
သူရိန်သော်
နိုင်ငံတိုင်းက သူတို့နိုင်ငံမှာရှိတဲ့ လူငယ်တွေကို နိုင်ငံရဲ့ အနာဂတ်၊ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မျိုးဆက်သစ်တွေအဖြစ် မှတ်ယူလေ့ရှိပါတယ်။ နိုင်ငံ တိုးတက်မြင့်မားဖို့အတွက် အနာဂတ်ကို ဖန်တီးထုဆစ်ကြမယ့်သူတွေဟာ နိုင်ငံအတွင်းက လူငယ်တွေပဲ ဖြစ်ပါတယ်။ အဖိုးတန်တဲ့ နိုင်ငံ့သားကောင်း သမီးကောင်းတွေဖြစ်လာစေဖို့ လူကြီးတွေက လက်ဆင့်ကမ်းသင်ကြားပေးကြ၊ ပံ့ပိုးထိန်းကျောင်းပေးကြရတာဟာ လူ့လောကရဲ့ အစဉ်အလာတစ်ရပ် ဖြစ်ပါတယ်။ လူငယ်တစ်ဦးချင်းစီ အရည်အသွေးမြင့်မားလာစေဖို့၊ စိတ်ဓာတ်ကြံ့ခိုင်စေဖို့၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားပြီး ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားတွေနဲ့ ပြည့်ဝလာအောင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝအောင် တည်ဆောက်ပေးကြခြင်းဖြင့် နိုင်ငံက အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
လူငယ်လို့ဆိုလိုက်လျှင် အသက်ကန့်သတ်ချက် အမျိုးမျိုးရှိကြပေမယ့် အများစုကတော့ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အကြားကို လူငယ်အဖြစ် ယေဘုယျ သတ်မှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ စုစုပေါင်းလူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းက အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အကြား လူငယ်တွေ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ နိုင်ငံ့လူဦးရေရဲ့ သုံးပုံ တစ်ပုံအင်အားပဲ ဖြစ်ပါတယ်။ လူငယ်တွေဟာ ငယ်တုန်းရွယ်တုန်းမှာ မိမိတို့ရဲ့ အင်အားနဲ့ လုပ်ရည်ကိုင်ရည်တွေ၊ ဉာဏ်ပညာနဲ့ စွမ်းအင်တွေ ကို မှန်မှန်ကန်ကန် အသုံးချပြီး ကိုယ့်အရှေ့က လူကြီးတွေဆီကနေ အမှားနဲ့အမှန်သင်ခန်းစာယူစရာတွေကို သင်ယူဖြည့်စွက်ကြရင်း နောင်မျိုးဆက် သစ်တွေထံကိုလည်း သင်ခန်းစာနဲ့ အတုယူစရာ ကောင်းတွေ ချန်ထားခဲ့ရစ်ကြရမယ့်သူတွေဖြစ်ပါတယ်။ ဒါမှသာ မျိုးဆက်တစ်ခုကနေ နောက်မျိုး ဆက်တစ်ခုကို ကူးပြောင်းရင်း ကူးပြောင်းရင်း ပိုမို မြင့်မားတဲ့ လူ့အဖွဲ့အစည်း၊ အနာဂတ် သာယာလှပ တဲ့ နိုင်ငံတော်ကြီးတွေကို တည်ဆောက်နိုင်ကြ မှာဖြစ်ပါတယ်။
လူငယ်တွေဟာ စွမ်းအားရှိသူတွေ
ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးသော အသံ တွေဟာ လူသံတွေဆီကလာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူငယ်တွေဟာ အရာရာကို စူးစမ်းလိုစိတ်ပြင်းပြတယ်။ သွက်လက် ထက်မြက်ကြပါတယ်။ စိတ်အားထက်သန်တဲ့အခါ ဘယ်လိုအရာကမှ သူတို့ကို တားဆီးဖို့မလွယ်ကူ တတ်ကြပါဘူး။ အဲဒီလိုပဲ စွန့်စားလို စိတ်၊ ရဲဘော် ရဲဘက်စိတ် စတာတွေကိုလည်း လူကြီးတွေထက် လူငယ်တွေဆီမှာ ပိုလို့မြင်တွေ့ရပါတယ်။ အဲဒီလို လူငယ်တွေရဲ့ အစွမ်းသတ္တိတွေကို မှန်ကန်တဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ပြည်ထောင်စု ချစ်စိတ်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မိမိတို့နိုင်ငံ မတိုးတက် မကြီးပွားစရာမရှိဘူးလို့ ဆိုရမှာပါ။ လူငယ်တွေရဲ့ တစ်ပန်းသာတဲ့ စိတ်နေ စိတ်ထားနဲ့ အသိဉာဏ်ပညာတွေကို နိုင်ငံရဲ့ လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ကဏ္ဍအသီးသီး မှာ ဖြည့်တင်းကြဖို့အတွက် လူငယ်တိုင်း၊ လူငယ် တိုင်းက ရည်မှန်းချက်ထားပြီး ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။
ဒါပေမယ့် လူငယ်တွေအများစုဟာ ငယ်ရွယ်သူ တွေဖြစ်တာကြောင့် ဘဝအတွေ့အကြုံအားဖြင့် နုနယ်ကြသူများလည်း ဖြစ်ပါတယ်။ အရာရာမှာ စိတ်ဆောင်ရာကို အားမာန်အပြည့်နဲ့ ချီတက် နေကြပေမယ့် ချင့်ချိန်တွေးခေါ်နိုင်စွမ်း၊ ဝေဖန် ဆန်းစစ်နိုင်စွမ်းတွေမှာ လူကြီးတွေလောက် အတွေ့အကြုံ မရင့်ကျက်ကြသူများအဖြစ် တစ်ခါ တစ်ရံ မြင်တွေ့ရပါတယ်။ လူ့လောကအကြောင်းကို ပြည့်စုံအောင် သဘောမပေါက်ကြသေးတဲ့အတွက် တစ်ခါတစ်ရံမှာ လူငယ်အချို့ရဲ့ ဆုံးဖြတ်လုပ်ကိုင်မှု တွေဟာ သူတို့ကိုယ်တိုင်ကိုရော၊ နီးစပ်ရာပတ်ဝန်း ကျင် အသိုက်အဝန်းတွေကိုပါ ရိုက်ခတ်ထိခိုက် တတ်တာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။
ဖြူစင်မှုကို အရောင်မဆိုးစေလိုပါ
လူငယ်တွေရဲ့ ပကတိအရည်အသွေးတစ်ရပ်မှာ ဖြူစင်မှုဖြစ်ပါတယ်။ လူငယ်အများစုဟာ ပကတိ အဖြူရောင်သက်သက် စိတ်ခံစားမှုသာရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြူစင်မှုကို မကောင်းတဲ့ အရောင် တွေ၊ တစ်ဖက်စွန်းရောက်တတ်တဲ့ ဝါဒတွေ လွှမ်းခြုံ မိတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ လူငယ်တွေအတွက်သာမက သူတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင်အပြင် နိုင်ငံအတွက်ပါ အဆိပ်အတောက်ဖြစ်စရာတွေ ကြုံတတ်တာကို လည်း လူငယ်တွေ သတိပြုဆင်ခြင်စေလိုပါတယ်။ ဥပမာပြောရရင် လက်ရှိကာလမှာ အများပြည်သူ ကို ထိခိုက်အောင် ကြံရွယ်ကြသူ လူငယ်အချို့ ဖမ်းဆီးရမိတဲ့ သတင်းတွေဖြစ်ပါတယ်။
မိသားစုအတွက် အဖိုးတန်တဲ့မျိုးဆက်၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ အနာဂတ်ရဲ့ လူငယ်အချို့ဟာ တတ်မြောက်ထားတဲ့ ပညာကိုမှ မငဲ့ကွက်တော့ဘဲ ဓားပြတိုက်၊ လူသတ်၊ မီးရှို့၊ ဗုံးကွဲ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်ရင်း မိမိတို့ လူ့ဘောင်ကို ပျက်စီးသထက် ပျက်စီးအောင် ကြံဆောင်လာကြတာ၊ သတင်းအရ ဖမ်းဆီးတဲ့အခါ ထွက်ပြေးရင်း အသက်ဆုံးရှုံးသွားရတာ၊ ဖောက်ခွဲဖို့ ကြံစည်ရင်း ထိခိုက်ပျက်စီးရတာ စသည်ဖြင့် စိတ် မသက်သာဖွယ်မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တွေကို နောက်ကွယ်ကနေ မြှောက်ပင့်သွေးထိုးပြီး မတရား လမ်းစဉ်တွေလုပ်ဆောင်ဖို့ ထောက်ပံ့သွေးထိုးပေး နေတာတွေကလည်း တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်ပါတယ်။
အတိတ်မှာ ဒီလိုဖြစ်စဉ်တွေရဲ့ အလားတူတစ်ခု ဖြစ်တဲ့ ပါဂျောင်ငရဲခန်းက လူငယ်တွေရဲ့ နိဂုံးကို ပြန်ပြီးမြင်ယောင်မိပါတယ်။ မြို့ပေါ်က လူငယ်တွေ ဟာ ကချင်ပြည်နယ်က အေးခဲလှတဲ့ တောတောင် ထဲမှာ ယုံကြည်ချက်အတွက် လာရောက်သူ အချင်းချင်း စွပ်စွဲပြစ်တင်ရင်း သေပွဲဝင်ခဲ့ရဖူးပါ တယ်။ အမှန်တရားဆိုတာကို ရှာဖွေရင်း လမ်းမှားခဲ့၊ လမ်းပျောက်ခဲ့ရတဲ့ လူငယ်တွေရှိခဲ့ဖူးပါတယ်။ နောက်ထပ်လူငယ်တွေကိုတော့ အလားတူ အမှား မျိုး၊ အခက်အခဲမျိုး၊ အစွန်းရောက်စိတ်ဓာတ်မျိုးကို ထပ်ပြီး မပေါ်ပေါက်စေလိုတော့ပါဘူး။
လူငယ်များကိုအားကိုးပါ
ခေတ်အဆက်ဆက်သော အုပ်ချုပ်သူတွေဟာ နိုင်ငံအတွင်းက လူငယ်တွေကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည်ပြည့်ဝအောင် ကြိုးစား လေ့ကျင့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းကို ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့် ပျိုးထောင်ပေးခဲ့ကြတဲ့အတွက် ရပ်တန့် မနေတဲ့ အချိန်ကာလယန္တရားအရ လူ့လောက အတွက် လူကြီးလူကောင်းတွေ၊ ဦးဆောင်ဦးရွက် ပြုတဲ့ ခေါင်းဆောင်ကောင်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာခဲ့ကြရတာ ဖြစ်ပါတယ်။
လူငယ်တွေဟာ အသက်တစ်နှစ်ပြီး တစ်နှစ်ကြီး လာတာနဲ့အမျှ လေ့လာစရာ၊ သင်ယူစရာတွေက ပိုမိုများပြားလာမှာပါ။ လူငယ်တွေပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်အသိုက်အဝန်းနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့၊ နိုင်ငံတကာက လူငယ်တွေနဲ့ ရင်ပေါင် တန်းနိုင်ဖို့ လူငယ့်အရည်အသွေးတွေ (Skill) တွေကို ပိုမိုဖြည့်ဆည်းကြရမှာ ဖြစ်ပါတယ်။ စနစ်တကျနဲ့ ဘဝကို တည်ဆောက်နိုင်ပြီး လူမှုဘဝနဲ့အလုပ် အကိုင်ကို အံဝင်ခွင်ကျတည်ဆောက်နိုင်ဖို့ လူငယ် တွေကြိုးစားကြရမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးသား ရေးခံယူချက်တွေကိုလည်း မှန်မှန်ကန်ကန်နဲ့ တွေးခေါ်ဆင်ခြင်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူငယ်တွေဟာ အားကိုးရတဲ့ နိုင်ငံရဲ့ အကောင်း ဆုံးမျိုးဆက်သစ်တွေဖြစ်လာမှာဖြစ်ပါတယ်။
လူငယ်တို့အနေနဲ့ သင်ယူစရာရှိတာတွေကို ငယ်ရွယ်စဉ် တက်တက်ကြွကြွနဲ့ အာရုံစူးစိုက်မှု အများဆုံးအချိန်မှာ လေ့လာဆည်းပူးထားကြဖို့ လိုအပ်သလို ပင်ကိုယ်အ ရည်အသွေးမြှင့်တင်တာ၊ နှလုံးရည်ပြည့်ဝအောင် လေ့ကျင့်တာနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍအသီးသီးမှာ ဦးဆောင်ပါဝင်နိုင်စေဖို့ ပြင်ဆင် ထားကြရမှာဖြစ်ပါတယ်။ ယခုအချိန်မှာ မိမိတို့နိုင်ငံ က လူငယ်များအနေနဲ့ သူတစ်ပါးရဲ့ လွှမ်းမိုးမှုတွေက ရုန်းထွက်ပြီး မသမာသူတွေရဲ့ အသုံးချမှုတွေကို ဖယ်ရှားကာ ကိုယ်တိုင်သိမြင် နားလည်မှုကိုလည်း ရှာဖွေကြဖို့ လူငယ်တွေမှာ တာဝန်ရှိသလို၊ လူကြီး တွေကလည်း ဖေးမကြပ်မတ်ပေးကြဖို့ လိုအပ်နေ ချိန်ဖြစ်ပါတယ်။
ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသကဲ့သို့ လူငယ်တွေအနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်ခိုင်မာမာထားရှိပြီး လူမျိုးစွဲ၊ ဘာသာစွဲ၊ ပါတီစွဲများထက် ပြည်ထောင်စု မပြိုကွဲရလေအောင်၊ တရားဥပဒေစိုးမိုးပြီး နိုင်ငံ ခိုင်မာတည်တံ့ အေးချမ်းရလေအောင် ခံယူချက်နဲ့ စွဲစွဲမြဲမြဲဆောင်ရွက်ကြဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။ စည်းကမ်းကျနတဲ့ အလေ့အထကောင်းတွေကို လည်း ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းကနေ စတင်ပြီး ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။ သို့မှသာ တစ်ချိန်မှာ မိသားစု၊ ပတ်ဝန်းကျင်၊ လုပ်ငန်းတွေနဲ့ နိုင်ငံတော်အထိ တာဝန်ယူကြရမယ့် သူများဖြစ်တာကို သတိပြုမိကြပြီး မိမိတို့အလှည့် မည်သို့ဦးဆောင်ကြမလဲ၊ မည်သို့သော အနာဂတ်ကို ဖန်တီးမလဲဆိုတာ ယခုကစ၍ ကိုယ်တိုင်ထူထောင် ကျင့်သုံးပြင်ဆင်ကြရမှာဖြစ်ပါတယ်။
သင်တန်းတစ်ခုတက်ရောက်စဉ် သင်တန်းဆရာ တစ်ဦးပြောဖူးတဲ့ စကားတစ်ခွန်း အမှတ်ရမိတယ်။ “မိမိရဲ့ တပည့်သားမြေးတွေက မိမိတို့ထက် ပိုတော် ရမယ်။ ဥပမာပြောရရင် ကိုယ်က ဘွဲ့တစ်ဘွဲ့ရ ပေမယ့် ကိုယ့်တပည့်သားမြေးတွေက ဘွဲ့နှစ်ဘွဲ့ရရ မယ်။ ကိုယ့်မျိုးဆက်တွေတိုင်း ကိုယ့်ထက်မြင့်မား အောင် လူကြီးတွေက ပြုစုပျိုးထောင်ကြရမယ်၊ လူငယ်တွေက လိုက်ပါပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြရမယ်၊ ကောင်းမွန်တဲ့ မျိုးဆက်သစ် တွေကို မဖြစ်မနေမွေးထုတ်ရမယ်” လို့ ပြောခဲ့ဖူးပါ တယ်။
နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုကို ချစ်စိတ်အပြည့် အဝရှိတဲ့ လူငယ်မျိုးဆက်သစ် အရင်းအမြစ် တွေအဖြစ် နိုင်ငံတည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးနဲ့ ငြိမ်းချမ်းသာယာရေးအတွက် အမြင်မှန်၊ အတွေးမှန်၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ လျှောက်လှမ်းကြမယ်လို့ မျှော်လင့်မိပါ ကြောင်း။ ။
- Log in to post comments