၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံတွင် အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝ မတတ် မြောက်သူ ဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပြီး ပြည်နယ် များတွင် ပညာရေးနှင့် ပတ်သက်ပါက ပိုမိုအားနည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးကို အလေးပေးဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၈ ရက်တွင် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အထက်တန်းပညာ မသင်ကြားဖူးသူနှင့် စာလုံးဝမတတ်မြောက် သူဦးရေ မြင့်မားလျက်ရှိခြင်းက မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ ဖြစ်ပြီး နိုင်ငံ့အနာဂတ်အတွက် မကောင်းသည့် အလားအလာတစ်ခုပင် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားတို့၏ လူမှု စီးပွားဘဝများ တိုးတက်မြင့်မားရေးတို့ကို အသိပညာ၊ အတတ် ပညာ နည်းပါးနိမ့်ကျနေသည့် လူသားအရင်းအမြစ်ဖြင့် မြှင့်တင်ရန် မှာ လွန်စွာခဲယဉ်းလှမည်ဖြစ်သည်။ ကျောင်းပညာအလယ်တန်း အဆင့်မျှသာ သင်ကြားဖူးသူများ၊ စာလုံးဝ မတတ်မြောက်သူများမှာ အခြားသော အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုကိုပါ ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်ခြင်းမရှိပါက ဆင်းရဲမွဲတေမှုမှ မည်သည့် အခါမျှ လွတ်မြောက်နိုင်မည်လည်း မဟုတ်။ မကောင်းမှု ဒုစရိုက် လုပ်ငန်းများဆီ ရောက်မသွားလျှင်ပင် တော်လှပြီဟုသာ ဆိုရတော့ မည် ဖြစ်သည်။ ဆင်းရဲမွဲတေခြင်း-ပညာမသင်ကြားနိုင်ခြင်း-ဝင်ငွေ နည်းပါးနိမ့်ကျခြင်းဟူသော သံသရာစက်ဝန်း၌သာ လည်ပတ်နေ ရပြီး မိမိတို့ကိုယ်တိုင် ရုန်းထွက်မှသာ လွတ်မြောက်နိုင်ကြမည်ဖြစ်ရာ ဆင်းရဲမွဲတေမှုနှင့် အသားကျနေထိုင်မသွားကြစေရန် တိုက်တွန်း နှိုးဆော်မှုများ ပြုလုပ်ရန်လိုအပ်သည်။
အထူးသဖြင့် မိမိတို့ လူမျိုးများ၏ အရည်အသွေး၊ အရည်အချင်း သည် ဗီဇသဘောအရ နိမ့်ကျခြင်း မရှိသည့်အတွက် ရေရှည်တွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို နှစ်စဉ် မြှင့်တင်သွားရန်လိုအပ်သလို ကျောင်းပြင်ပရောက်နေသူများအတွက် လက်တွေ့အလုပ်အကိုင်များ ရရှိနိုင်၊ ဝင်ငွေရရှိနိုင်သည့် သက်မွေး ဝမ်းကျောင်းပညာများ ထိထိရောက်ရောက် သင်ကြားပေးနိုင်ရေး၊ စာမတတ်သူ ပပျောက်ရေးတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝ သယံဇာတ အရင်းအမြစ်ချို့တဲ့ခြင်းသည် အဓိကကျသော ပြဿနာ တစ်ရပ်မဟုတ်၊ သယံဇာတတစ်ခုမျှမရှိဘဲ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို သာဓကအဖြစ် တွေ့မြင်နိုင်သည်။ သို့ရာတွင် လူသား အရင်းအမြစ် ချို့တဲ့နိမ့်ကျခြင်းကမူ လူတစ်ဦးချင်းအနေဖြင့် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်မည်မဟုတ်သလို နိုင်ငံကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် မြှင့်တင်နိုင်မည် မဟုတ်သည့်အလျောက် ကျောင်းပညာ၊ အသက်မွေးအတတ်ပညာများ သင်ကြားနိုင်ရေး တိုက်တွန်းအားပေးခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်သည်။
နိမ့်ကျသည့်အခြေအနေမှ လွတ်မြောက်အောင် ကြိုးပမ်း အားထုတ်လိုသည့် လူတစ်ဦးချင်းစီ၏ အလိုဆန္ဒသည် ပတ်ဝန်းကျင် ၏ ဩဇာလွှမ်းမိုးမှုပေါ်တွင် မူတည်နေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ ပတ်ဝန်းကျင်အခြေအနေများ၊ ယဉ်ကျေးမှုအစဉ်အလာ များ၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ၊ အာဟာရစားသုံးနိုင်မှု အခြေအနေများ၊ ဦးစီးခေါင်းဆောင်တို့၏ အရည်အသွေးများက ဒေသဖွံ့ဖြိုးရေး၊ ပြည်နယ်ဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါ သည့်အလျောက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ကြရေး တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။