွယ်ရာ ဘာသာပေါင်းစုံလည်းရှိသည့် မိမိတို့နိုင်ငံတွင် အဓိကလိုအပ်နေသည်မှာ ငြိမ်းချမ်းရေး ဖြစ်သည်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းနှင့် သနားကရုဏာတို့ ခန်းခြောက်နေခြင်းသည် ငြိမ်းချမ်းရေး မရရှိနိုင်သော အကြောင်းတရားများပင်ဖြစ်ရာ ငြိမ်းချမ်းရေးကို လိုလားပါက အဆိုပါတရားတို့ကို လူတိုင်း၏ စိတ်နှလုံး၌ ကိန်းဝပ်စွဲမြဲလာစေဖို့ မွေးမြူသွားကြရမည်ဖြစ်သည်။ စင်စစ် အားဖြင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းသာယာအောင် တည်ဆောက်ကြရမည်မှာ လူသား တို့၏ တာဝန်ဖြစ်သည့်အလျောက် ဘာသာတရားတိုင်း ကလည်း ဆုံးမထားကြခြင်းပင်ဖြစ်သည်။
“ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထား သဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည် ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထား သကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပါကြောင်း”ဖြင့် ဒီဇင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့ Holy Cathedral Church တွင် ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ခရစ္စမတ်အခါသမယသည် နှိမ့်ချခြင်း၊ ငြိမ်းချမ်းငြိမ်သက် ခြင်း၊ မေတ္တာ၊ ကရုဏာတရားတို့ပြသခြင်းနှင့်အတူ စိုးရိမ် ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ ကင်းပျောက်လွင့်ပြယ် စေလျက် မိမိတို့နိုင်ငံနှင့် မိမိတို့လူ့အဖွဲ့အစည်းတစ်ရပ်လုံး သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေး ဆောင် ရွက်ရာတွင် ဘာသာသာသနာ၏ အဆုံးအမများနှင့်အညီ အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။