ကမ္ဘာ့နိုင်ငံများ တစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှု အနိမ့်အမြင့် မတူညီ ကြရခြင်းသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး အရည်အသွေးကွာခြားမှု အရဖြစ်သည်ဟူ၍ နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ လေ့လာသည့် သုတေသီအချို့က ဆိုကြသည်။ ၎င်းတို့၏ အဆိုအရ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကာယ၊ ဉာဏ၊ လုံ့လဝီရိယစိုက်ထုတ်နိုင်စွမ်း တူညီမှုမရှိခြင်းကြောင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများလည်း ကွာဟခဲ့ရသည်ဟု တင်ပြခဲ့ကြသည်။ သို့ရာတွင် လူမျိုးတို့အကြား အရည်အချင်း၊ အရည်အသွေး ကွာခြားရခြင်းမှာ ၎င်းတို့၏ ဗီဇကြောင့် မဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်အခြေအနေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကြောင့် ဖြစ်သည်ဟူ၍ ယူဆသော ပညာ ရှင်များလည်း ရှိကြသည်။
မည်သို့ပင်ဆိုစေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတို့၏ အရည်အသွေး၊ စွမ်းဆောင်ရည်တို့ မြင့်မားရန် လိုအပ်ပြီး ၎င်းအရည် အချင်းများကို ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့မှ မြှင့်တင်ပေးကြရ မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးပါက နိုင်ငံတွင် အခြား သယံဇာတများ ချို့တဲ့စေကာမူ နိုင်ငံကို တိုးတက်အောင် စွမ်းဆောင် နိုင်ကြကြောင်း မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများ ကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။ “မိမိတို့နိုင်ငံလူဦးရေ ၅၅ သန်း တွင် သုံးသန်းခန့်သာ ဘွဲ့ရရှိသည်ကို တွေ့ရှိရသဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာကို သင်ကြားနိုင်သည် ကို တွေ့ရှိရကြောင်း၊ အလားတူ လူဦးရေ ၁၈ သန်းကျော်ခန့်သည် အခြေခံပညာသင်ကြားမှုတွင်လည်း မူလတန်းနှင့် အလယ်တန်း အဆင့်တွင်သာ သင်ကြားနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးသည် အရေးကြီးသည့်အတွက် မိမိ တာဝန်ယူချိန်ကာလအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပညာရေးကဏ္ဍမြှင့်တင်မှုပြုလုပ်ရာတွင် အခြေခံပညာကဏ္ဍမှ အဆင့်မြင့်ပညာကဏ္ဍသို့ တက်ရောက်လာနိုင်သူများအား ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများမှ အဆင့်မြင့်ပညာသင် ကျောင်းသား များနှင့် ရင်ပေါင်တန်းနိုင်သည့်အဆင့် ရရှိအောင် လေ့ကျင့်သင်ကြား ပေးနိုင်ရန် လိုအပ်သည်ဟု ရှုမြင်မိသည်။ ကမ္ဘာ့တက္ကသိုလ်များအဆင့် သတ်မှတ်ချက်ထိပ်တန်းတက္ကသိုလ် ၁၀၀ တွင် အမေရိကန်နှင့် ဗြိတိန် တက္ကသိုလ်များက အများစုလွှမ်းမိုးနေပြီး စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား စသည့် အာရှ တက္ကသိုလ်တို့က လေးပုံတစ်ပုံခန့် ပါဝင်သည်။ အထူးသဖြင့် ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ် ၁၀၀ စာရင်းတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တက္ကသိုလ်များ တစ်ဒါဇင် ထက်မနည်း ပါဝင်လျက်ရှိရာ လေ့လာစရာပင် ဖြစ်သည်။
တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ်၊ ကျောင်းပရိဝုဏ်နှင့် ပတ်ဝန်း ကျင်၊ လေ့လာသင်ကြားရန် လိုအပ်ချက်များကို ဖြည့်ဆည်းထားမှုများ၊ ဆရာ ဆရာမများ၏ သင်ကြားမှုများအပြင် တက္ကသိုလ်များမှ ရရှိလာ သည့် ဘဝအတွက် အတွေ့အကြုံများကလည်း လွန်စွာအရေးကြီး သည်။ ယင်းအတွက် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရာတွင် တက္ကသိုလ်အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် သင်ကြားရေးတို့၏ စေတနာ ကောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံ၏အနာဂတ်ကို ဖန်တီးမည့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးတို့ကို ဆောင်ကြဉ်းမည့် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ကြပါစေ ကြောင်း။ ။