
ဒေါက်တာခင်(မွေး-ကု)
ငုံးကို ဂျပန်နိုင်ငံ၌ ၁၂ ရာစုနှစ်ခန့်က စတင်၍ အိမ်မွေးသတ္တဝါအဖြစ် မွေးမြူခဲ့ကြသလို အသားနှင့်ဥအတွက်လည်း မွေးမြူခဲ့ကြသည်။ ဝပ်ရက်နည်းခြင်း၊ စောစီးစွာအရွယ်ရောက်ခြင်း၊ ဥနှုန်းကောင်းခြင်းနှင့် မီးလွတ်ချိန်မှစ၍ အခြားသတ္တဝါများထက် ရာသီဥတုနှင့် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ငုံးဥနှင့်ငုံးသားမှာ အာဟာရဖြစ်စေခြင်းများကြောင့် စီးပွားဖြစ် မွေးမြူလာကြပေသည်။
ငုံးဥသည် ကြက်ဥထက် စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်စသည့် အာဟာရဓာတ်များ ပိုမိုကြွယ်ဝစွာပါဝင်သည်။ ကြက်ဥတစ်ပိဿာ ထုတ်လုပ်မှုထက် ငုံးဥတစ်ပိဿာ ထုတ်လုပ်မှုစရိတ်သည် များစွာ သက်သာမှုရှိသည့်အပြင် ကြီးထွားမှုမြန်သဖြင့် ငုံးဥ၊ ငုံးအသားများ အချိန်တိုအတွင်း ထုတ်လုပ်နိုင်သည်။ ငုံးမွေးမြူခြင်းသည် ကာလတို အတွင်း အကျိုးအမြတ် မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ၂၀၂၃ တိရစ္ဆာန် ကောင်ရေစာရင်းအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ငုံးကောင်ရေ ၁၃ သိန်းနီးပါး မွေးမြူထားရှိပြီး ရန်ကုန်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် အများဆုံးမွေးမြူထားကြသည်။
ကမ္ဘာတစ်လွှား ငုံးမျိုးစိတ်များ
ငုံးဆိုသည်မှာ မြေကြီးပေါ်တွင် အသိုက်ပြုလုပ် နေထိုင်တတ်သော ရစ်ငှက်မျိုးနွယ်ဝင် ငှက်အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစား သေးကာ ခြေတံတိုသည်။ ငုံးထီးနှင့်ငုံးမသည် အရောင်အဆင်းချင်း မတူကြချေ။ ငုံးမသည် သာယာသောအသံကို ပြုတတ်ပြီး ငုံးထီးများ သည် မြည်တွန်သံပိုကျယ်သည်။ ငုံးကို ကောက်ရိုးပြတ်နှင့် မြက်တော ပေါများရာ လွင်ပြင်များတွင် တွေ့ရပြီး ကိုက်အနည်းငယ်မျှ လျင်မြန် စွာ ပျံသန်းပြီးလျှင် ချုံပုတ်ထဲသို့ဝင်၍ ခိုအောင်းနေတတ်သည်။ ခရီးဝေး မပျံသန်းနိုင်ချေ။
ကမ္ဘာတစ်ဝန်းတွင် တောငုံးမျိုးစိတ် (wild quail) အမျိုး ၂၀ နှင့် အိမ်မွေးငုံးမျိုးစိတ် (domestic quail) အမျိုး ၇၀ ကျော်ရှိပြီး ၎င်း တို့၏ အရွယ်အစားနှင့် အသွင်အပြင်ကိုလိုက်ကာ အနည်းငယ်မျှသာ ကွာခြားပါသည်။ တောငုံးတစ်ကောင်၏ သက်တမ်းသည် တစ်ခါတစ်ရံ တွင် လေးနှစ်အထိ အသက်ရှင်နိုင်သော်လည်း များသောအားဖြင့် တစ်နှစ်ခွဲသာဖြစ်သည်။ အရွယ်ရောက်သောငုံးများသည် ပျမ်းမျှ အားဖြင့် ၁၁ လက်မ အရှည်ရှိပြီး အလေးချိန် ၅ ဒသမ ၁ မှ ၆ ဒသမ ၅ အောင်စ (၁၆၀ မှ ၂၀၀ ဂရမ်အထိ) ရှိနိုင်သည်။ ကမ္ဘာပေါ်တွင် တွေ့ရသော ငုံးမျိုးစိတ်များမှာ Common quail, Japanese quail, Blue - breasted quail နှင့် Rain quail တို့ ဖြစ်သည်။
၎င်းတို့အနက် စီးပွားဖြစ်မွေးမြူမှုအများဆုံးငုံးမှာ Japanese quail ဖြစ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဥစားရန် နှင့် ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် အသားအတွက် အဓိကထား မွေးမြူကြသည်။ မြန်မာနိုင်ငံတွင်မူ Common quail ကိုတာနစ်ငုံး (Coturnix coturnix) နှင့် Japanese quail ဂျပွန်နီကာငုံး (Coturnix japonica)တို့ကို ဥနှင့် အသားအတွက် စီးပွားဖြစ် အများဆုံး မွေးမြူကြသည်။ တစ်နှစ်လျှင် ဥ ၂၀၀ မှ ၃၀၀ အထိ ထွက်ရှိ နိုင်သည်။
ငုံးစတင်မွေးမြူခြင်း
ငုံးစတင်မွေးမြူသူများသည် ပေါက်ခါစ နှစ်ရက်သား၊ ခုနစ်ရက် သား၊ ၁၄ ရက်သား၊ ၄၅ ရက်သား စသည်ဖြင့် မိမိနှစ်သက်ရာ ငုံးအရွယ် အစား ရွေးချယ်မွေးမြူနိုင်သည်။ ငုံးပေါက်စမှ ၂၁ ရက်သားအထိ အနွေးပေးမွေးမြူရပြီး ဂရုပြုစောင့်ရှောက်ပေးရန် အထူးလိုအပ်သည်။ အပူငွေ့ဓာတ် အဆက်ပြတ်သွားပြီး အအေးဒဏ်ခံရပါက ငုံးကလေး များ သေကျေပျက်စီးတတ်သည်။ အနွေးပေးအပူချိန်လိုအပ်ချက်မှာ-
၀-၁ ပတ်သား ငုံးငယ်လေးများ ၃၈.C
၁-၂ ပတ်သား ငုံးငယ်လေးများ ၃၅ .C
၂-၃ ပတ်သား ငုံးငယ်လေးများ ၃၂ .C
၂၁ ရက်အထက် အခန်းအပူချိန်အတိုင်း ဖြစ်သည်။
သုံးပတ်သားအရွယ်သည် ငုံးများ မီးလွတ်သည့်အရွယ် ဖြစ်သော် လည်း ရာသီဥတု အေးမြသည့်အခါများတွင်မူ လေးပတ်သားအထိ အနွေးပေးရသည်။ အပူချိန်များလွန်းပါက အမွေးအတောင်စုံလင်ချိန် နောက်ကျ၍ အပူချိန်နည်းလွန်းပါက တစ်ကောင်နှင့်တစ်ကောင် စုပြုံ၍ ထပ်နေကြသဖြင့် ဖိမိကာ အသေများသည်။ အပူချိန်ကွာခြား လွန်းပါကလည်း ပုံမှန်လှုပ်ရှားမှုနှင့် ကြီးထွားမှုကို ထိခိုက်စေသည်။ ထို့ကြောင့် ငုံးများ၏အနေအထား ပတ်ဝန်းကျင်အပူအအေးကို အကဲ ခတ်ကာ အပူချိန်ကို ထိန်းညှိပေးရသည်။
ငုံးငယ်၊ ငုံးလတ်များကို မွေးမြူရာတွင် အခင်းခင်းသော ရိုင်ဝိုင်း ၍ မွေးမြူခြင်း၊ လှောင်အိမ်တွင်းထည့်၍မွေးခြင်းဖြင့် မွေးမြူနိုင်ပြီး ငုံးမကြီးများကို လှောင်အိမ်ကြီးများဖြင့် မွေးမြူကြသည်။ ငုံးကို ကြက်ကဲ့သို့ အခင်းထူစနစ်ဖြင့် မွေးမြူနိုင်သည်။ အခင်းအတွက် ရွေပေါ်စာ၊ စပါးခွံ၊ မြေပဲခွံစသည်တို့ကို အသုံးပြုနိုင်သည်။ လှောင်အိမ် ကို ဒေသထွက်သစ်ဝါး၊ သံဆန်ခါအသုံးပြု၍ တည်ဆောက်နိုင်သည်။ ငုံးခြံကို လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိမွေးမြူရ သည်။ ဥစားအတွက် ငုံးထီးမပါဘဲ ငုံးမများကိုသာ မွေးမည်ဆိုပါက တစ်ပေပတ်လည်ရှိ ခြံတစ်ခြံတွင် ငုံးမကောင်ရေ ငါးကောင် မွေးမြူ နိုင်ပါသည်။ မျိုးဥများအတွက် မွေးမည်ဆိုပါက တစ်ပေပတ်လည် ခြံတစ်ခြံတွင် ငုံးအမ သုံးကောင်၊ အထီး တစ်ကောင်နှုန်း ထားရှိမွေးမြူ ရပါမည်။ ဥထုတ်လုပ်မှု လျင်မြန်စွာရလိုပါက အသက် လေးပတ်သား အရွယ် ငုံးများကို ရွေးချယ်မွေးမြူသင့်သည်။ ငုံးတစ်ကောင်သည် နှစ်လမှ ရှစ်လအထိ ဥ ဥနှုန်းကောင်းမွန်တတ်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျဆင်းသွားလေ့ရှိသည်။ ဥ ဥနှုန်းကျဆင်းသွားသော ငုံးများကို အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်သည်။ ငုံးအထီးများ ကို ရက် ၅၀ အထိ မွေးမြူပြီး အသားအဖြစ် ဈေးကွက်သို့ရောင်းချ နိုင်ပါသည်။
ငုံးအထီးအမ ခွဲခြားခြင်း
ငုံးအသက် ၃-၄ ပတ်ခန့်တွင် အထီးအမ ခွဲခြားနိုင်သည်။ ငုံးမ များသည် အသက် ၅-၆ ပတ်အရွယ်တွင် ဥချိန်နီး စတင်ဥစမ်းသည့် မတမ်းအရွယ်သို့ ရောက်ရှိကြသည်။ ငုံးမျိုးစိတ်အများစုတွင် အထီး အမကို ၎င်းတို့၏ အမွေးများဖြင့် အလွယ်တကူဆုံးဖြတ်နိုင်သည်။ ငုံးမ၏ ရင်ဘတ်အမွေးမှာ အညိုဖျော့ရောင် အစက်အပြောက်များဖြင့် ဘယက်ကဲ့သို့ရှိပြီး အထီးများတွင် ညိုမည်းရောင် (အနီညိုရောင်) လည်ပင်းအောက်အမွေးများရှိသော်လည်း အမည်းစက်များ ရှိမည် မဟုတ်ပါ။ ငုံးအထီးများသည် များသောအားဖြင့် ၎င်းတို့၏ နောက်ကျော၊ လည်ပင်းနှင့် ဦးခေါင်းတို့တွင် ပိုမိုတောက်ပသော ရောင်စုံအမွေးများ ရှိကြပြီး ငုံးအမများသည် ရိုးရိုးအရောင်သာဖြစ်သည်။ ငုံးအထီးများ သည် တစ်ကောင်နှင့်တစ်ကောင် ရန်လိုတတ်ပြီး ငုံးမသည် ပို၍ တည်ငြိမ်သည်။ ငုံးအထီးများသည် မိတ်လိုက်ရာသီတွင် အသံ ကျယ်လောင်စွာခေါ်ဆိုတတ်ကြပြီး ‘အူ’ သည်ဟုပင် ဆိုကြသည်။ ငုံးထီးများသည် များသောအားဖြင့် မိတ်လိုက်ခြင်းကြောင့် ၎င်းတို့၏ ဦးခေါင်းနှင့်နောက်ကျောတွင် အမွေးများ ဆုံးရှုံးလေ့ရှိသည်။ Coturnix ငုံးအထီးများသည် မျိုးပွားသည့် အခြေအနေတွင်ရှိသောအခါ ၎င်းတို့၏ စအိုအပေါ်ပိုင်းရှိ ဂလင်းမှ အဖြူရောင်အမြှုပ်များ ထွက်လာလေ့ ရှိသည်။ သာမန်အားဖြင့် ငုံးမသည် ငုံးထီးထက် အရွယ်ကြီးသည်။
ငုံးနှင့်အလင်းရောင်
အလင်း၏အရောင်အသွေးသည် ငုံးများ၏ ကြီးထွားခြင်း၊ အရွယ်ရောက်ခြင်း၊ မျိုးအောင်ခြင်း၊ ဥဥခြင်းနှင့် ဥဥချိန်တို့နှင့် ဆက်စပ်မှုရှိသည်။ တစ်နေ့အလင်းရောင် ၁၄ နာရီ ရရှိသောငုံးများသည် ၇-၈ ပတ်အရွယ်တွင် ဥနှုန်းမြင့်မားစွာ ဥတတ်သည်။ ငုံးမွေးမြူရေး ခြံသည် မွေးမြူပြီး ၉ ရက်မှ စတင်၍ သဘာဝမှရရှိသည့် နေရောင် ခြည်အလင်းအပါအဝင် နေ့စဉ် ၁၆ နာရီဝန်းကျင် အလင်းရောင် ရရှိစေသင့်သည်။ ငုံးဥထွက်နှုန်းမှာ အပြာရောင်အလင်းနှင့် နှိုင်းယှဉ် ပါက အနီရောင်အလင်းတွင် ပိုမိုငုံးဥဥကြောင်း လေ့လာတွေ့ရှိရသည်။ အစိမ်း (သို့) အပြာရောင် မီးအောက်တွင် မွေးမြူထားသော ၅ ပတ် သားအရွယ် အထီးအမများသည် အနီအလင်းရောင်တွင် မွေးမြူသည့် ငုံးများထက် ကြီးထွားနှုန်း နှေးတတ်ကြသည်။
အစာကျွေးခြင်း
ဥဥနှုန်းကောင်းခြင်း၊ မျိုးအောင်ခြင်း၊ ကြီးထွားနှုန်းကောင်းခြင်း စသည့် အရည်အသွေးများ ရရှိရန်အတွက် အစာသည် မျိုးနှင့်ဒွန်တွဲ အရေးပါလှသည်။ ငုံးစာတွင်ပါဝင်ရမည့် အစာများမှာ ကြက်စာတွင် ထည့်ရသည့် အစာများနှင့် တူညီသည်။ ပါဝင်သောအချိုးအစားသာ ကွာခြားသည်။ ငုံးသည် အဖြစ်မြန်သော သတ္တဝါဖြစ်သဖြင့် အစာတွင် အသားဓာတ်ပရိုတင်း(Protein) ၂၅ - ၃၀ ရာခိုင်နှုန်းအထိ ပါရှိရန် လိုအပ်သည်။ ပရိုတင်းသည် ခန္ခာကိုယ်ကြီးထွားရန်နှင့် ငုံးဥဥရန် အတွက် လိုအပ်သည်။ အသားဓာတ်ကို မြေပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊ ငါးပေါင်းမှုန့်၊ ငါးခြောက်တို့မှ အဓိကရရှိနိုင်၍ ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု တို့မှ အနည်းငယ်ရရှိနိုင်သည်။ ငုံးစာတွင် အာဟာရဖြစ်စေမည့် ဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင်ရန်နှင့် မီသီအိုနင်းနှင့် လိုင်စင်း စသည့် အမိုင်နိုအက်စစ် နှစ်မျိုးကိုလည်း ဖြည့်စွက်ကျွေးရန် လိုအပ် သည်။ ငုံးများတွင် ဗီတာမင်ချို့တဲ့ပါက ဥဥနှုန်းကို ထိခိုက်စေသည့် အပြင် သက်တမ်းကိုလည်း တိုစေသည်။ ငါးခြောက်တွင်ပါဝင်သော မီသီအိုနင်း(Methionine)သည် ဥစံချိန် ကောင်းစေသည်။ သို့သော် အစာတွင် အဆီဓာတ်ပါဝင်မှုနှုန်း များပြားခြင်းသည် ငုံးများကို အသေ အပျောက်များစေသည်။ ထို့ပြင် ထုံးကျောက်မှုန့် နည်းပါကလည်း ငုံးများဥဥရာတွင် အခွံများပါးပြီး ပျော့နေတတ်သည့်အတွက် သတ္တု ဓာတ်များဖြစ်သည့် ကယ်လ်စီယမ်၊ ဖော့စ်ပိုရပ်၊ ဖော့စ်ဖရပ်၊ ပိုတက်စီ ယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာနှင့် ဆိုဒီယမ်ကလိုရိုက်တို့ကို ချိန်ဆ၍ ထည့်သွင်းကျွေးမွေးရမည်။
ငုံး၏ခန္ဓာကိုယ်တွင် ရေဓာတ် ၇၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထား သဖြင့် ငုံးများ လတ်ဆတ်သန့်ရှင်းသည့်သောက်ရေ လုံလောက်စွာ ရရှိရန် အရေးကြီးသည်။ ငုံးများစားသုံးသည့် အစာခြောက်အလေးချိန် ၏နှစ်ဆခန့် ရေသောက်ရရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင် အပူချိန် မြင့်သည့် အပူပိုင်းဒေသများတွင် ရေပို၍လိုအပ်သည်။ အစာတွင် ဆားပါဝင်မှုများခြင်း ဖြစ်ပါကလည်း ရေပို၍လိုအပ်ပါမည်။ မွေးမြူရာတွင် ရေမပြတ်စေရန် အမြဲဂရုစိုက် ရမည်။ ရေသည် အစာကို ကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို ဟန့်တားရာတွင် အထောက်အကူဖြစ်သည်။ ရေကို နေ့စဉ်လဲပေးရန် လိုအပ်ပြီး သန့်ရှင်းအောင် ပြုလုပ်ပေးရမည်။
ကာကွယ်ဆေးပေးခြင်း
ငုံးပေါက်များ တစ်ရက်သားတွင် မားရက်ရောဂါ(Marek) ကာကွယ် ဆေးကို အရေပြားအောက်တွင် ပေးရမည်။ ငုံးအသက် ၇-၁၀ ရက် အတွင်း လည်လိမ်ရောဂါနှင့် လေပြွန်ရောင် ရောဂါကာကွယ်ဆေးကို နှာခေါင်းအစက်ချ (သို့) မျက်စဉ်းခတ် ကာကွယ်ဆေးပေးရမည်။ ငုံးအသက် ၁၄ ရက်တွင် ကျောက်ရောဂါကာကွယ်ဆေး (တောင်ပံခြစ် ဆေး)ပေးရမည်။ ငုံးအသက် ၂၈ ရက်တွင် လည်လိမ်ရောဂါနှင့် လေပြွန် ရောင်ရောဂါကာကွယ်ဆေးကို သောက်ရေတွင် ထည့်တိုက်ရမည်။ ၃-၄ လ ကြာတိုင်း လည်လိမ်ရောဂါ (ရေဖျော်)ကာကွယ်ဆေးကို တိုက်ကျွေးရမည်။
ဖြစ်ပွားတတ်သည့် ငုံးရောဂါများ
ငုံးပေါက်စအရွယ်တွင် အအေးမိခြင်း၊ အပူမိခြင်း၊ တစ်ကောင် နှင့်တစ်ကောင် ဖိမိခြင်း၊ အခင်းထူစနစ်ဖြင့်ထားပြီး ရေခွက်နှင့် အရွယ် မမျှခဲ့သော် ရေနစ်ခြင်း စသည်တို့ကြောင့် သေကျေတတ်သည်။ သုံးပတ်သားအရွယ်မှ ကျော်လွန်လာသည့်အခါ ရောဂါဒဏ်ကို ခံနိုင် ရည်ရှိလာသည်။ ငုံးကြီးဘဝတွင် အာဟာရဓာတ်ပြည့်စုံစွာ အချိုးအစား မညီမျှမှုကြောင့် အာဟာရချို့တဲ့သောရောဂါများ ဖြစ်လေ့ရှိသည်။
ငုံးအများစုတွင် ဖြစ်ပွားတတ်သောရောဂါမှာ မားရက်ရောဂါ ဖြစ်သည်။ DNA Cell associated herpes virus ကြောင့်ဖြစ်ပြီး ငုံးများမှိုင်ကုပ်ခြင်း၊ အစာစားနည်းခြင်း၊ ဝမ်းသွားခြင်း၊ အသက်ရှူ ပြင်းခြင်း၊ အာရုံကြောထိ၍ ဘေးတစောင်းလဲခြင်း၊ လည်ပင်းလိမ်ခြင်း များ ဖြစ်ပေါ်တတ်ပြီး သေဆုံးမှုရှိနိုင်သည်။
လည်လိမ်ရောဂါ(Newcastle disease)သည် Paramyxovirus type 1 ကြောင့်ဖြစ်ပြီး ငုံး၏အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်း နှင့် အာရုံကြောများထိခိုက်မှုရှိ၍ ပြင်းအားများသည့် virus ပိုးကြောင့် ဖြစ်ပါက ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးမည်။ သေဆုံး နှုန်း များနိုင်သည်။ ပြင်းအားအသင့်အတင့်ရှိသော virus ပိုးကူးစက် ခံရပါက အသက်ရှူစဉ် ချွဲသံကြားခြင်း၊ မျက်ရည်ကျ၍ မျက်နှာရောင် ခြင်း၊ ဥငုံးမများရုတ်တရက် ဥနှုန်းကျခြင်း၊ ပုံသဏ္ဌာန်မမှန်ဥများ ဥချတတ်ပြီး အစိမ်းရောင်ဝမ်းသွားခြင်းများတွေ့ရတတ်သည်။
ငုံးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်သောရောဂါမှာ ချေးဖြူရောဂါ (Pullorum disease) ဖြစ်သည်။ Salmonella pullorum bacteria ကြောင့်ဖြစ်ပြီး မျိုးငုံးမကြီး၏ မျိုးဥမှတစ်ဆင့် ငုံးပေါက်များတွင် ရောဂါပါရှိဖြစ်ပွားတတ်သည်။ အဖြူရောင်ဝမ်းသွားခြင်း၊ မှိုင်ကုပ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ဥဥနှုန်း၊ သားအောင်နှုန်းကျဆင်းခြင်း စသည့် လက္ခဏာများ တွေ့ရတတ်သည်။ မိဘငုံးများအား ချေးဖြူရောဂါရှိ/ မရှိစစ်ဆေးပြီး ရောဂါကင်းသည့် ငုံးကိုသာ မျိုးအဖြစ်အသုံးပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
ထိန်းသိမ်းစောင့်ရှောက်မှုညံ့ဖျင်းခြင်း၊ သန့်ရှင်းမှုမရှိခြင်း၊ ရောဂါပိုးပါဝင်သည့်အစာနှင့် ရေများကို စားသုံးခြင်းတို့ကြောင့် သွေးဝမ်းရောဂါ (Coccidiosis) နှင့် အူရောင်ရောဂါ (Ulcerative enteritis by Clostridium colinum and E.coli) ကိုလည်း တွေ့ရ တတ်သည်။ ငုံးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပါက coccidiostats ဆေးများဖြစ်သော Monensin sodium (Coban)နှင့် Amprolium ကို အစာတွင် ရောစပ်ကျွေးမွေးခြင်း၊ ငုံးလတ်အရွယ်မှ စတင်၍ သံဆန်ခါအခင်းပေါ်တွင် မွေးမြူခြင်းဖြင့် သွေးဝမ်းရောဂါ ဖြစ်ပွားနှုန်း လျော့ပါးစေပါသည်။
အူရောင်ရောဂါ (Ulcerative enteritis by Clostridium colinum and E.coli) ဖြစ်ပွားပါက ငုံးအတောင်ကျခြင်း၊ မှိုင်ကုပ်နေခြင်း၊ အစာ အစာပျက်ခြင်း၊ ဝမ်းအညိုရောင် အဖြူရောင်များသွားခြင်း စသည့် လက္ခဏာများတွေ့ရပြီး သေနှုန်း ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။ Amoxicillin, Enrofloxacin နှင့် Ciprocin ဆေးများကို ဆေးညွှန်း အတိုင်းတိုက်ရန် လိုအပ်သည်။ ထို့ပြင် အစာ၊ ရေနှင့် ငုံးလှောင်အိမ် များကို သန့်ရှင်းအောင် ဆောင်ရွက်သင့်ပါကြောင်း ငုံးမွေးမြူသူများ ဗဟုသုတရရှိစေရန် ရေးသားလိုက်ရပေသည်။ ။
- Log in to post comments