နိုင်ငံအလုံးစုံ ပျက်သုဉ်းရေးနှင့် တပ်မတော်ပြိုကွဲရေး ကြိုးပမ်းမှုများ မလွဲမသွေ ကျဆုံးရမည်

အကြမ်းဖက်မှုများ   ကျူးလွန်ခဲ့ကြသည့်  အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိသည့်   သတင်းများနှင့်အတူ   ကာယကံရှင် အကြမ်းဖက်သမားတို့၏ ဖွင့်ဟဝန်ခံချက်များကိုလည်း ရုပ်သံမီဒီယာ များမှတစ်ဆင့် ပြည်သူတို့ တွေ့မြင်ကြားသိခွင့်ရခဲ့ကြသည်။ အကြမ်း ဖက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများ၊ စေခိုင်းသူများသည် မည်သူမည်ဝါတို့ဖြစ်ကြောင်း၊ မည်သို့ခိုင်းစေခဲ့သည်၊ မည်သို့ ကျူးလွန် ခဲ့သည်တို့ကို ၎င်းအကြမ်းဖက်မှုများအား ကာယကံမြောက်ကျူးလွန်  ခဲ့သူတို့ကိုယ်တိုင်က      ထုတ်ဖော်ပြောကြားခဲ့ကြသည်။   အာဏာ လက်လွတ်ဖြစ်ခဲ့ရသည့် နိုင်ငံရေးသမားတို့က တက်ကြွသူ၊ ခံစားချက် ပြင်းထန်သူ၊ စွန့်စားသူလူငယ်တို့ကို နောက်ကွယ်မှ မြှောက်ပင့်ပေး ၍လည်းကောင်း၊  လက်နက်ငွေကြေးတို့  ထောက်ပံ့ပေး၍ လည်း ကောင်း၊ အသိမှား အမြင်မှားတို့ဖြင့် ဝါဒမှိုင်းတိုက်၍လည်းကောင်း နည်းအမျိုးမျိုးသုံးကာ ၎င်းတို့၏ နိုင်ငံရေးလိုဘများအတွက် လူငယ် လူရွယ်များကို စတေးခဲ့ကြခြင်းဖြစ်သည်။
အကြမ်းဖက်မှုများအတွင်း ဖမ်းဆီးခံရသူ အများစုမှာ လူငယ်များ ဖြစ်ကြသည်။ သူတို့သည်  ငယ်ရွယ်နုပျိုသူများ၊ ခွန်အားဉာဏ်အားတို့ ပြည့်ဖြိုးသည့် တက်လူအရွယ် အနာဂတ်နိုင်ငံအတွက် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ   ဖြစ်လာသင့်သူများ  ဖြစ်သော်လည်း လူလည်နိုင်ငံရေးသမားတို့၏  အသုံးချခံများ ဖြစ်သွားကြရသည်။ အကြမ်းဖက်သမားများဘဝသို့         ကျရောက်သွားကြရသည်။ ကျောင်းသားအရွယ်၊  လုပ်ငန်းခွင်ဝင်ရောက်ရမည့်အရွယ်  လူငယ် တို့မှာ   သွေးစွန်းသည့်လက်များနှင့်   လူသတ်သမားများဖြစ်သွား ကြသည်။ နောက်ကွယ်မှ ခိုင်းစေမှုကြောင့် သူတို့ကိုယ်တိုင် သတ်ဖြတ် ခဲ့သူများသည် သူတို့ကိုယ်တိုင် သိသူများမဟုတ်။ ရန်ဘက်များလည်း မဟုတ်။ သို့သော် ခိုင်းစေသူတို့က ဤသူသည် သူလျှိုဖြစ်ကြောင်း၊ ဒလန်ဖြစ်ကြောင်းပြောပြီး ငွေစကြေးစ အနည်းငယ်နှင့် လက်ထဲသို့ လူသတ်လက်နက်ကို    ထည့်ပေးလိုက်ပြီး   ညွှန်ကြားစေခိုင်းခဲ့ကြ ခြင်းဖြစ်သည်။
ကြီးမားသည့် ရာဇဝတ်မှုဖြစ်သော ကြိုတင်ကြံစည်လူသတ်မှု များကို တော်လှန်ရေး၏ လုပ်ငန်းစဉ်အဖြစ် လှည့်စားကာ လူငယ်များ ကို  လိမ်ညာခိုင်းစေခဲ့ကြသူများတွင်  နိုင်ငံရေးသမားများသာမက တိုင်းပြည်ဖျက်၊ ပြည်ပလက်ဝေခံ မီဒီယာများလည်း ပါဝင်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အာဏာပြန်လည်မရရှိနိုင်ပါက နိုင်ငံကို အလုံးစုံ  ပျက်စီးစေရေးဖြစ်သည်။  ကုလသမဂ္ဂ သို့မဟုတ် ပြည်ပ  တပ်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရေး နှပ်ကြောင်းပေး ဝါဒဖြန့်မှုများ၊  ပြည်တွင်းစစ်မီးတောက်လောင်စေရေး တို့မီးရှို့မီး လုပ်မှုများ၊ တပ်မတော်ပြိုကွဲပျက်စီးရေး လုပ်ကြံဖန်တီးမှုများ၊ မြန်မာ နိုင်ငံတွင် လူအများစုယုံကြည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာကို တိုက်ခိုက် မှုများအားလုံး၏ ဦးတည်ချက်မှာ မြန်မာနိုင်ငံ အလုံးစုံပျက်စီးစေရေး ပင်ဖြစ်ပြီး ပြာကျသွားသည့် နိုင်ငံဘဝတွင် အာဏာပြန်ရမည်ဟူသော အတွေးအခေါ်မျိုးများကိုပင် တွေ့မြင်ရသည်။
ယခုအခါ  မြို့ကြီးများတွင်   အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ပတ်သက်နေသူများ၊  အကြမ်းဖက်အုပ်စုများ၊  လက်နက် ခဲယမ်းများ စသည်တို့ကို ပြည်သူတို့၏ သတင်းပေးမှု၊ အကြမ်းဖက် တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်မှုများနှင့်အတူ ဆက်တိုက်ဆိုသလို ဖော်ထုတ်လျက်ရှိသည်။ တစ်ဖက်မှ အကြမ်းဖက်အဖွဲ့အစည်းများ နှင့် ၎င်းတို့၏မီဒီယာများကလည်း ပြည်သူလူထုအတွင်း  တပ်မတော် မုန်းတီးရေး၊  တပ်မတော်ပြိုကွဲရေးတို့ကို အဓိကပစ်မှတ်ထားကာ ကြိုးပမ်းလျက်ရှိနေသည်။ တပ်မတော်ကို ရင်ဆိုင်မတိုက်ရဘဲ အနိုင် ရရေးအတွက် စိတ်ကူးယဉ်မှုဖြင့် အားထုတ်မှုများမှာ နိုင်ငံပြိုကွဲပျက်စီး ရေးဟူသော စေတနာဆိုးနှင့်အတူ မလွဲမသွေ ကျဆုံးမည်သာ ဖြစ်ပါ ကြောင်း။    ။