နိုင်ငံ့အကျိုးစီးပွား ပြန်လည်တည့်မတ်ဆောင်ရွက်

ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းညှိပြီး တည့်မတ်ခိုင်မာအောင် ဆောင်ရွက်ကြ သည်။ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဥပဒေ ပြုရေးမဏ္ဍိုင်မှ  ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်အသီးသီးတွင်  ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ကြသည်။ ထိုသို့ဆွေးနွေးဆုံးဖြတ်ကြရာ၌ လုပ်ငန်းဘတ်ဂျက် များ၊ စီမံကိန်းလုပ်ငန်းများကို အတည်ပြုပေးသည်လည်းရှိသည်။ လျှော့ချသည် လည်းရှိသည်။ အချို့ကိစ္စများတွင်  အများပြည်သူအကျိုးစီးပွားနှင့်    စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့်စီမံကိန်းများလည်းရှိသည်။


နိုင်ငံအကျိုးစီးပွားအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက လုပ်ငန်းများကို ဆောင်ရွက်ရာ၌ လက်တွေ့နယ်ပယ်တွင် ရှုထောင့်ပေါင်းစုံမှတွက်ချက်ပြီး စီမံကိန်း လုပ်ငန်းအောင်မြင်အောင် ရေးဆွဲဆောင်ရွက်ကြသည်။ တွက်ချက်ဆောင်ရွက်ထားသောလုပ်ငန်းများ၊ စီမံကိန်းများကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်ရာတွင် အချို့စီမံကိန်းများမှာ ဝေဖန်ထောက်ပြမှု၊ ကန့်ကွက်ပယ်ချ မှုများနှင့် ကြုံကြရသည်။ ထိုအခါ ဘဏ္ဍာ ငွေကြေးအမြောက်အမြားအကုန်အကျခံကာ ဆောင်ရွက်ခဲ့သောစီမံကိန်းများ ရပ်တန့်သွားပြီး ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်ကြရ သည်။ တိုင်းပြည်တည်ဆောက်ရေး၊ တိုင်းပြည်စီးပွားရေးမှာ ရှေ့ဆက်မတိုးနိုင်ဘဲ လှေလှော်ရင်းတက်ကျိုးရသလို အဖြစ်များရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများနှင့် လုပ်ကိုင်ကြသောစီမံကိန်းများ ထိခိုက်နစ်နာကြကာ ရင်းနှီးမြှုပ်နှံမှု အပေါ် ယုံကြည်မှုပျက်ပြားခဲ့သည်။


သာဓကအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ဆောက်အကောင် အထည်ဖော်ခဲ့သော အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် စီမံကိန်း တစ်ခုလုံး၏ ပြီးစီးမှုရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်း ပြီးစီးခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်တက်လာသော အစိုးရလက်ထက်ကာလ ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့နောက်မဆင်ခြင်သော သုံးသပ်မှုများနှင့် ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုလုပ်ငန်းများ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ အဆိုပါ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ (TPE) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာ လ ၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁  ရက်နေ့တွင်   စက်မှုဝန်ကြီးဌာနသို့   လွှဲပြောင်း၍ ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ စီမံကိန်းရပ်ဆိုင်းထားသည်မှာ လေးနှစ်နှင့်ခြောက်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။


လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့နောက် ဆင်ခြင်နိုင်မှု၊ မြော်တွေးဆုံးဖြတ်မှု အားနည်းချက်များကြောင့် နိုင်ငံ့အကျိုးပြု စီမံကိန်းကြီးကို ရပ်ဆိုင်းခဲ့ရခြင်းသည် နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ် စေခဲ့သည်။ စီမံကိန်းသည် နိုင်ငံအတွက် လက်တွေ့အကျိုးဖြစ်ထွန်းနိုင်မည့် စီမံကိန်း ဖြစ်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်၌  စီမံကိန်းကို  အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများစတင်နေပြီ ဖြစ်သည်။ စီမံကိန်းလုပ်ငန်းများကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်းကြီးသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့သည့် သံနှင့်သံမဏိစက်ရုံ စီမံကိန်းကြီးဖြစ်သည်။ စီမံကိန်းကြီးပြီးစီးပါက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိထုတ်ကုန်များကို ပြည်ပ သွင်းကုန်အဖြစ် တင်သွင်းရန်မလိုအပ်တော့ဘဲ ပြည်တွင်းသံနှင့်သံမဏိလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ နိုင်ငံခြားငွေ အပိုကုန်ကျမှုမရှိတော့ဘဲ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် အဆိုပါစီမံကိန်းကို မဖြစ်မနေအောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည်။


နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံအား သတ်မှတ်ရက်အတွင်း စတင်လည်ပတ်၍ သံမဏိထုတ်လုပ်မှုအား  အမြန်ဆုံးဆောင်ရွက်နိုင်မည်ဆိုပါက    နိုင်ငံအတွက် နိုင်ငံခြားငွေသုံးစွဲမှုများကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သတ္တုမိုင်းများ၊ စက်ရုံမှ ထွက်ရှိသည့် သတ္တုရိုင်းများနှင့် သံမဏိများအား ငွေကုန်ကြေးကျသက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းများ စနစ် တကျတည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အားများ မပြတ်ရရှိအောင် စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားထား သည်။ ထို့ကြောင့် အဆိုပါစီမံကိန်းကြီး အကောင်အထည်ပေါ်လာပါက နိုင်ငံအတွက် များစွာအကျိုးစီးပွားဖြစ်ထွန်းလာမည်ဖြစ်သည်။ 


သို့ဖြစ်ရာ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ရှေးရှုဆောင်ရွက်ခဲ့သော စီမံကိန်းများ ပြန်လည်တည့်မတ်၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ကြခြင်းဖြင့်  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်   နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။       ။