ယနေ့ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ အမျိုး သား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် အားစိုက် ရုန်းကန်နေရသည့် အခြေအနေဟု ဆိုရမည်ဖြစ်သည်။ ဤအဆို သည် အပြုသဘောဖြင့်ဆောင်သည့် အမြင်ဘက်မှ အဆိုဖြစ်ပြီး မညှာစတမ်းဆိုရလျှင် အမျိုးသားစည်းလုံးညီညွတ်မှုတို့ အစည်း ပြေလာလျက်ရှိသည့် အခြေအနေဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု လျော့ရဲလာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်ဝက်ကာလအတွင်း ပြည်တွင်းပြည်ပ ပယောဂများ၏ ရလဒ်များက မျက်မှောက်ကာလတွင် ဆက်လက်ဖြစ်ပေါ်လာနေ ခြင်းပင် ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့နိုင်ငံကို ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုသမ္မတနိုင်ငံ အဖြစ် ပုံဖော်တည်ဆောက်ခဲ့ရာတွင် ရွေးကောက်ပွဲများဖြင့် တက်လာသည့် အစိုးရနှစ်ဆက်တို့က နိုင်ငံကို ၎င်းတို့၏ မူဝါဒများ ကိုယ်စီဖြင့် အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ သမိုင်းပေးတာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြ ရာတွင် ခေတ်အဆက်ဆက်က ဖြေရှင်းရန်ကျန်ရှိနေသည့် သမိုင်း ပေးတာဝန် ကြွေးကျန်များကိုပါ တာဝန်ယူဆောင်ရွက်ကြရစမြဲ ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားလာရေးတို့အတွက် မူဝါဒများချမှတ်ကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် ကြရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဦးစီးဦးဆောင်ပြုသူ များအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ မိမိတို့ပါတီ အဖွဲ့အစည်း၏ အကျိုးစီးပွားထက် နိုင်ငံနှင့်ပြည်သူ၏ အကျိုး ကိုသာ ဦးထိပ်ထား ဆောင်ရွက်ကြရခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်မှစတင်ကာ နိုင်ငံ့တာဝန်ကိုထမ်းဆောင်သည့် အစိုးရလက်ထက်တွင် ထူးခြားမှုတစ်ခုအနေဖြင့် လူမှုကွန်ရက်ပေါ် ၌ အစိုးရ၏ အားနည်းချက်များကို ထောက်ပြဝေဖန်မှုများအား ကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ကြသည့် လော်ဘီ များ ပေါ်ထွက်လာခြင်း၊ တပ်မတော်အပေါ်တွင် ပြည်သူများက အထင်အမြင်လွဲမှားလာစေရေး တစ်ဖက်သတ်ရေးသားခြင်း၊ ၎င်းတို့၏ရှေ့တွင် တာဝန်ယူသွားခဲ့သည့် အစိုးရနှင့်ပါတီတို့ကို အခြေအမြစ်မဲ့ ပုတ်ခတ်ရေးသားခြင်းတို့ကို မြန်မာပြည်သူတို့ အသုံးများသည့် လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်၌ မြိုင်မြိုင်ဆိုင်ဆိုင် အင်နှင့်အားနှင့် တွေ့လာရခြင်းပင်ဖြစ်သည်။ ယင်း၏ အကျိုး ဆက်အနေဖြင့် တပ်မတော်သည် လည်းကောင်း၊ USDP ပါတီ သည်လည်းကောင်း ကန့်လန့်တိုက်နေသူများ ဖြစ်သည်ဟူသော အမြင်သည် NLD ပါတီအာဏာရခဲ့သည့် သက်တမ်းတစ်လျှောက် တွင် ချခဲ့သည့်မျိုးစေ့များမှ အပင်ပေါက်လာခဲ့ခြင်းပင်ဖြစ်သည်။ ယင်းအစိုးရလက်ထက် ဘာသာရေးဘက်တွင် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဘက်တွင် လည်းကောင်း၊ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးတွင် လည်းကောင်း ထောက်ပြ ဝေဖန်ချက်များစွာ ပေါ်ထွက်ခဲ့သည့်တိုင်အောင် အစိုးရက လျစ်လျူရှုခဲ့သည့်အခြေအနေများ ကြုံတွေ့ခဲ့ရသည်။ စင်စစ်အား ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် ပါတီအရေးကိုသာ ဦးစားပေး သွားခဲ့ခြင်းဖြစ်ပြီး အင်အားကောင်းလာသည့် ပါတီအနေဖြင့် အခွင့်အရေးရှာဖွေသူများစွာတို့က ၎င်းတို့အတွက် သေချာသည့် ပါတီတစ်ခုအဖြစ် ဝင်ရောက်ခိုလှုံသွားခဲ့ကြသည်ကိုလည်း တွေ့ရ သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို မိမိတို့တစ်ပါတီတည်းကသာ သိမ်းကျုံးအနိုင်ယူနိုင်ရေး အခင်းအကျင်းများ ချမှတ်ဆောင်ရွက်ခဲ့ရာမှ မဲမသမာမှုတို့ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ့အာဏာကို ဒုတိယသက်တမ်းအတွက် အိပ်မက်တို့ ပျက်ပြယ်ခဲ့ပြီး မစားရသည့်အမဲ သဲနှင့်ပက်သည့် လုပ်ရပ်တို့ကို အဆင်ခြင်မဲ့ လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအလုံးစုံ ပျက်စီးရေး၊ အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲရေးတို့ကို သွေးထိုး လှုံ့ဆော်နေကြပြီး ပြည်ပကျူးကျော်မှုတို့ကို ဖိတ်ခေါ်နေကြသည်။ နိုင်ငံကို တောင်နှင့်မြောက် နှစ်ပိုင်းခွဲရန်၊ ပြည်နယ်များခွဲထွက်ရန်၊ ပြည်တွင်းစစ်မီးတောက်လောင်ရန် စသည်တို့ကို လေသံပစ် နှပ်ကြောင်းပေးနေကြသည်။
ဤသို့သော အခြေအနေတွင် အရေးအကြီးဆုံးမှာ အမျိုးသား စုစည်းညီညွတ်မှုပင် ဖြစ်သည်။ နိုင်ငံပြိုကွဲပျက်စီးမှု၊ အချုပ်အခြာ အာဏာဆုံးရှုံးမှုတို့ကို မလိုလားသည့် နိုင်ငံသားတိုင်းရင်းသားများ နှင့် ဦးစီးဦးဆောင်ပြုသူများ အပြန်အလှန်နားလည်မှု၊ အသိ အမှတ်ပြုမှုများဖြင့် အမျိုးသားစုစည်းညီညွတ်မှုကို ရယူကြရမည် ဖြစ်သည်။ အမျိုးသား စုစည်းညီညွတ်မှုသည် နိုင်ငံတည်တံ့ခိုင်မြဲ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်အဖြစ် ရယူတည်ဆောက်နိုင်ပါစေကြောင်း။ ။