အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးတွင် အဓိကမောင်းနှင်အား တစ်ရပ် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် အတွက် အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ လွန်စွာ အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် MSME (Micro, Small, Medium Enterprises) ဟုခေါ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ရှိနေပြီး အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များလည်း ရှိနေသည်ဟု ဆိုသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်မှာ ငွေကြေးအရင်းအနှီးနှင့် နည်းပညာဖြစ်သည်ဟု အများစုက ဆိုကြသည်။ ထို့အပြင် အခြေခံအဆောက်အအုံများ လိုအပ်ချက်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လိုအပ် ချက်၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်၊လောင်စာနှင့် စွမ်းအင်လိုအပ်ချက်၊ အခွန်အခဖြေလျှော့မှုဆိုင်ရာ လိုအပ်ချက် များနှင့် ဈေးကွက်သတင်းအချက်အလက်ဆိုင်ရာ လိုအပ်ချက် များလည်း ပါရှိသည်။ ထို့အပြင် ပြည်ပမှ တရားမဝင်တင်သွင်း လာသော ကုန်ပစ္စည်းများကလည်း ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်များကို ရယူသွားသည့်အတွက် လုပ်ငန်းများရပ်ဆိုင်းသွားခဲ့ရသည်အထိ ဖြစ်ခဲ့ရသည့် MSME လုပ်ငန်းများလည်းရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၂၂) ကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြား ရာတွင် MSME လုပ်ငန်းများအနေဖြင့် အစားအစာ၊ အဖျော် ယမကာ၊ အထည်အလိပ်နှင့် အထည်၊ သားရေထွက်ကုန်ပစ္စည်း၊ သစ်အချောထည်ပစ္စည်း၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာပစ္စည်း၊ ရော်ဘာနှင့် ပလတ်စတစ်ဆိုင်ရာပစ္စည်း၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်း၊ အခြေခံသတ္တုပစ္စည်း၊ ပရိဘောဂပစ္စည်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများကို အခြေခံ သည့် ပစ္စည်းများထုတ်လုပ်ခြင်းကို ပထမဦးစားပေးအနေဖြင့် လည်းကောင်း၊ ဆေးရွက်ကြီးနှင့် စီးကရက်ပစ္စည်း၊ စက္ကူ၊ ရေနံ စိမ်းနှင့် ကျောက်မီးသွေး၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒထုတ် ကုန်၊ သတ္တုသန့်စင်ပစ္စည်းများ၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းကိရိယာများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်အမျိုးမျိုးနှင့် ပစ္စည်းတင်ယာဉ်အမျိုးမျိုး၊ အခြား သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်များနှင့် အခြားပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့်လည်း ကောင်း ဦးစားပေးအလိုက် ဆောင်ရွက်သွားရန် ထည့်သွင်း ပြောကြားခဲ့သည်။ MSME လုပ်ငန်းများ အောင်မြင်စေရန် ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ မြန်ဆန်စွာ စီးဆင်း ရေး၊ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့ရေးတို့ကိုပါ အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းပေးပြီး နိုင်ငံတော်က မူဝါဒချမှတ်ကာ တွန်းအားပေးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ MSME လုပ်ငန်း များ အရှိန်အဟုန်ဖြင့် လည်ပတ်လာနိုင်သည်နှင့်အမျှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ ထွက်ခွာနေမှုများကိုလည်း အတိုင်းအတာတစ်ရပ်အထိ လျော့ကျ သွားစေမည်ဖြစ်သည်။ အရည်အသွေးမီ ကုန်ပစ္စည်းများကို ပြည်တွင်း MSME လုပ်ငန်းများက ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပမှ တင်သွင်းရမှုများ လျှော့ချနိုင်မည့် အကျိုးရလဒ်များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။ ။