မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် မကြာမီရက်သတ္တပတ် အနည်းငယ်အတွင်း (၇၅) နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းခဲ့ရသည့် ကာလမှစ၍ နိုင်ငံအတွင်း စည်းလုံးညီညွတ်ရေးစကားကို ပြောကြားကာ စည်းလုံးညီညွတ်မှုကိုလည်း ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ကြရသည်။ သူ့ခေတ်သူ့အခါတွင် ဘိုးဘွားတို့ စည်းလုံးညီညွတ်နိုင်ခဲ့ကြ၍ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော် ငြား နယ်ချဲ့တို့ ပျိုးခဲ့သည့် သံသယတို့က အကင်းမသေခဲ့သည့် အလျောက် အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်သော နိုင်ငံဘဝသို့ရောက်သည့်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန် ခွန်စိုက်မလုပ်နိုင်။ သဘောထားများကွဲလွဲ၊ စည်းလုံးညီညွတ်မှု တို့ လျော့နည်းလျက် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင်အဖြစ် ရုန်းကန် နေရဆဲဖြစ်သည်။
“ဝါးတစ်စည်းတွင် အစည်းပြေသွားပါက အားလျော့တတ် သကဲ့သို့ လူတို့တွင်လည်း အချင်းချင်းသဘောထားကွဲလွဲမှု များ ဖြစ်ပေါ်လာပါက စုစည်းညီညွတ်မှု အားယုတ်လျော့ပြီး ပြိုကွဲတတ်သည်ကို သင်ခန်းစာယူကြရန်လိုကြောင်း၊ နိုင်ငံသားအချင်းချင်း သဘောထားကွဲလွဲပြီး စည်းလုံးညီညွတ်မှု ပြိုကွဲပါက နိုင်ငံ၏ အားသည်လည်း လျော့နည်းသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိသားစုတစ်စု၌ပင်ဖြစ်စေ စည်းလုံး ညီညွတ်မှုရှိမှသာလျှင် စုစည်းညီညွတ်သည့်အားကို ရရှိနိုင် မည်ဖြစ်ပြီး မိမိ မိသားစု၏ လုံခြုံမှုနှင့် လူမှုစီးပွားဘဝ မြင့်တက်မှုကို ရရှိစေမည်ဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ စည်းလုံး ညီညွတ်မှုသည် မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအဖို့ အတိတ်တွင်ရော ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ များအတွက်ပါ ထာဝရလိုအပ်ချက်ဖြစ်သည်ကို သတိပြုကြရန် ပင် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက် လျှင် စီးပွားရေးကို အခြေခံအဖြစ် လူအများက ရှုမြင်လေ့ ရှိကြသော်လည်း ပညာရှင်များကမူ နိုင်ငံရေးသည်သာ အခြေခံ အကျဆုံးဖြစ်ကြောင်းနှင့် စီးပွားရေးက နိုင်ငံရေး၏ လက်အောက်ခံသာဖြစ်ကြောင်း အသိအမှတ်ပြုထားကြသည်။ နိုင်ငံရေးဟုဆိုရာတွင် နိုင်ငံသားပြည်သူများအားလုံး၊ တိုင်းရင်း သားအားလုံး စည်းလုံးညီညွတ်ရေး၊ နိုင်ငံ၏ အရေးအရာများ တွင် အကြီးအကဲနှင့် ပြည်သူတို့ တစ်သွေးတည်း တစ်သား တည်း ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု ထိရောက်ပျံ့နှံ့ရေး၊ ပြည်သူလူထု၏ လူမှုရေးစည်းကမ်း (Social discipline) ထိန်းသိမ်းလိုက်နာမှုကောင်းမွန်ရေးတို့ ပါဝင်ပြီး နိုင်ငံ၏ အရင်းအမြစ်များကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစွာနှင့် မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲမှုတို့ဖြင့် ပေါင်းစပ် လုပ်ကိုင်ခြင်းဖြင့်သာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ကြောင်း ပညာရှင်များက ဖော်ပြထားကြသည်။
စည်းလုံးခြင်းသည်လည်းကောင်း၊ အစည်းပြေခြင်းသည် လည်းကောင်း နိုင်ငံတစ်နိုင်ငံအဖို့ ပြည်တွင်းရေးဖြစ်ပြီး မိသားစုတစ်စုအဖို့ဆိုလျှင် အိမ်တွင်းရေးပင်ဖြစ်သည်။ မိသားစု တစ်စု၏ အိမ်တွင်းရေးကို မိသားစုဝင်အချင်းချင်း ညှိနှိုင်း တိုင်ပင်ဆွေးနွေးကာ ကောင်းရာ ကောင်းကျိုး အဖြေရှာ ကြိုးပမ်းကြရသကဲ့သို့ နိုင်ငံတစ်နိုင်ငံအဖို့လည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့အတွက် အဓိကလိုအပ်ချက် ဖြစ်သော စည်းလုံးညီညွတ်ရေးကို အားလုံးပါဝင်ဖော်ဆောင် နိုင်ကြပါစေကြောင်း။ ။