နိုင်ငံတော်အတွက် လျင်မြန်စွာအကျိုးရလဒ် Quick Win ရရှိနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများ ရရှိနိုင်စေရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ လက်ကျန် ငွေမှ ကျပ် ၄၀၀ ဘီလီယံကို “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ” အမည်ဖြင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာ သော ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နှစ် ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ”မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ ကျပ်ရှစ်ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုတို့ကို ကျပ်ငါးဘီလီယံစီ စုစုပေါင်း ရန်ပုံငွေကျပ် ၃၃၀ ဘီလီယံကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ၎င်းမတည်ထောက်ပံ့ငွေနှင့် ပတ်သက်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့လည်း အကြောင်းကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးကို မြှင့်တင်နိုင်ရန်အတွက် သီးသန့်ရန်ပုံငွေကို ထူထောင်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်း များ၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများ ရရှိနိုင်စေရန် ရည်ရွယ်ခြင်းလည်းဖြစ်ရာ ရရှိလာသည့် မတည် ရင်းနှီးငွေများကို အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ အောင်မြင် အောင် အားထုတ်ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ စိုက်ပျိုး မြေဧကများကို အပြည့်အဝအသုံးချရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ်ကိုင် ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ထူထောင် ၍ တန်ဖိုးမြှင့်ကုန်များ ထုတ်လုပ်ရေးအတွက် နိုင်ငံတော် အကြီးအကဲကလည်း မကြာခဏလမ်းညွှန်လျက်ရှိရာ မိမိတို့ အတွက်ရော နိုင်ငံအတွက်ပါ လျင်လျင်မြန်မြန် အကျိုးရလဒ် ရရှိနိုင်မည့်လုပ်ငန်းများကို အကြံကောင်း၊ ဉာဏ်ကောင်းများ နှင့် လုံ့လဝီရိယတို့ စိုက်ထုတ်ကာ စုပေါင်းညီညာလုပ်ကိုင် သွားကြရန်လိုအပ်သည်။
ယခုအခါ နိုင်ငံတစ်ဝန်း မြို့နယ်အသီးသီးတို့တွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင် ကျေးရွာစီမံကိန်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းတို့ ဆောင်ရွက်နေကြပြီဖြစ်ရာ ဘဏ္ဍာ ရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျသုံးစွဲကာ နိုင်ငံတော် ၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ လုပ်ငန်းများ အောင်မြင် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နိုင် ကြပါစေကြောင်း။ ။