ငြိမ်းချမ်းပါစေ ဒို့မြန်ပြည်

Type

 

သိန်းထွန်း(IR) 
 

၂၀၁၁ ခုနှစ်က မြန်မာပြည်သူတွေ လိုလားတဲ့ နိုင်ငံတော်ကြီးတည်ဆောက်ဖို့ မျှော်လင့်ချက်တွေ ဝေဆာခဲ့ကြဖူးပါတယ်။ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေလည်း ပွင့်ခဲ့ကြဖူးပါတယ်။ နိုင်ငံရေးမျှော်လင့်ချက်တွေကအစ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေအားလုံး  အတက်ဘက်ကို ဦးတည်နိုင်ခဲ့ပါတယ်။ ပဋိပက္ခတွေနဲ့ပဲ နပန်းလုံးခဲ့ကြရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ဖို့၊ ငြိမ်းချမ်းတဲ့နိုင်ငံ၊ တိုးတက်ကြီးပွားတဲ့ နိုင်ငံသားတွေ ဖြစ်ဖို့ဆိုတဲ့ အခွင့်အလမ်းတွေ ပွင့်လန်းခဲ့ပါတယ်။

 


ဆန့်ကျင်ဘက်လားရာများ


ဒီမျှော်လင့်ချက်တွေဟာ    အခုအချိန်မှာတော့ တစ်ကျော့ပြန်လည်     ရုန်းကန်နေရပါတယ်။ မျှော်လင့်ချက်တွေ      ပြန်လည်ရှင်သန်လာဖို့၊ လက်တွေ့အကောင်အထည်ပေါ်လာဖို့   ပြန်လည် တည်ဆောက်ကြရပါဦးမယ်။    ယခင်ကတော့ တိုက်ပွဲတွေရဲ့ဒဏ်၊  မငြိမ်းချမ်းခြင်းဆိုတဲ့  သောက တွေဆိုတာ  တိုက်ပွဲဖြစ်ပွားရာ  ကန့်သတ်နယ်မြေ တွေမှာပဲ  ရှိခဲ့ပါတယ်။ အခုတော့ မငြိမ်းချမ်းခြင်းရဲ့ သောကတွေကို နိုင်ငံအနှံ့က မြို့ကြီးတွေမှာတောင် တွေ့ကြုံခံစားနေကြရပါတယ်။ ကိုယ့်အိမ်မှာကိုယ် နေထိုင်ရင်း စိုးရိမ်စိတ်တွေ ရှိနေကြရသလို အပြင် ထွက်ရင်လည်း မိတ်ဆွေမှန်းမသိ၊ ရန်သူမှန်းမသိနဲ့ ကျီးလန့်စာ စားရသလိုပါပဲ။ ဒီအခြေအနေတွေဟာ အများပြည်သူ    မျှော်လင့်ခဲ့ကြတဲ့   ဖက်ဒရယ်ရဲ့ အရသာ၊  ဒီမိုကရေစီအနှစ်သာရတွေ  မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်လားရာတွေပဲ  ဖြစ်ပါတယ်။

 


တစ်ပူပေါ်နှစ်ပူဆင့်


မြန်မာနိုင်ငံအတွက်  တစ်ပူပေါ်နှစ်ပူဆင့်ရတာ ကတော့ ကိုဗစ်- ၁၉ ဖြစ်ပွားတာ၊ နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွားတာနဲ့    စီးပွားရေး   ကျဆင်းတာတွေရဲ့ နောက်ဆက်တွဲ  အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေ စတင်ဖြစ်ပွားတဲ့   ၂၀၂၀ ပြည့်နှစ် က စလို့   နိုင်ငံတိုင်းမှာ    စီးပွားရေးကျဆင်းမှုတွေ၊ ရပ်တန့်မှုတွေနဲ့ရင်ဆိုင်ခဲ့ကြရတာပါ။ မြန်မာနိုင်ငံ လို ဆင်းရဲမွဲတေမှုနှုန်းများတဲ့ နိုင်ငံတွေမှာ ထိခိုက်မှု ပိုမိုများနိုင်တယ်လို့   ကမ္ဘာ့ဘဏ်က   ခန့်မှန်းခဲ့ပါ တယ်။ အခြားနိုင်ငံတွေလိုပဲ   မြန်မာနိုင်ငံမှာလည်း နှေးကွေးကျဆင်းသွားတဲ့  စီးပွားရေးတွေ ပြန်လည် နာလန်ထူဖို့အတွက် စီးပွားရေးနှိုးဆွတဲ့  အစီအစဉ် တွေ     ချမှတ်အကောင်အထည်ဖော်ခဲ့ပေမယ့် လက်တွေ့မှာတော့    ထိရောက်မှု   အားနည်းနေခဲ့ပါတယ်။

 


ကိုဗစ်-  ၁၉ ကြောင့် နိုင်ငံ့စီးပွားရေးနှေးကွေးနေစဉ်မှာပဲ  နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ပေါက် လာလို့ ၂၀၂၁  ခုနှစ်ဟာ   မြန်မာနိုင်ငံအတွက် အကျပ်တည်းဆုံးကာလလို့ ဆိုရမလိုပါပဲ။ အကျပ် အတည်းတွေ တစ်ပူပေါ်နှစ်ပူဆင့်  ဆက်တိုက်ကြုံ ခဲ့ရပါတယ်။    ခက်ခဲကြမ်းတမ်းတဲ့    ကာလကို ဖြတ်ကျော်ဖို့    ရှုထောင့်ပေါင်းစုံကနေ     ပြင်းပြင်း ထန်ထန်ကြိုးစားရမယ့်အခြေအနေ   ဖြစ်နေပါတယ်။

 


နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်း ဖို့ဆိုတာ နိုင်ငံရေးရှုထောင့်တစ်ခုတည်းနဲ့   မဖြစ်နိုင် ပါဘူး။ နိုင်ငံ့စီးပွားရေး၊  နိုင်ငံသားတစ်ဦးချင်းစီရဲ့   စီးပွားရေးကောင်းမွန်ဖို့လည်း   လိုအပ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာက အပြန်အလှန်အမှီ သဟဲပြုနေတာမို့ စီးပွားကောင်းဖို့ နိုင်ငံရေးတည်ငြိမ် ဖို့လိုသလို   နိုင်ငံရေးအားကောင်းဖို့ စီးပွားရေးခိုင်မာ တောင့်တင်းဖို့ လိုအပ်ပါတယ်။

 


နိုင်ငံရေးနဲ့    စီးပွားရေး     တိုးတက်ခိုင်မာဖို့ ကြိုးစားနေဆဲကာလမှာပဲဖြစ်လာတဲ့  ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းတွေကြောင့်    စီးပွားရေး မျှော်မှန်းချက်တွေ၊    စီးပွားရေးတိုးတက်မှုနှုန်းတွေ ကျဆင်းခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် နိုင်ငံရဲ့ GDP အနေနဲ့ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ပြီး စီးပွားရေးအနေနဲ့ ၃၀  ရာခိုင်နှုန်းခန့် ကျုံ့သွားနိုင်ကြောင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လထုတ် ကမ္ဘာ့ဘဏ်ရဲ့ Myanmar Economic Monitor မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-  ၁၉  နောက်ဆက်တွဲ အကျိုးဆက်တွေ၊ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့်   ဖြစ်လာမယ့် အကျိုးဆက်တွေဟာ    နိုင်ငံရဲ့အခြေအနေအပေါ် ဆိုးကျိုးတွေ  ဆင့်ကဲသက်ရောက်လာနေပါတယ်။

 


ဆင်းရဲမွဲတေမှု


နိုင်ငံအတွင်း  ဖြစ်နေတဲ့   တိုးတက်မှုနှုန်းနှင့် စီးပွားရေးကျဆင်းမှုရဲ့နောက်ဆက်တွဲကတော့ ဆင်းရဲ မွဲတေမှုမြင့်မားလာခြင်းပါပဲ။    ဆင်းရဲမွဲတေမှုဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာဖြစ်နေတဲ့    ဂယက် တော့ မဟုတ်ပါဘူး။   တစ်ကမ္ဘာလုံးမှာ   ရင်ဆိုင်နေ တဲ့ ကိစ္စဖြစ်ပါတယ်။ ယခင်က  ကမ္ဘာ့ရဲ့ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်တွေအတွက်    အလွန်အမင်း ဆင်းရဲမွဲတေမှုဟာ   ၂၅ နှစ်အတွင်း  ပထမဆုံး တဖြည်းဖြည်း ကျဆင်းလာနေကြောင်း  ကမ္ဘာ့ဘဏ် က ဆိုပါတယ်။ ဒါပေမယ့် ယခုအခါ ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးမှာ မျိုးဆက်တစ်ခုအတွင်း ပထမဆုံး အဖြစ်   အခက်အခဲတွေနဲ့   ရင်ဆိုင်လာရကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ  ပဋိပက္ခတွေ၊  ရာသီဥတု ပြောင်းလဲမှုတွေနဲ့အတူ    ကိုဗစ်-  ၁၉ ကူးစက် ရောဂါကြောင့်   ကမ္ဘာလုံးဆိုင်ရာ  အလွန်အမင်း ဆင်းရဲမွဲတေမှုဟာ  နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြင့်တက်လာခဲ့ကြောင်း၊ အကျိုးဆက် ကတော့ ဆင်းရဲမွဲတေမှုလျှော့ချရေးဟာ  နှေးကွေး လာကြောင်း၊    ကိုဗစ်-  ၁၉ ကြောင့်  နောက်ထပ် လူသန်းပေါင်း ၁၀၀ ခန့်ဟာ ဆင်းရဲမွဲတေတဲ့ အခြေ အနေမှာ    နေထိုင်နေကြရကြောင်း    ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 


အထူးသဖြင့်   ကမ္ဘာမှာ    ဆင်းရဲမွဲတေမှုခံစား နေရသူများရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ထိခိုက်လွယ် တဲ့အခြေအနေ၊  ပဋိပက္ခအခြေအနေနဲ့ အကြမ်းဖက် ခံရတဲ့  အခြေအနေတွေကြားဖြစ်နေတဲ့    စီးပွားရေး အနေအထားတွေမှာ  နေထိုင်နေကြရတယ်လို့ ဆိုပါ တယ်။    မြန်မာနိုင်ငံမှာဆိုရင်    လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊   စီးပွားရေး၊  ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှု တွေကြောင့် လူတစ်ဦးချင်းစီရဲ့  လူမှုစီးပွားဘဝတွေ၊ ဝင်ငွေတွေ၊    အလုပ်အကိုင်    အခွင့်အလမ်းတွေကို ထိခိုက်နေပါတယ်။   အဲဒါရဲ့   အကျိုးဆက်ကတော့ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံရဲ့  ဆင်းရဲမွဲတေမှုနှုန်းဟာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ တစ်ဝက် နီးပါးဟာ    ဆင်းရဲမှုတွေနဲ့      ရင်ဆိုင်ရနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ကျဆင်းလာရာ ကနေ   ပြန်လည်မြင့်တက်လာမယ့်    အခြေအနေ   ဖြစ်ပါတယ်။  

 

    
ပဋိပက္ခတွေလျှော့ချဖို့


ဒီတော့    ကျဆင်းနေတဲ့    စီးပွားရေးအခြေအနေ တွေကို  ပြန်လည်ဦးမော့လာဖို့၊  ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ   လျှော့ချဖို့နဲ့    ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ဖို့ လိုအပ်လာပါတယ်။ ကိုဗစ်- ၁၉ ကူးစက်မှုအနေနဲ့က     ယခင်ကထက်စာရင် ကူးစက်မှုနှုန်း      များစွာလျော့နည်းလာနေပါပြီ။ ကာကွယ်ဆေးထိုးတာတွေလည်း စဉ်ဆက်မပြတ် ထိုးနှံပေးနေတာကြောင့်   ထိန်းချုပ်နိုင်တဲ့  အနေ အထားတစ်ခုကို ရောက်ရှိနေပါတယ်။ ကိုဗစ် -  ၁၉ ကူးစက်မှုလျော့ကျလာရင် ကိုဗစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ၊   ထိန်းချုပ်မှု၊   ကန့်သတ်မှုတွေ ဖြေလျှော့လာနိုင်တာကြောင့် စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်နဲ့အပြိုင် ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကတော့ လျော့မကျနိုင်သေးပါဘူး။

 


လျော့မကျသေးတဲ့    နိုင်ငံရေးအကျပ်အတည်း တွေကြောင့် ပြည်တွင်းဖိအား၊ နိုင်ငံတကာဖိအား တွေ   ရှိနေပါတယ်။ ဖြစ်နေတဲ့ ပြည်တွင်း၊ ပြည်ပ ဖိအားတွေဟာ  နိုင်ငံအတွက်   ဘယ်ကို   ဦးတည် စေနိုင်သလဲဆိုတာ လက်ရှိနိုင်ငံအတွင်းမှာ  ဖြစ်နေ တဲ့ တည်ငြိမ်အေးချမ်းရေး၊ အသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်းချက်များနဲ့    နှိုင်းယှဉ် ချင့်ချိန်ကြရမှာပါ။ ၂၀၁၁ ခုနှစ်မတိုင်မီကလည်း ဒီလို ပြည်တွင်း၊    ပြည်ပဖိအားတွေ ရှိခဲ့ဖူးပါတယ်။ ဒီဖိအားတွေကြောင့်     နိုင်ငံနဲ့     ပြည်သူတွေအပေါ် ကျရောက်ခဲ့တဲ့      ကောင်းကျိုး၊     ဆိုးကျိုးတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ပိုများခဲ့ပါတယ်။ 

 


ဒီတော့ ပြည်တွင်းနဲ့ နိုင်ငံတကာဖိအားတွေလျော့ကျ ဖို့ နိုင်ငံရေးအကျပ်အတည်းတွေကို  ဦးစွာဖြေရှင်းကြ ရမှာပါ။     နိုင်ငံရေးပဋိပက္ခတွေ   ပြေလည်မှလည်း  နိုင်ငံသားတစ်ဦးချင်းစီရဲ့  လူမှုစီးပွားဘဝတွေ၊ နိုင်ငံ့ စီးပွားရေး တိုးတက်ရေးတွေကို လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့်     နိုင်ငံရေးပဋိပက္ခတွေ     ဖြေရှင်းရာမှာ အသွင်ကူးပြောင်းရေးကို   အပံ့အပိုးဖြစ်စေမယ့် ဖြေရှင်းမှုမျိုးဖြစ်ဖို့ လိုပါတယ်။ ရေတိုမျှော်မှန်းချက် ထက်  နိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို မျှော်မှန်းလုပ်ဆောင်မှသာ နှစ်ပေါင်း များစွာကြာနေတဲ့      နိုင်ငံရေးပဋိပက္ခသံသရာက ကင်းလွတ်မှာ ဖြစ်ပါတယ်။ 

 


အနာနဲ့ဆေး


ကိုဗစ်-  ၁၉ ကူးစက်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို  ကုစားဖို့  စီးပွားရေး နှိုးဆွတဲ့အစီအစဉ်တွေ ရှိပြီးဖြစ်ပါတယ်။ သို့ပေမယ့် ကိုဗစ်-  ၁၉ အပြင်    နိုင်ငံရေးအကျပ်အတည်း ဖြစ်လာတဲ့အခါ စီးပွားရေးပြန်လည်နာလန်ထူဖို့ စီးပွားရေးရှုထောင့်တစ်ခုတည်းနဲ့ ဖြေရှင်းဖို့ ခက်ခဲ ပါလိမ့်မယ်။ နိုင်ငံရဲ့ နိုင်ငံရေး၊  စီးပွားရေးနဲ့ ကျန်းမာ ရေးတွေအပြင်  အခြားသောကဏ္ဍတွေဟာ တစ်ခုနဲ့ တစ်ခု   ချိတ်ဆက်နေကြတာမို့    ဖြစ်နေတဲ့အနာနဲ့ ကုသမယ့်ဆေးတည့်မှ     ပျောက်ကင်းနိုင်မှာပါ။ ဒါ့အပြင် ဒီကနေ့ဖြစ်နေတဲ့   နိုင်ငံရေးအကျပ်အတည်း ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းနဲ့ သက်ဆိုင် တဲ့ အကြောင်းအရာ၊ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ အားလုံးရဲ့ အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့   ဘုံအကျိုး စီးပွားဆိုင်ရာ ဖြစ်ပါတယ်။      ဘုံအကျိုးစီးပွားကို ဖော်ဆောင်ဖို့ဆိုရင် သက်ဆိုင်သူအားလုံးရဲ့ ညှိနှိုင်း တိုင်ပင်မှု၊  ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါလိမ့်မယ်။

 


အားလုံးလိုလားတဲ့     နိုင်ငံရဲ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဘက်ပေါင်းစုံ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြရဦးမှာပါ။   ဒီစိန်ခေါ်မှုတွေကို   ရင်ဆိုင် ကျော်လွှားဖို့ သူတစ်လူငါတစ်မင်း  နည်းလမ်းတွေ၊  ကိုယ့်သဘောကိုယ်ဆောင်နေမယ်ဆိုရင်  အောင်မြင် ဖို့ထက်  အကျပ်အတည်းတွေဆီ ထပ်မံတွန်းနေသလို ဖြစ်ပါလိမ့်မယ်။ ရေနစ်သူ  ဝါးကူထိုးနေသလိုပါပဲ။ 

 


ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့၊ အခက်အခဲတစ်ခု မှန်ကန်စွာဖြေရှင်းဖို့ဆိုရာမှာ  နိဗ္ဗာန်ရောက်ကြောင်း တရားဖြစ်တဲ့   မဂ္ဂင်ရှစ်ပါး   ကျင့်ကြံအားထုတ်ရန် လိုအပ်သလိုပါပဲ။ မှန်ကန်သောအသိအမြင်၊ မှန်ကန် သောအကြံအစည်၊ မှန်ကန်သောစကားကိုဆိုခြင်း၊ မှန်ကန်သော အမှုကိုပြုခြင်း၊  မှန်ကန်သော အသက် မွေးဝမ်းကျောင်းခြင်း၊ မှန်ကန်သောအားထုတ်ခြင်း၊ မှန်ကန်သော အောက်မေ့နှလုံးသွင်းခြင်း၊ မှန်ကန် သော တည်ကြည်ခြင်းဖြစ်ဖို့  ကိုယ်စီကိုယ်စီကြိုးပမ်း ကြရမှာပါ။     အမှန်တရားဆိုရာမှာလည်း    တစ်ဦး တစ်ယောက်၊ တစ်ဖက်တည်းအတွက် အမှန်တရား ထက်အားလုံးကို   ကိုယ်စားပြုနိုင်တဲ့   အမှန်တရား ဖြစ်မှ  အနာနဲ့ဆေး တည့်ပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အနာတခြား ဆေးတခြား ဖြစ်နေရင်တော့   အနာ တွေသာ  တစ်နေ့တခြား  ကြီးထွားလာနေဦးမှာပါ။

 


ငြိမ်းချမ်းပါစေ


ပြည်သူတွေ   ရင်ဆိုင်နေကြရတဲ့    အကျပ် အတည်းတွေ   ပြေလည်ဖို့ဟာ    နိုင်ငံရေးဆိုင်ရာ လိုလားချက်တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူတွေ ရဲ့အကျိုး၊ နိုင်ငံရဲ့အကျိုးမပါရင် နိုင်ငံရေးလို့ မဆို နိုင်ပါဘူး။   အေးချမ်းတည်ငြိမ်တဲ့ဘဝ၊       စားဝတ် နေရေး ပြေလည်တဲ့ဘဝဆိုတာ   သာမန်ပြည်သူတွေ အတွက်   အခြေခံ    မရှိမဖြစ်လိုအပ်ချက်    တစ်ခုပါ။ နိုင်ငံရေး     ရည်မှန်းချက်တွေ        ဘယ်လောက် ကောင်းကောင်း  ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေနဲ့ ထပ်တူမကျသရွေ့ သက်သေမပြနိုင်တဲ့  သီအိုရီလိုပဲ ဖြစ်ပါလိမ့်မယ်။ အသုံးဝင်ဖို့နဲ့ လက်တွေ့ကျဖို့ ခက်ခဲ မှာပါ။

 


ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာ ရေးအခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုတွေဟာ ကြီးမားကျယ်ပြန့်လှပါတယ်။      ယခင်ကလည်း တွေ့ကြုံ ခဲ့ရ ၊  ခံစားခဲ့ရပြီးပါပြီ။ ယခုထက်တိုင်လည်း ရင်ဆိုင်ခံစားနေကြရဆဲပါ။  နိုင်ငံအနေနဲ့  ဖြစ်ဖြစ်၊ ပြည်သူအနေနဲ့ဖြစ်ဖြစ်  ကြည့်မယ်ဆိုရင် နှစ်ပေါင်း များစွာ ဒီလိုအကျပ်အတည်းတွေကြားမှာ များစွာ ပင်ပန်းဆင်းရဲလှပါပြီ။         ပင်ပန်းဆင်းရဲမှုတွေနဲ့ သံသရာကျော့နေတဲ့ဘဝတွေက    ရုန်းထွက်နိုင်ရေး လက်တွဲကြိုးစားကြဖို့လည်း      အချိန်တန်ပါပြီ။ ကံကြမ္မာအလှည့်အနေနဲ့ လူတိုင်းကိုယ်စီ အပြုံးပန်း တွေနဲ့ ငြိမ်းချမ်းစေချင်လှပါတယ်။      ။    
 

ကိုးကား
၁။    Myanmar Economic Monitor, July 2021, World Bank
၂။    June 2019 Myanmar Living Conditions Survey 2017 Poverty Report, World Bank