နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် စိတ်ဓာတ်အားမာန်ဖြင့် လက်တွေ့စွမ်းဆောင်

 

လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏ တန်ဖိုးထားမှုစနစ်နှင့် စံများ  (Value System and Norms) က လူတို့၏ အပြုအမူများအပေါ် တွင်   လွှမ်းမိုးမှုရှိသည်ဟု  ပညာရှင်များကဆိုသည်။   လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများက လက်ခံထား သော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည် အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည် ကို ဆိုခြင်းလည်းဖြစ်သည်။


တစ်ခေတ်တစ်ခါက   မိုက်ဂုဏ်ကြောင့်   နာမည်ကြီးသည့် ဒေသတစ်ခုရှိခဲ့ဖူးရာ အရွယ်ရောက်သည့် ယောက်ျားလေးဆိုလျှင် “ပွဲဝင်” ဖူးမှ ယောက်ျားပီသသည်ဟူသော အယူအဆက ၎င်းဒေသ ၏ လူ့အဖွဲ့အစည်းကို လွှမ်းမိုးထားခဲ့ခြင်းကြောင့်ဖြစ်သည်။ ပွဲဝင် သည်ဆိုသည်မှာ ဓားနှင့်ထိုး၊ တုတ်နှင့်ရိုက်၊ ရန်ပွဲဖြစ်ပြီး ရုံးရောက်၊ ဂါတ်ရောက် ရောက်ခြင်းကို ဆိုလိုသည်။ တစ်ခါတစ်ရံ လက်လွန် ခြေလွန် လူသတ်မှုအထိ ဖြစ်သွားသူမှာ ပို၍ မိုက်ဂုဏ်မြင့်သူအဖြစ် ရောက်ရှိသွားသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် မမှန်ကန် သည့် အတွေးအခေါ်နှင့် အပြုအမူဆိုင်ရာစံ၊ အရည်အသွေးစံများ လွှမ်းမိုးခဲ့ခြင်းကြောင့် မှားယွင်းသည့်လုပ်ရပ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မှားယွင်းသည့်လုပ်ရပ်များသည် ပြုလုပ်သူအတွက်  သာမက ပတ်ဝန်းကျင်ကိုရော၊ ဒေသကိုပါ အကျိုးယုတ်စေသည်။ အကယ်၍သာ ဤဒေသ၏ လူ့အဖွဲ့အစည်းတွင် ရိုးသားခြင်းနှင့် အလုပ်ကြိုးစားခြင်းတို့ကို တန်ဖိုးထားသည့် အတွေးအခေါ်နှင့် စံနှုန်းများက လွှမ်းမိုးနေမည်၊ ထွန်းကားနေမည်ဆိုပါက ယင်းဒေသ သည် ရိုးသားမှု၊ ကြိုးစားမှုကြောင့် ဖွံ့ဖြိုးတိုးတက်သည့်ဒေသ၊ စီးပွားအခွင့်အလမ်းများ ပွင့်လန်းပြီး နေချင့်စဖွယ်ဒေသအဖြစ် ထင်ရှားကျော်ကြားနိုင်မည်ဖြစ်သည်။


နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အရည် အသွေး၊ အရည်အချင်းပြည့်ဝစေရန်အတွက် ပြုစုပျိုးထောင်ပေးရန် လိုအပ်သကဲ့သို့ပင် “အလုပ်လုပ်လိုစိတ်” (Will to Work)  ထက်သန် စေရန်အတွက် နှိုးဆွလှုံ့ဆော်ပေးရန်လိုသည်ဟု ပညာရှင်တို့က မိန့်ဆိုကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် လူတို့၏ အရည်အသွေး၊ အရည်အချင်းတိုးတက်မြင့်မားစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်ရေး၊ ကျွမ်းကျင်မှုပြန့်ပွားရေး၊ အသိပညာတိုးပွား ရေးတို့ကို တတ်စွမ်းသမျှ ဆောင်ရွက်နေကြသော်လည်း အဓိက အခက်အခဲမှာ ၎င်းတို့တွင်ရှိနေသည့် လူတို့၏ အရည်အသွေး၊ အရည်အချင်းတို့ကို ထိရောက်စွာ အသုံးမပြုနိုင်ခြင်းဖြစ်သည်ဟု လည်း ဆိုထားသည်။ လူ့အဖွဲ့အစည်းအတွင်း အလုပ်လုပ်လိုသည့် စိတ် ထက်သန်လာစေရန်နှင့် အလုပ်အပေါ် တန်ဖိုးထားခြင်း၊ ရိုးသားခြင်း၊ ကြိုးစားခြင်း စံနှုန်းများ လွှမ်းမိုးနေစေရန် ပတ်ဝန်း ကျင်ကောင်း ဖန်တီးပေးရန် လိုအပ်သလို အလုပ်ကြောင့် အကျိုး ဖြစ်ထွန်းမှုကိုလည်း ထင်ရှားစွာပြသနိုင်ရန်လိုသည်။ ကျေးလက် ဒေသများ၏ စိုက်ပျိုးရေးစီးပွား ဆောင်ရွက်ရာတွင် ထုတ်ကုန် သီးနှံများအတွက် ဈေးကွက်အာမခံချက်မရှိဘဲ မြတ်သည့်ရာသီ မြတ်၊ ရှုံးသည့်ရာသီရှုံး ဟူသည့် သံသရာလည်နေချိန်တွင် ပြည်ပ ထွက်ခွာ အလုပ်လုပ်သည့်အိမ်က အိမ်တစ်ဆောင် မီးတစ်ပြောင် ကြီးပွားတိုးတက်လာသည်ကို မြင်ရသည့်အခါ လယ်ယာစီးပွား အပေါ် စိတ်ဝင်စားမှု လျော့နည်းလာပြီး ပြည်ပထွက်ခွာအလုပ်လုပ် ရန်သာ ကြိုးပမ်းလာကြခြင်းမှာ ထင်ရှားသည့်ဥပမာပင်ဖြစ်သည်။


ယနေ့ ဖွံ့ဖြိုးတိုးတက်သည့်အခြေအနေသို့ ရောက်ရှိလာကြ သည့် အာရှနိုင်ငံတို့မှာ အတိတ်ကာလက မိမိတို့နိုင်ငံကဲ့သို့ပင် ဖွံ့ဖြိုးမှုနည်းပါးသည့် အခြေအနေမှ ကြိုးစားရုန်းကန်သွားခဲ့ကြရ ခြင်းဖြစ်သည်။ ပြည်သူလူထု၏ အလုပ်လုပ်နိုင်သည့် အရည်အသွေး ပြည့်ဝစေခြင်းနှင့် အလုပ်လုပ်လိုသည့်စိတ်ဓာတ် ထက်သန်ခြင်း တို့ကို ဖန်တီးကာ ခိုင်မာအားကောင်းသည့် အမျိုးသားရေးစိတ်ဓာတ် အားမာန်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့စွမ်းဆောင် ကြရပါမည့်အကြောင်း။           ။