နိုင်ငံ့အပေါ်တွင် ရှိသည့် တာဝန်ကျေပွန်ရေး

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

နိုင်ငံသားဟူသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် နိုင်ငံတစ်နိုင်ငံဟူ၍ ဖြစ်ပေါ်လာ ရန်မှာ (၁) နိုင်ငံသား၊ (၂) နိုင်ငံပိုင်နက်နယ်နိမိတ်၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာဟူသော အင်္ဂါလေးရပ်လုံးနှင့် ပြည့်စုံရမည် ဖြစ်သည်။ ဤတွင် နိုင်ငံနယ်နိမိတ်တည်တံ့ခိုင်မြဲရေး၊ အုပ်ချုပ်သူအစိုးရ ဖွဲ့စည်းဖြစ်ပေါ်လာရေးနှင့် အချုပ်အခြာအာဏာမဆုံးရှုံးစေရေးတို့အတွက် ကာကွယ်စောင့်ရှောက်သူ၊ တည်ဆောက်ဖွဲ့စည်းသူ၊ ထိန်းသိမ်း သူတို့မှာ နိုင်ငံသူ နိုင်ငံသားများပင် ဖြစ်သည်။

 

နိုင်ငံသားဟုဆိုရာတွင် နိုင်ငံတော်အတွင်း မွေးဖွားကြီးပြင်း၍ အလိုအလျောက် နိုင်ငံသားဖြစ်လာသူများရော ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရသူများပါ ပါဝင်ပြီး နိုင်ငံသားတိုင်းတွင် ထမ်းဆောင်ကြရမည့် နိုင်ငံသားတာဝန်များရှိသလို ခံစားကြရမည့် နိုင်ငံသားအခွင့်အရေး များလည်း ရှိကြသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသူ နိုင်ငံသားများ အရည်အချင်းပြည့်ဝသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားများ အသိပညာ၊ အတတ်ပညာ နည်းပါးချို့တဲ့၊ တီထွင်ကြံဆ ဖန်တီးနိုင်သည့် စွမ်းရည်မရှိ၊ စဉ်းစားဝေဖန်ပိုင်းခြားနိုင်မှု နတ္ထိနှင့် နှလုံးရည်သတ္တိတို့ အားနည်းလှစွာနှင့်သာ ဆိုပါမူ ကမ္ဘာ့အလယ်တွင် သိမ်ငယ်အောက်တန်းကျရသည့် ဘဝသို့ ကျရောက်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်း အရည်အချင်းပြည့်ဝရေးဟူသည် နိုင်ငံတော် က ပြုစုပျိုးထောင်ကာ အခွင့်အလမ်းဖန်တီးပေးထားရန် လိုအပ်သလို နိုင်ငံသား တစ်ဦးချင်းစီက မိမိတို့၏ အရည်အချင်းများကို မြှင့်တင်ရန် ကြိုးပမ်းနေဖို့ လိုအပ်သည့် အရေးအရာလည်းဖြစ်သည်။ သို့မှသာ အရည်အချင်းပြည့်ဝမြင့်မားသည့် နိုင်ငံသူ နိုင်ငံသားများက ရွေးချယ် တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဖြစ် ပေါ်လာမည့် နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

ယခုအခါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၉၀ ကျော်သာလိုတော့သလို ရွေးကောက်ပွဲကျင်းပမည့် ကာလသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလနှင့်လည်း တိုက်ဆိုင် လျက်ရှိသည်။ ရွေးကောက်ပွဲက နိုင်ငံအတွက် နိုင်ငံရေးအရ အရေး ကြီးသလို ကူးစက်မြန်ကပ်ရောဂါကလည်း နိုင်ငံအတွက် ကျန်းမာရေး အတွက် အရေးကြီးသည်။ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးကိုလည်း မထိခိုက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ ‘‘ရွေးကောက်ပွဲကို ကျန်းမာရေးစိန်ခေါ်မှုကြားထဲမှ အောင်အောင်မြင်မြင်ဖြင့် ကျန်းမာ ရေး မထိခိုက်ဘဲ ကျင်းပနိုင်သည်ဆိုလျှင် နိုင်ငံအတွက် နိုင်ငံရေးအရ နိုင်ငံတကာတွင် အောင်မြင်မှုကြီးတစ်ခုဖြစ်ပါကြောင်း’’ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

“မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင်၊ မဲစာရင်းမှန်အောင်၊ မှန်မှန်ကန်ကန်မဲစာရင်းပါအောင် လုပ်ဆောင်ရန် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့အားလုံး ပူးပေါင်းပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ဖြင့်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သလို “အစိုးရ၏ တာဝန်သည် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်သည့် အခြေအနေဖြစ်အောင် လုပ်ပေး ရမည်ဖြစ်ကြောင်း၊ ပြည်သူ့တာဝန်သည် ယင်းအခွင့်အရေးကို သုံးပြီး မဲပေးရန် ဖြစ်ပါကြောင်း၊ ပြည်သူများက နိုင်ငံ့အပေါ်တွင် ရှိသည့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရန် ဖြစ်ပါကြောင်း” ဖြင့်လည်း မှာကြားခဲ့ရာ အစိုးရနှင့် ပြည်သူတာဝန်ကိုယ်စီရှိကြသည် နှင့်အညီ ကိုယ်စီတာဝန်ကျေပွန်နိုင်ကြပါစေကြောင်း။ ။