ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ချစ်ခင်ကြပါစို့

Type
ကိုထွန်းခင် ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို စာရေးသူအနေနဲ့ ငယ်စဉ် ၁၉၈၈ ခုနှစ်လောက်မှာ ကျယ်ကျယ်လောင်လောင် စတင်ကြားသိခဲ့ရပါတယ်။ အဓိပ္ပာယ်နဲ့ လေးနက်မှုအတိမ်အနက်ကို ခွဲခြမ်းစိတ်ဖြာလောက်အောင် အသက်အရွယ်နဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းက ငယ်နုလေတော့ စကားစုအဖြစ်နဲ့သာ ရင်းနှီးခဲ့ပါတယ်။ ကာလအတော်ကြာ မေ့ပျောက်နေခဲ့ရာက ၂၀၁၀ ပြည့်နှစ်ဝန်းကျင်လောက်မှာတော့ ထိုစကားလုံးက ပြန်လည်လူပြောများလာတာကို သတိပြုမိခဲ့ပါတယ်။ ဂရိစကားလုံးနှစ်လုံးကနေ ဆင်းသက်လာတဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ(demos) နဲ့ အုပ်ချုပ်ရေး (kratos) ပြည်သူအုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရတယ်ဆိုတဲ့အကြောင်း၊ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူ အများ အာဏာပိုင်စိုးသောစနစ်ဖြစ်တယ်၊ ဒီမိုကရေစီဆိုတာ အုပ်ချုပ်ရေးပုံစံတစ်မျိုးဖြစ်တယ်၊ ပြည်သူတွေက အုပ်ချုပ်တဲ့ စနစ်လည်းဖြစ်တယ်ဆိုတာတွေကို ဟိုမှ ဒီမှ တစ်စွန်းတစ်စ တီးမိ ခေါက်မိ ဖတ်မှတ်လေ့လာမိခဲ့ပါတယ်။ အချို့ကလည်း ဒီမိုကရေစီဖော်ဆောင်ခြင်း (Democratization) ဆိုတာ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုစနစ်တစ်ခုကနေ ဒီမိုကရေစီ နည်းကျအုပ်စိုးမှုစနစ်တစ်ခုကို ကူးပြောင်းအကောင်အထည်ဖော် သော လုပ်ငန်းစဉ်လို့အဓိပ္ပာယ်ဖွင့်ကြသလို အချို့ကလည်း ဒီမိုကရေစီ ဆိုတာ စနစ်တစ်ခုဆိုတာထက် ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုကို ဘယ်လိုထူထောင်ရမယ် စသည်ဖြင့်လည်း ဒီမိုကရေစီနဲ့ ပတ်သက်ပြီး မတူညီတဲ့အမြင်ရှုထောင့်တွေ၊ ဒဿန တွေကို ဆွေးနွေးငြင်းခုံသံတွေလည်း ကြားသိ လာရပါတယ်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများကဲ့သို့ ဒီမိုကရေစီလမ်းကြောင်းကို တစ်ဖန် ပြန်လည်ခြေချဖို့ လမ်းစပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် မေလအတွင်း လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးနောက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက စိုးရိမ်ခဲ့ကြပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တစ်ခုအဖြစ် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ အနိုင်ရ ပါတီက အစိုးရဖွဲ့နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်သည် သွေးထွက်သံယိုမှုမရှိဘဲ သိမ်မွေ့ညင်သာ ခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး အရပ်သားအစိုးရတက်လာပြီးနောက် ရွေးကောက်တင်မြှောက် ခံရသူ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာလွှတ်တော်တွေ ကို ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် တွေဟာ အပြန်အလှန်ထိန်းကျောင်းလို့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးလမ်းကြောင်းကို ဦးတည် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ သတင်းမီဒီယာတွေကိုလည်း စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး သတင်းလွတ်လပ်ခွင့်တွေ အတိုင်းအတာတစ်ခုအထိ တိုးတက်ရရှိလာခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးလာခဲ့တာ ငါးနှစ်တာကာလအတွင်း အထိုက်အလျောက် အောင်မြင်မှုတွေရရှိခဲ့ပြီး ဒီမိုကရေစီအုတ်မြစ် ခိုင်မာအောင် အရပ်သားအစိုးရက လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီစနစ်နဲ့ အတန်အသင့် ကျင့်သား ရရှိလာတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ အရပ်သားအစိုးရ ငါးနှစ်တာကာလ သက်တမ်းပြည့်မြောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒုတိယအကြိမ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ တည်တည်ငြိမ်ငြိမ်၊ အကြမ်းဖက်မှုမရှိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးကြဖို့ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက နှိုးဆော်ကြသလို ပြည်သူ တစ်ရပ်လုံးကလည်း နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံး စေဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေးအတွက် ရုပ်ရှင် အနုပညာရှင်တွေ၊ လူသိများထင်ရှားတဲ့ Cele တွေ၊ မီဒီယာတွေက ထိပ်ဆုံးက ပါဝင်ခဲ့တယ်။ အားလုံး ဝိုင်းဝန်းပံ့ပိုးခဲ့ကြတဲ့အတိုင်းပါပဲ ရွေးကောက်ပွဲအနိုင်အရှုံးလည်း ထွက်ပေါ်လာခဲ့ပြီး NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ NLD ပါတီ အစိုးရလက်ထက်မှာ ကုန်ဈေးနှုန်း၊ ရွှေဈေးနဲ့ ဒေါ်လာ လဲလှယ်နှုန်း အဆမတန်မြင့်တက်နေတာ၊ စီးပွားရေးလုပ်ကိုင်ခွင့် ကျပ်တည်းတာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက်ခရီး မပေါက်တာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် နိုင်ငံတကာကဝေဖန်ပြောဆိုတာ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည် အားနည်းမှုတွေနဲ့ စကားကျွံမှုတွေကြောင့်လည်း ပြည်သူလူထုရဲ့ စိတ်ကျေနပ်မှုသည် မျှော်လင့်သလိုမဖြစ်ဘဲ သဲထဲ ရေသွန်ဖြစ်ခဲ့ရတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ NLD အစိုးရဟာ ငါးနှစ်တာသက်တမ်းကာလတစ်လျှောက် ခြေပေါ်အောင် မကစားနိုင်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီ ရှိပါတယ်။ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှုပေါင်း ၂၁၇ မှု ရှိပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့၊ ဖြေရှင်းပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲမတိုင်မီကတည်းက တောင်းဆိုမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲအလွန်ကာလမှာလည်း မဲမသမာမှုတွေကြောင့် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရပါတယ်။ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းသုံးပြီးရယူဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ အမျိုး ဘာသာ သာသနာ ရေရှည်တည်တံ့စေဖို့အတွက် တပ်မတော်က နိုင်ငံတော်အာဏာကို အခြေခံဥပဒေအရ မလွှဲမရှောင်သာ ထိန်းသိမ်း လိုက်ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမှာဖြစ် တပ်မတော်အနေနဲ့ ပြည်သူက ရွေးချယ်ထားတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို မည်သို့မျှ သွေဖည်မည်မဟုတ်ကြောင်း၊ မှန်မှန် ကန်ကန်သွားနိုင်ရန် ထိန်းကျောင်းပေးခြင်းသာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားတာကိုလည်း ဖတ်ရှုရပါတယ်။ ဒါ့အပြင် အရေးပေါ် ကာလပြီးဆုံးသွားပါက စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိတဲ့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမှာဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ အသက်ဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးကြဖို့ တိုက်တွန်း လိုပါတယ်။ ဆန္ဒမဲပေးရာမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူတွေသာ မဲပေးခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူတွေ ကိုလည်း စိစစ်ရေးလက်မှတ် အမြန်ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မဝေးတော့တဲ့အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စိတ်ခံစားမှုထက် ပကတိ အချက်အလက်အမှန်တရားကို ရှေးရှုကာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီ ညွတ်ညွတ် ချစ်ခင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။