နိုင်ငံအနာဂတ်တိုးတက်ရေး ပညာရေးကိုဦးစားပေး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည်  အဓိကအခြေခံ ကျသည့် အရေးပါသောကဏ္ဍဖြစ်သည်။ ပညာအရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါများသောနိုင်ငံသည် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်ပါအံ့မည် နည်း။ ပညာအရည်အချင်းနိမ့်ကျပြီး လူ့စွမ်းအားအရင်းအမြစ်နည်းပါးသောနိုင်ငံ သည် မဖွံ့ဖြိုးဘဲ ဆင်းရဲတွင်းသံသရာလည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာအရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ကြသည်။


ပညာရေးသည် နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံထားရသည့် အဖိုးတန်ရတနာ ဖြစ်သည်။ နိုင်ငံ့ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်မြော်တွေး၍ နှစ်ရှည် စီမံကိန်းများဖြင့် အကောင်အထည်ဖော်ကြသည်။ မျိုးဆက်တစ်ခုတိုးတက်မှုဖြင့် ထွန်းပေါက်စေရေးအတွက်  ပညာကိုအလေးအနက်ထား၍ အချိန်ယူကာ ရင်းနှီး မြှုပ်နှံ အကောင်အထည်ဖော်ကြသည်။ စေတနာ၊ အနစ်နာ၊ ဝါသနာ ရင်းနှီးမြှုပ်နှံမှု များဖြင့် နိုင်ငံ့အနာဂတ်အတွက် မျိုးဆက်သစ်များကို ပျိုးထောင်ကြသည်။ အရည် အသွေးပြည့်ဝသောပညာတတ်များ ပေါ်ထွက်လာရေးအတွက် မြင့်မားတိုးတက် သောစီမံကိန်းများနှင့် အရည်အချင်းပြည့်ဝသော ဆရာများဖြင့် အကောင်အထည် ဖော်ကြသည်။


မြန်မာနိုင်ငံ၏ ပညာရေးမြင့်မားတိုးတက်လာရေးအတွက် လက်ငင်းလိုအပ် ချက်များကိုဆင်ခြင်ပြီး အားသာချက်၊ အားနည်းချက်များကိုရှုမြင်ကာ   နိုင်ငံ့ အနာဂတ်အတွက် အလေးအနက်ထား၍ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ကပြုလုပ်သော  အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များသည် မြန်မာနိုင်ငံ၏ ပညာ ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်လာရေး၊   အနာဂတ်တွင်  အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက်   သက်ဆိုင်သူများအားလုံးက လက်တွေ့ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် လမ်းညွှန်ချက်များကို ပြောကြား ခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သင်ကြား ရေးနှင့်ပတ်သက်၍ “ကျောင်းသား ကျောင်းသူများ ပညာရပ်များကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ စာများများဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင်ရွက်ပေးမည်ဆိုပါက ကျောင်း သား ကျောင်းသူများ၏ပညာရေး တိုးတက်လာမည်ဖြစ်ကြောင်း” မှာကြားထား သည်။  စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ “ဆရာ ဆရာမများသည် ဝါသနာ၊ စေတနာ၊ အနစ်နာဖြင့် ပညာသင်ကြားပေးကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆရာ ဆရာမများအား ပညာအရည်အချင်းအလိုက် ခံစားမှုများကို တိုးမြှင့်ပေးခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်ကြားရေး ပိုင်းတွင် တာဝန်ရှိသူများကို သင်ကြားရေးပိုင်းတွင်သာ တာဝန်ပေးအပ်ရန်လိုပြီး အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများကိုသာ တာဝန် ပေးအပ်မည်ဆိုပါက အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများ အဆင်ပြေမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆရာ ဆရာမများကိုလည်း   တိုးတက် ပြောင်းလဲနေသည့် သင်ခန်းစာအသစ်များကို လေ့လာနိုင်စေရေး မွမ်းမံသင်တန်း များ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း” လမ်းညွှန်မှာကြားထားသည်။


ဆရာ ဆရာမဟူသည် ပညာပေးဝေသော အသိပညာရှင်များဖြစ်၍ သင်ကြား ပေးမည့်ပညာများ အစဉ်သွက်လက်ထက်မြက်ကောင်းမွန်နေစေရန်၊ မိမိတို့၏ တပည့်များ အမှန်တကယ် ပညာတတ်မြောက်ရေးအတွက် အကောင်းဆုံးသင်ကြား ပေးနိုင်ရန် အစဉ်ကြိုးစားနေကြရသူများဖြစ်သည်။ ထို့ကြောင့် သင်ကြားရေးမှအပ အခြား ဗာဟီရများသည် ပညာပေးဝေရေးအတွက် အားနည်းနှေးကွေးစေသော အချက်ဖြစ်၍ ဆရာ ဆရာမများနှင့်ပတ်သက်၍ မဖြစ်မနေလုပ်ကိုင်ရမည့် အခြား လုပ်ငန်းမှလွဲ၍ ပညာရပ်ဆိုင်ရာလုပ်ငန်းတစ်မျိုးတည်းကိုသာ ဇောက်ချလုပ်ကိုင် သင့်ပေသည်။  


မျက်မှောက်ကာလသည် အစဉ်တိုးတက်ပြောင်းလဲနေသော နည်းပညာခေတ် ဖြစ်၍ ကမ္ဘာကြီးနှင့်အဆက်အသွယ်မပြတ်ဘဲ အစဉ်တိုးတက်နေစေရေးအတွက် ပညာရေးကဏ္ဍမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေး ကို အစဉ်တိုးတက်ပြောင်းလဲအောင်၊ အစဉ်တောက်ပြောင်အောင် ကြိုးပမ်းဆောင်ရွက် နေကြရမည်ဖြစ်သည်။ ကျောင်းသင်ပညာတတ်မြောက်ပြီး အတန်းအောင်ရေးထက် အသိပညာဗဟုသုတနှင့် အတွေးအခေါ်မြင့်မားသော ကျောင်းသား  ကျောင်းသူများ ဖြစ်အောင် မွေးထုတ်ပေးရမည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပညာရေးကဏ္ဍ အလုပ်လမ်းညွှန်များကို အလေးထားလိုက်နာအကောင်အထည် ဖော်ကြခြင်းဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၌ အရည်အချင်းပြည့်ဝသော ပညာတတ် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာပြီး   တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း။     ။