နိုင်ငံ့အရေးဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင်

 

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်ကျေးရွာများနှင့် ရန်ကုန် တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများကို မတ် ၁ ရက်မှ ၂၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဘင်္ဂလားပင်လယ်ပြင်ကို မျက်နှာမူ ထားသည့်   ရခိုင်ကမ်းရိုးတန်းတစ်လျှောက်  တစ်ကျွန်းဝင် တစ်ကျွန်းထွက် မြို့ရွာများသို့ အရောက်သွား၍ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် ပုံရိပ်များနှင့် ပြည်သူများ၏    ဝမ်းသာပီတိဖြစ်မှု၊   ကျေနပ်အားရမှုနှင့် ယုံကြည်ကိုးစားမှုပုံရိပ်များမှာ တွေ့မြင်ရသူတို့၏ စိတ်နှလုံး ကိုပါ  နှစ်သက်ချမ်းမြေ့စေသည်၊ မုဒိတာတရားတို့  ပွားများ စေသည်။

 


ကျန်းမာရေးအတွက် အခက်အခဲရှိသည့် ပြည်သူများကို မြို့ရွာများအရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရာ တွင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား    ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ပြည်သူများအား ဇန်နဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ လည်းကောင်း၊  ပါရဂူများ၊ ဆေးမှူးများနှင့်  သူနာပြုအရာရှိ စစ်သည်များနှင့်အတူ  ရွေ့လျားခွဲစိတ်ကုသယာဉ်၊  ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျား သွားရောဂါခွဲစိတ်ကုသရေးယာဉ်များ  ပါဝင်သည့်   တပ်မတော် နယ်လှည့်   အထူးဆေးကုသရေးအဖွဲ့သည်  မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  ဒေသခံပြည်သူ များအား  ဖေဖော်ဝါရီ   ၉  ရက်မှ  ၁၉  ရက်အထိ လည်းကောင်း   ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်။

 


“တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမှာ ဖြစ်သည့်အပြင် ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုလည်း ဘက်ပေါင်းစုံ က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း” ၂၀၂၂  ခုနှစ်   (၇၇) နှစ်မြောက်   တပ်မတော်နေ့  စစ်ရေးပြ အခမ်းအနားမိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ထည့်သွင်းပြောကြားခဲ့သည့်အတိုင်းပင် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တပ်မတော်က တိုင်းရင်းသားပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလုံခြုံရေးတွင် အပါအဝင်ဖြစ်သည့်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို စေတနာ၊ အကြင်နာ၊ ကရုဏာအပြည့်ဖြင့် ဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်သည်။

 


လာမည့်  မတ်လ  (၂၇) ရက်နေ့တွင်   ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့သည် လွန်ခဲ့သည့် ၇၈ နှစ်တာ ကာလက ဖက်ဆစ်ကို တော်လှန်မှုစတင်ခဲ့သည့် သမိုင်းဝင်နေ့ ဖြစ်သကဲ့သို့ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းကာ ပြည်ပ ရန်ကို တွန်းလှန်အောင်မြင်နိုင်ခဲ့ခြင်း၏ အထိမ်းအမှတ်လည်း ဖြစ်ပြီး   ကိုလိုနီနယ်ချဲ့ထံမှ  လုံးဝလွတ်လပ်ရေးရယူနိုင်ရန် ခွန်အားတို့ကို   ရရှိစေနိုင်ခဲ့သည်ကိုလည်း    အမှတ်ရဖွယ်ရာ ဖြစ်သည်။ ယခုအခါ တပ်မတော်သည် သမိုင်းပေးတာဝန်အရ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေး (Nation Building)  ကို  ပုံဖော်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက ဝိုင်းဝန်းကူညီကြခြင်းဖြင့် အမျိုးသားနိုင်ငံရေး တာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။       ။