နိုင်ငံ့စီးပွားရေးကိုပံ့ပိုးပေးမည့် အနောက်မြောက်ဘက်ဆီက မီးခိုးတိတ်စက်ရုံ

Type
5

 

ခမ်လျန်စွမ်း (စီးပွား/ကူးသန်း)

နိဒါန်း


မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအချို့၏ စီးပွားရေး ပိတ်ဆို့မှုအပေါ်တွင် များစွာ အကျိုးသက်ရောက်မှုမရှိ နိုင်သောနိုင်ငံဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးကို ဝေဖန် သုံးသပ်သူ နိုင်ငံခြားသား အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေး  အကျပ်အတည်းကြောင့် အငတ်ဘေးနှင့် ကြုံရမည်။ စီးပွားရေးဒေဝါလီ  ခံရတော့မည်၊ နိုင်ငံ တကာ စီးပွားရေးနှင့် စားနပ်ရိက္ခာ   အကူအညီ အမြန်လိုအပ်သည်    အစရှိသဖြင့်   မြန်မာနိုင်ငံ အကြောင်းကို ဂဃနဏ မသိဘဲ  ဝေဖန်ခဲ့ဖူးပါသည်။ 


ထိုသို့ဝေဖန်ပြောဆိုရခြင်းမှာ   ကမ္ဘာ့နိုင်ငံ အတော်များများတွင်   နိုင်ငံရေးအကျပ်အတည်း ရှိပါက စားနပ်ရိက္ခာ   ပြတ်လပ်မှုကြုံတွေ့ရခြင်း၊ ကုန်စည်စီးဆင်းခြင်းနှင့်            ငွေကြေးစီးဆင်းမှု နှေးကွေးကျဆင်းပြီး စီးပွားရေးကပ် ရောက်လေ့ရှိ သောကြောင့်ဖြစ်ပါသည်။  သို့ရာတွင်  ကျွန်တော်တို့ မြန်မာနိုင်ငံသည် သဘာဝကပေးသော လက်ဆောင် အဖြစ် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်နိုင်ငံအကြား တွင် တည်ရှိခဲ့သည်။ စီးပွားရေး    ရှုထောင့်ကကြည့် လျှင် ကြီးမားခိုင်မာသော ဈေးကွက်ကြီးနှစ်ခု ပိုင်ဆိုင် ထားပါသည်။ ၎င်းအပြင် ကျွန်တော်တို့၏ မိတ်ဆွေ နိုင်ငံများ ဖြစ်ကြသော အာဆီယံနိုင်ငံများနှင့်လည်း နယ်မြေထိစပ်မှုရှိပြီး   ကုန်သွယ်မှုလည်း   ခေတ် အဆက်ဆက်တည်ရှိနေခဲ့ပါသည်။ ရေနက်ဆိပ်ကမ်း ကြီးများ ပိုင်ဆိုင်ထားပြီး ၎င်းမှတစ်ဆင့် မိတ်ဆွေ နိုင်ငံများသို့   ကုန်သွယ်ခြင်း  ဆောင်ရွက်နိုင်သည်။ သို့အတွက်ကြောင့် ကုန်သွယ်ရေးတွင် ပိတ်ဆို့မရ နိုင်သော နိုင်ငံများတွင် ကျွန်တော်တို့၏ နိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။


ထို့အပြင်       မြန်မာလူမျိုးတို့        အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်သည် ပြည်တွင်းတွင် ဖူလုံစွာ   ထွက်ရှိပြီး   နိုင်ငံခြားသို့  တင်ပို့နိုင်ခြင်း၊ အခြားစားနပ်ရိက္ခာများဖြစ်သော ဆီ၊ ဆား၊ ကြက် သွန်၊ ငရုတ်၊ ပဲအမျိုးမျိုး၊ အခြားအသီးအနှံမျိုးစုံနှင့် အသား၊ ငါးများသည် ပြည်ပမှတင်သွင်းစရာမလို ခြင်းနှင့်   ပိုလျှံသော  ၎င်းကုန်စည်များကို  နိုင်ငံခြား သို့ တင်ပို့နိုင်ခြင်းများကြောင့်   အစာရေစာခေါင်းပါး၍ ငတ်ပြတ်နိုင်သောနိုင်ငံတွင် မြန်မာနိုင်ငံမပါဝင်ခြင်း ဖြစ်ပါသည်။
၎င်းနောက် မြန်မာနိုင်ငံ၏ အားသာချက်တစ်ခု မှာ ကမ္ဘာတွင် ရှားပါးလှသော တိုင်းရင်းသားပေါင်းစုံ နေထိုင်၍   သူ့ဓလေ့၊  သူ့ယဉ်ကျေးမှု၊  သူ့စာပေနှင့် ရှိကြပြီး   သဘာဝအလှတွင်လည်း   တောင်ပေါ်၊ မြေပြန့်၊ လှပသော ပင်လယ်ကမ်းခြေနှင့် စိတ်ဝင်စား ဖွယ်   အတိပြီးလျက်   လှချင်တိုင်းလှနေသော တိုင်းပြည်ဖြစ်ပါသည်။

ဤအချက်များသည် ကမ္ဘာ လှည့်ခရီးသွားများ ဆွဲဆောင်စေနိုင်သော အရင်း အမြစ်များဖြစ်သည်။ ခရီးသွားအများစုသည် လုံခြုံမှု ရှိပြီး  စိတ်ဝင်စားဖွယ်ကောင်းသော   နေရာဆိုပါက ကွန်မြူနစ်စနစ်နှင့် အုပ်ချုပ်သည့် တိုင်းပြည်ဖြစ်နေ လင့်ကစား သွားရောက်လည်ပတ်လေ့ရှိကြပါသည်။


အိမ်နီးချင်းနိုင်ငံများအပါအဝင် စက်မှုဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံများတွင် စက်ရုံများက ထုတ်လွှတ် လိုက်သည့်   မီးခိုးမီးငွေ့များကြောင့် လေကောင်း လေသန့်လုံလောက်စွာ      မရရှိတော့သဖြင့်    သူတို့ ပြည်သူများသည်   လေကောင်းလေသန့်ရရှိသော နိုင်ငံများသို့ ခရီးသွားလာသည့်ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာပါသည်။ ကျွန်တော်တို့၏ တောတောင် ရေမြေ၊  ယဉ်ကျေးမှုနှင့်   ရှည်လျားသော   သမိုင်း ကြောင်းများက ခရီးသွားများကို စိတ်ဝင်စားစေမည် ဖြစ်ပါသည်။   ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင် နိုင်ရေးသည် ကျွန်တော်တို့၏ နိုင်ငံအတွက် ခေတ် သစ်သမိုင်းပေး   တာဝန်တစ်ရပ်အဖြစ်   သတိထားမိ ပါသည်။


ဤအတွက်ကြောင့်  လက်ရှိမြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို  အစိုးရနှင့် ပြည်သူများ မျှတစွာ ရရှိစေမည့် အလုပ်သည် သဘာဝခရီးသွားလုပ်ငန်း (သို့မဟုတ်) လူထုအခြေပြုခရီးသွားလုပ်ငန်း (Eco-tourism (or) Community Based Tourism-CBT) ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လုပ်ကိုင်ဆောင်ရွက် သင့်သည်ဖြစ်သည့်အတွက်   ကျွန်တော်လေ့လာ ပြုစုသော နေရာဒေသတစ်ခုအကြောင်းအကျဉ်းချုပ် အား ဆက်လက် တင်ပြသွားပါမည်။


မီးခိုးတိတ်စက်ရုံခေါ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း


ခရီးသွားလုပ်ငန်းသည် (၂၁)ရာစုခေတ်တွင် ပိုမို တွင်ကျယ်သော စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည် လာနေကြောင်း တွေ့ရသည်။ စီးပွားရေးအင်အား ကြီးမားသော    နိုင်ငံများပင်လျှင်   အရေးကြီးသော လုပ်ငန်းအဖြစ် ဦးစားပေးကြသည်။ တိုးချဲ့ကြသည်။ ဆွဲဆောင်မှုရှိအောင်  ဖန်တီးကြသည်။ အရင်းအနှီး နည်းနည်းဖြင့်     အမြတ်များများရရှိသော  လုပ်ငန်း အဖြစ် နားလည်လာကြသည်။  တရုတ်နိုင်ငံဆိုလျှင် ရှေးဟောင်းယဉ်ကျေးအမွေအနှစ်ကို   အခြေခံပြီး ခေတ်သစ်မြို့ပြတိုးတက်မှုနှင့်                  ဆွဲဆောင်သဖြင့် ခရီးသွားလုပ်ငန်းအောင်မြင်ခဲ့ပါသည်။   ထိုင်းနိုင်ငံ ဆိုလျှင်လည်း တောတောင်သဘာဝအလှနှင့် သမိုင်း ကြောင်းကို   အခြေခံလျက်  လမ်းပန်းဆက်သွယ်မှု လွယ်ကူခြင်း၊      လူ့အခွင့်အရေး      အပြည့်ဝရခြင်း ဟူသော    ခေါင်းစဉ်အောက်တွင်   ခရီးသွားများ ဆွဲဆောင်သဖြင့် အောင်မြင်ခဲ့ပါသည်။  တောင်ကိုရီး ယားနိုင်ငံသည်လည်း သူတို့၏ ကြိုးစားမှုကြောင့် တိုင်းပြည်တိုးတက်လာကြောင်း၊       ပစ္စည်းပိုင်း သာမက လူတို့၏  စွမ်းဆောင်ရည်ပိုင်းတွင်လည်း  ကမ္ဘာကို ရင်ပေါင်တန်းနိုင်ကြောင်း၊ ရုပ်ရှင်လုပ်ငန်း အပါ မီဒီယာဖြင့် ၎င်းတို့တိုင်းပြည်ကို ခရီးသွားများ စွဲမက်စေနိုင်ခဲ့ပါသည်။

 

ထို့အတူ   ဗီယက်နမ်နိုင်ငံ သည်လည်း ကွန်မြူနစ်စနစ်ဖြင့် သွားနေသော်လည်း စည်းကမ်းရှိမှု၊  စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့်  နိုင်ငံကို လျင်လျင်မြန်မြန်  တိုးတက်အောင် စွမ်းဆောင်နိုင် ကြောင်း  ကြွေးကြော်သံများနှင့်အတူ   ခရီးသွားများ ကို အရခေါ်နိုင်ခဲ့သည့် နိုင်ငံဖြစ်ပါသည်။ ကမ္ဘာလှည့် ခရီးသွားများသည်    အနောက်နိုင်ငံမြို့ပြခရီးစဉ်များ ထက်   ခေတ်သစ်အာရှနိုင်ငံများ၏   ခရီးစဉ်များကို ပိုမိုစိတ်ဝင်စားလာကြသည်။ သဘာဝတောတောင် ရေမြေကို  ထိန်းသိမ်းရာလည်းရောက်မည့် ဝင်ငွေရ လုပ်ငန်းဖြစ်သဖြင့်       ခရီးစဉ်အသစ်များ   တိုးချဲ့ ဆောင်ရွက်သင့်ပါသည်။     ဤအချက်များသည် ကျွန်တော်တို့နိုင်ငံ၏          လက်ရှိအခြေအနေတွင် အောင်မြင်နိုင်မှုအရှိနိုင်ဆုံးနှင့် အလုပ်သင့်ဆုံးသော စီးပွားရေးလုပ်ငန်းအဖြစ်  ရှုမြင်ထားပါသည်။


မြန်မာ့ခရီးသွားလုပ်ငန်းကို    အစိုးရအဆက် ဆက်က ကြိုးစားဆောင်ရွက်လာခဲ့ကြရာ အောင်မြင် သည်လည်းရှိသည်။   အောင်မြင်မှု  နည်းသေးသည့် ခရီးစဉ်များလည်းရှိကြောင်း တွေ့ရသည်။ မအောင် မြင်သေးသည့်  ခရီးစဉ်များသည်  အဓိက   လမ်းပန်း ဆက်သွယ်ရေး၊  စားသောက်နေထိုင်ရေး၊ ဝန်ဆောင် မှုနှင့် ခရီးသွားများ စိတ်ဝင်စားမည့်နေရာ ပြသနိုင်မှု အားနည်းခြင်းများကြောင့် ဖြစ်နိုင်ပါသည်။ ယခုအခါ ခရီးသွားလုပ်ငန်းအတွက်    လိုအပ်သည့်   အခြေခံ အဆောက်အအုံများ    အတော်အတန်ပြည့်စုံနေပြီ ဖြစ်သဖြင့် ခရီးစဉ်များဖော်ထုတ်ပြီး လက်တွေ့ကျ သော အစီအမံများရေးဆွဲလိုက်နာရန်သာ   လိုအပ် မည်ဖြစ်ပါသည်။


အနောက်မြောက်ဘက်        သဘာဝခရီးသွား၊ ခရီးစဉ်သစ်


မြန်မာနိုင်ငံ၏       အနောက်မြောက်ဘက်ဟု တင်စားလိုသော    ခရီးစဉ်သစ်မှာ  ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင်အတွင်းရှိ ခရီးစဉ်များ ဖြစ်ပါ သည်။  ဤဒေသသည်  တောင်ကုန်းတောင်စွယ်ထူ ထပ်ပြီး အမြင့်ဆုံးနေရာများတွင်  ပေ ၈၀၀၀ ကျော် အထိရှိပြီး   သာမန်အားဖြင့်   ပေ  ၃၀၀၀ မှ ၆၀၀၀ အတွင်းရှိ ဒေသများဖြစ်သည်။  တောင်များသည် မြောက်မှတောင်သို့ အပြိုင်သွယ်တန်းလျက်ရှိကြပြီး မြစ်ချောင်းများသည်လည်း   အဓိက   မြောက်မှ တောင်သို့   စီးဆင်းကြသည်။   ရာသီဥတုသည် တစ်နှစ်ပတ်လုံး  အေးမြပြီး မိုးရာသီတွင် မိုးအလွန် များသောဒေသ ဖြစ်ပါသည်။ 


ယခင်အခါက ဤဒေသတွင် မိုင် ၅၀ ခန့်ကွာ ဝေးသော   ခရီးလမ်းကို  တစ်နေကုန်သွားရသည်။ ယခုအခါ မိုင် ၅၀ ခရီးကို သုံးနာရီဝန်းကျင်ဖြင့်သာ ယာဉ်ဖြင့်သွားလာနိုင်သော   ခေတ်သို့  ရောက်ရှိနေပြီ ဖြစ်သည်။  ဤဒေသရှိ ခရီးသွားများ   စိတ်ဝင်စားစရာ အဖြစ်နိုင်ဆုံးနေရာများနှင့်   ထူးခြားချက်များ၏ အချက်အလက်အချို့ကို   ကောက်နုတ်ဖော်ပြလို ပါသည်-


သမိုင်းကြောင်းအနေဖြင့်    ပထမကမ္ဘာစစ် မတိုင်မီ  ဗြိတိသျှတို့ကို  တွန်းလှန်ခဲ့သော  သမိုင်းဝင် ခံတပ်ကြီး တည်ထားကြသည်။ ၎င်းကို ရှာလ်လုမ်းခံ တပ်( Shallum Fort) ဟုခေါ်ကြသည်။ ကလေး- ဖလမ်း- ဟားခါးပြည်ထောင်စုလမ်းမကြီးအတိုင်း လာပါက ဇောင်ကုန်းရွာ( Zong Kong village) မှ လမ်းခွဲအတိုင်း ၇ မိုင်ခန့်   ဆက်သွားလျှင် ဗွက် လိုက်ရွာ (VokLaak village)  အနီးတွင် ၎င်းခံတပ် တည်ရှိသည်။ ပထမကမ္ဘာစစ်မတိုင်မီ အချိန်ဖြစ် သော်လည်း သူ့ကျွန်မခံလိုသော ချင်းလူမျိုးများက ခိုင်ကမ်းခံစစ်ကျဆုံးပါက နောက်ဆုံးခံတပ်အဖြစ် ခံစစ်ဆင်ရန်     တည်ဆောက်ခဲ့သည်ဟု   ဆိုသည်။ စစ်အင်္ဂါရပ်ကြီးလေးခုတွင် ခံစစ်အင်္ဂါရပ်နှင့် ပြည့်စုံ သည်ဟု  စစ်ရေးကျွမ်းကျင်သူများက   သုံးသပ်ကြ ပါသည်။  နိုင်ငံတကာကပင်     အံ့သြရသည်။ ဆက်သွယ်ရေး မြောင်းများ၊ ပစ်ကျင်း၊ ခံကတုတ်များ၊ လက်နက်ခဲယမ်းနေရာများ၊ အရန်နေရာများ၊ စစ်ကူ ပစ်ကူလမ်းကြောင်းများ၊    အကဲကြည့်နေရာများ၊ အုပ်ချုပ်မှုနေရာများ   အစရှိသဖြင့်   ပြည့်စုံစွာဖြင့် ထိုခေတ်အချိန်က စစ်ပညာသင်ကြားခြင်း မရှိကြ သော်လည်း  အံ့ဖွယ်စစ်ပညာများ   ယနေ့ထက်ထိ ထင်ရှားစွာမြင်ရနိုင်ခြင်း၊ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ မြန်မာနိုင်ငံ သို့   ဝင်ရောက်လာသောအခါ  အိန္ဒိယနိုင်ငံ  အာသံ ပြည်နယ်သို့ စစ်ဆုတ်လမ်းအဖြစ် ဗြိတိသျှနှင့် မဟာ မိတ်တပ်များ ဆုတ်ခွာခဲ့ကြပြီး လမ်းတစ်လျှောက် လုံး   တိုက်ပွဲဖြစ်ပွားခဲ့ရာ  ယနေ့အထိ  ထင်ရှားသော တိုက်ပွဲနေရာများရှိပါသည်။   ၎င်းကို  ကလေးမြို့-တီးတိန်-တွန်းဇံ-ကျီခါး မော်တော်ကားလမ်းပေါ်ရှိ ကလေးမြို့မှ မိုင် ၃၀ ခန့် ကနေဒီတောင်ကြောပေါ် ရှိ  ဖိုးသ်ဝှက် ( Fort White ) အရပ်တွင် ခံစစ်ဆင် ထားသော   မဟာမိတ်တပ်များကို    ဂျပန်ခြေလျင် တပ်များက လိုက်စစ်ဆင်တိုက်ခိုက်သော နေရာဖြစ် သည်။ မဟာမိတ်တပ်များက ဤအရပ်မှ မော်တာ၊ ဟောက်ဝီဇာနှင့်  အမြောက်ကြီးဖြင့်  ပြန်လည် ပစ်ခတ်ရာ နောက်ဆုံးတွင် ဗြိတိသျှတပ်မှ  ဗိုလ်မှူး ဖိုးသ်ဝှက်   ကျဆုံးသည့်   အမှတ်တရနေရာလည်း ဖြစ်သည်။ ၎င်းအရာရှိကို လမ်းဘေးတစ်နေရာတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ ဤနေရာ သည် လေထန်ကုန်းနှင့် တစ်ဆက်တစ်စပ်တည်းရှိ သဖြင့်  သမိုင်းကြောင်းအရ   လေ့လာရန်ကောင်း သော နေရာဖြစ်သည်။    


ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ (၁)နာရီကျော်ကျော်ခန့် ကလေး-တီးတိန်-တွန်းဇံ-ကျီခါး   မော်တော်ကားလမ်းအတိုင်းလာလျှင် လေထန်ကုန်းဟုခေါ်သော     ဒုတိယကမ္ဘာစစ်အတွင်း က   မဟာမိတ်တပ်များ၏    လက်နက်ကြီးနေရာ၊ တိုက်ပွဲနေရာသည် ထင်ရှား၍ စိတ်ဝင်စားမှု အများ ဆုံးနေရာတစ်ခုဖြစ်သည်။ အနောက် အိန္ဒိယနယ်စပ် လူရှေတောင်တန်းများက တိုက်ခတ်လာသော လေ သည် ပင်လယ်ရေပြင်  အမြင့်ပေ ၇၅၀၀ ခန့် ရှိသော လေထန်ကုန်းအရောက်တွင်       အလွန်သန့်ရှင်း လတ်ဆတ်သည့်       လေအဖြစ်ရောက်ရှိလာပြီး  အဆုတ်ရောဂါကဲ့သို့သော  ရောဂါများ ပပျောက်နိုင်  ကြောင်း  အဆိုရှိပြီး  စိတ်ဖိစီးမှုကို  ဤနေရာတွင် တိုက်ခတ်သော   လေများက  လွင့်စဉ်အောင်ယူ  ထုတ်နိုင်စွမ်းရှိသည်ဟု   ဒေသခံများ  ယုံကြည်ခဲ့ကြ သည့်နေရာ ဖြစ်ပါသည်။   (ယခုအခါနွေရာသီတွင် မြန်မာနိုင်ငံအရပ်ရပ်က ပြည်သူများ အလည်အပတ် ရောက်ရှိလေ့ရှိသော နေရာဖြစ်ပြီး လေထန်ကုန်းဟု လူသိများသည်)
တီးတိန်မြို့နယ် ကပ်တဲလ်ရွာမှ အနောက်ဘက် ငါးမိုင်ခန့်အကွာ   လဲန်နူးပါးတောင် (Leen Nupa) ၎င်း၏ အဓိပ္ပာယ်မှာ  တောင်လင်မယား ဖြစ်သည်။

ချင်းပြည်နယ်သာမက  တစ်နိုင်ငံလုံးတွင် အလှဆုံး ရှုခင်းနေရာဟုပင် ခရီးသွားများက ပြောစမှတ်ပြု ကြသည်။ တောင်နှစ်လုံးအမြွှာတိုးထွက်ပြီး  တောင် ထိပ်ပိုင်းတွင် ခရမ်းရောင်ရှိပန်းများက ဖုံးလွှမ်းသည်။ အမြင့်ပေ ၈၀၀၀ ခန့်  ရှိတောင်ဖြစ်ပြီး  ရာသီဥတု သာယာသောအခါ တစ်ဖက်နိုင်ငံ၏ ကျန်ဖိုင်းမြို့ကြီး နှင့် ပြည်နယ်မြို့တော် အိုင်ဇော်လ်မြို့များ မြင်တွေ့ရ သည်မှာ ရင်သပ်ရှုမောမဆုံးဖြစ်ရပါသည်။ ဤတောင် နှစ်မြွှာမှ စီးဆင်းလာသော ချောင်းငယ်နှစ်ခုသည် နွေမိုးဆောင်း ရေခန်းသွားခြင်းမရှိဘဲ ပုံမှန်စီးဆင်း လျက်ရှိသည်။ ၎င်းချောင်းငယ်နှစ်မြွှာသည် ကပ် လျက်စီးဆင်းသော်လည်း  ပူးသွားခြင်း မရှိ၊ တစ်စုံ တစ်ခုဖြင့်  ပူးပေါင်းခဲ့လျှင်လည်း   များမကြာမီတွင် ပြန်လည် ခွဲထွက်စီးဆင်းတော့သည်။ ၎င်းချောင်းငယ် ၏    ဘေးနှုတ်ခမ်းသားများသည်  မာကျောပြီး သဘာဝအတိုင်း    အစီအစဉ်တကျ  စီထားသော ကျောက်စရစ်များဖြင့် လှပလျက်ရှိသည်။ လဲန်နူးပါး တောင်ကို တစ်ခါတက်ဖူးလျှင် နောက်ထပ်တစ်ခါ ပြန်သွားလိုကြကြောင်း ပြောစမှတ်ပြုကြသည်။                                                                                


သဘာဝအလှများအနေဖြင့် ရိဒ်ရေကန်သည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာပေါ်တွင်ပင် ရှားပါး သော ရေကန်အမျိုးအစားဖြစ်သည်။ ၎င်းရေကန် သည်    ချင်းသမိုင်းတွင်  သမိုင်းတွင်သည့် အဖြစ် အပျက်များရှိခဲ့ပါသည်။ တစ်နှစ်တွင်  ရေအရောင်သုံးကြိမ်ပြောင်းလဲခြင်း၊ ရေမတော်တဆ နစ်ခဲ့သော် လည်း   လူပြန်အန်ထွက်ပေးခြင်း   (လူမစားခြင်း) စသည့်ထူးခြားချက်များရှိသည့်  အသည်းနှလုံးပုံ ရေကန်အဖြစ် ထင်ရှားသည်။  အိမ်နီးချင်း အိန္ဒိယ နိုင်ငံ  မီဇိုရမ်ပြည်နယ်မှတစ်ဆင့်    ကမ္ဘာ့ခရီးသွားများ မကြာခဏ လာရောက်သည့်နေရာဖြစ်သည်။  မိမိ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေယိုပေါက် ဖာထေးနိုင် ရေးကြိုးစားကြရပါမည်။  


ခရီးသွားများ အဆွဲဆောင်ဆုံးဖြစ်မည့် ခရီးစဉ် တစ်ခုမှာ ဇိုမီးတို့၏ ထူးခြားသော ကိုယ်ပိုင်ယဉ်ကျေး မှုကိုတစ်မူထူးခြားစွာ အချိန်မရွေး  ဖော်ထုတ်ပေး သော တီးတိန်မြို့ မွလ်တုဒ်အရပ်ရှိ ရှောင်ရှောန်း (Siang Sawn Village) စံပြယဉ်ကျေးမှုကျေးရွာဖြစ်ပါ သည်။ ကိုယ်ပိုင် ဇိုမီးချင်းစာအယူဝါဒနှင့် တစ်မူထူးခြား   ယုံကြည်မှုဖြင့်    ဇိုမီးယဉ်ကျေးမှုကို ထိန်းသိမ်းသော သီးသန့်ကျေးရွာဖြစ်သည်။ ရိုးရာ အစားအစာ၊ ရိုးရာ ဝတ်စားဆင်ယင်မှု၊     ရိုးရာအသုံးအဆောင်များ၊ သမိုင်းမှတ်တမ်းကျောက်စာများ၊    စံပြကျေးရွာ ထူထောင်ထားခြင်းကို        ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုနိုင်ခြင်းကြောင့် ယနေ့ တီးတိန် မြို့သို့ ရောက်ရှိသော ဧည့်သည်တိုင်း သွားရောက် လေ့လာသောနေရာ ဖြစ်ပါသည်။  အခြားအရပ် ဒေသမှ လာရောက်မည့်  ဧည့်သည်များ   ကြည်နူး သာယာစေမည့် ခရီးစဉ်တစ်ခုဖြစ်ပါသည်။
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ပထဝီဝင် စာအုပ်တွင် ဖတ်ခဲ့ဖူးသော မြောက်ယဉ်စွန်းတန်း မျဉ်းဖြတ်သန်းသောနေရာသည် တီးတိန်မြို့မှ (၄)မိုင်အကွာ တီးတိန်-တွန်းဇံမော်တော်ကားလမ်းပေါ် တွင် မြင်တွေ့နိုင်သည်။  ဤကဲ့သို့  ကမ္ဘာကြီး၏ လုံးဝန်းသော ပုံသဏ္ဌာန်ကို  ယဉ်စွန်းတန်းမျဉ်းများက သက်သေပြနေကြောင်း ဤနေရာတွင် ဆင်ခြင်နိုင် သဖြင့် လာရောက်သင့်သည့် ခရီးစဉ်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။


နောက်ခရီးစဉ်တစ်ခုမှာ          ဇိုမီးသမိုင်း၌ အုပ်ချုပ်ရေးတွင် တိုက်နယ်သူကြီးများ၏ နောက်ဆုံး အုပ်ချုပ်ရာ   အိမ်တော်ကြီးနှင့်  အုပ်ချုပ်မှုသမိုင်းအကြောင်းများကို ကျောက်စာများနှင့် မြင်တွေ့နိုင် သော    တွန်းဇံမြို့သို့    လေ့လာသူများအတွက် အမှတ်တရပေးနိုင်မည့် ခရီးစဉ်ဖြစ်ပါသည်။


ဒုတိယကမ္ဘာစစ်၏ စစ်တလင်းကို မြေပြင်တွင် သမိုင်းကြောင်းကို  ဖော်ပြမည့် တွန်းဇံ-ကျီခါး မော် တော်ကားလမ်းပေါ်ရှိ နတ်ဇန်(Naak Zang) တံတား နှင့်   ဆင်းဂေးလ်ဇန်  (Sing Gial Zang) တို့တွင် ဖြစ်ပွားခဲ့ကြပါသည်။ ကျွန်တော်တို့ ငယ်ရွယ်စဉ်က တင့်ကားပျက်များ၊       သံချပ်ကာကားပျက်များနှင့် စစ်လေယာဉ်ပျက်များ   အများအပြား    တွေ့ခဲ့ဖူးပါ သည်။   ယနေ့တွင်   ထိုစက်ယန္တရားအပျက်များ မတွေ့ရတော့ပါ။ သံရည်ကျိုစက်ရုံများသို့ ရောက်ရှိ ကြောင်း သိရပါသည်။ သို့သော် စစ်စခန်းအပျက် များ၊ ဗြိတိသျှတပ်တို့၏ တင်းနစ်ကွင်း၊ ရေချိုးကန် ပျက်များနှင့်  ပစ်ကျင်းပါ  ဆက်သွယ်ရေးမြောင်း အဟောင်းများသာ  ကျန်ရှိတော့သည်။  သမိုင်းကို လေ့လာလိုသူများအတွက်   တန်ဖိုးမဖြတ်နိုင်သော နေရာများပင်ဖြစ်ပါသည်။


ခရီးသွားများ ဆွဲဆောင်မည့်အစီအစဉ်သစ်


ကျွန်တော်တို့၏   လူထုအခြေပြု  သဘာဝခရီး သွားလုပ်ငန်း အောင်မြင်စေရေးအတွက် ဒေသခံများ ပညာပေးစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်အတွက်  ပထမဦးစားပေးအဖြစ် စီစဉ် သင့်ပါသည်။ ထိုသို့ပညာပေးရာတွင် အာရှတိုက်နိုင်ငံ အချို့၏  လုပ်နည်းလုပ်ဟန်ကို  သင်ခန်းစာအဖြစ် ယူထားသည့်အချက်များလည်း  ဝေမျှရန်လိုအပ်မည် ထင်ပါသည်။    ၎င်းသင်ခန်းစာများအရ   တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်း နိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့၏   ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ လေ့လာသောအခါ  အားသာချက်အချို့ တွေ့ရှိရပါသည်-


-    လမ်းပန်းဆက်သွယ်ကောင်းမွန်မှု
-    တည်းခိုရေးနှင့် စားသောက်ရေးအဆင်ပြေမှု
-    စိတ်ဝင်စားဖွယ်ရာများ ဧရိယာတစ်ခုအတွင်း
    တစ်စုတစ်ဝေးတည်း တည်ရှိမှု
-    အခြေခံသမိုင်းကြောင်းခိုင်မာမှုနှင့် ထူးခြား သော ဝိသေသထူးဖြစ်မှု
-    ခရီးသွားလုပ်ငန်း  ဝန်ဆောင်မှုကောင်းခြင်း
-    လုံခြုံမှုကောင်းခြင်း
-    သန့်ရှင်းလတ်ဆတ်သောလေ၊    ရေနှင့် အစားအသောက်ရရှိနိုင်မှု
-    ယဉ်ကျေးမှုရပ်ဝန်းထားရှိမှု
-    ညပိုင်း လည်ပတ်စရာ၊ အပန်းဖြေစရာ စီစဉ် ထားရှိမှု
-    အမှတ်တရပစ္စည်း   တီထွင်ရောင်းချနိုင်မှု စသည့်အချက်များ အဓိကတွေ့ရပါသည်။


ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်    ခရီးသွား လုပ်ငန်းသည် အလွန်အောင်မြင်သော ခရီးစဉ်တစ်ခု ဖြစ်သည်။ ခရီးသွားများ  ပုံမှန်သွားရောက်ခဲ့စဉ်က တစ်နှစ်ကို ရှစ်သန်းခန့်  လာရောက်ကြောင်း သိရှိရ ပါသည်။ မယ်ဟောင်ဆောင်ဒေသသည် ကျွန်တော် တို့နိုင်ငံ ကယားပြည်နယ်နှင့် ရေမြေတစ်ဆက်တစ်စပ် တည်းရှိသည်။ တောင်ပေါ်ဒေသဖြစ်၍ ကယားပြည် နယ်နှင့်  မြေအနေအထား တစ်ပုံစံတည်းရှိသည်။ သို့ရာတွင်    လမ်းပန်းဆက်သွယ်ရေး   ​ကောင်းမွန် သည်။ ဘန်ကောက်-ဇင်းမယ်-မယ်ဟောင်ဆောင် လေကြောင်းနှင့် မော်တော်ကားလမ်းများ အဆင် ပြေသည်။    မယ်ဟောင်ဆောင်  လေဆိပ်သည် တောင်ပေါ်ဒေသတွင်ရှိသဖြင့် လေယာဉ်ငယ်များ သာ ဆင်းသက်နိုင်သော်လည်း နာရီမပြတ်၊ မိနစ် တိုင်းတွင်   လေယာဉ်ပျံအတက်အဆင်း ရှိသည်။ အဝေးပြေးမော်တော်ကားများ     စဉ်ဆက်မပြတ် ပြေးဆွဲလျက်ရှိသည်။ တည်းခိုရေး အဆင်ပြေသည်။ ဧည့်လမ်းညွှန်များ အဆင်ပြေသည်။ စားသောက် ဆိုင်များတွင်  စင်တင်တေးဂီတကို  အနောက်တိုင်း သီချင်းမျိုးစုံကို အန်ပလပ်ဝိုင်းများဖြင့် ဧည့်ခံခြင်း၊ အဓိကစိတ်ဝင်စားဖွယ်ပြကွက်( Attractive point)များက    နည်းပါးသော်လည်း   ၎င်းကိုဝန်းရံသော ခရီးသွားဝန်ဆောင်မှုများနှင့်      လာချင်စဖွယ်ဖြစ် အောင် ဖန်တီးထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း က ဂျပန်တပ်များသည်  ဘန်ကောက်မှ  မော်တော် ယာဉ်တန်းများဖြင့်   မြန်မာနိုင်ငံသို့   ချီတက်ရန် အတွက် မယ်ဟောင်ဆောင်ခရိုင် “ပိုင်” မြို့အနီးမှ ပိုင်ချောင်းကို     ဂျပန်တို့က   တံတားတစ်စင်း တည်ဆောက်ကာ ဖြတ်သန်းခဲ့ကြောင်း သိရပါသည်။ ၎င်းတံတားကို  ထိုင်းခရီးသွားလုပ်ငန်းက သမိုင်း ကြောင်း အကျယ်ချဲ့၍  ဆိုင်းဘုတ်စိုက်ထူရှင်းလင်း ခြင်း၊ လက်ကမ်းစာစောင်များ   ပုံနှိပ်ခြင်းနှင့် ယာဉ် ဖြတ်သန်းခြင်းများ ခွင့်မပြုခဲ့ကြချေ။ ပိုင်တံတားကို နေ့စဉ်ခရီးသွားများရာ ထောင်ချီ၍ လာကြည့်ကြပြီး ၎င်းကိုမှီတွယ်သည့် စီးပွားရေးလုပ်ငန်းများ အလုပ် ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းအနားတွင် စားသောက်ဆိုင်၊ အားကစားကွင်းငယ်များ၊ ဟိုတယ် များ၊ ဧည့်လမ်းညွှန်၊ အမှတ်တရပစ္စည်းရောင်းချခြင်း လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းစုများက  အလုပ်ဖြစ်ကြသည်။  အစိုးရက အခွန်ရရှိသည်။ အဓိကပြကွက်နည်းသော ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ၏  ခရီးသွားလုပ်ငန်းထက် မြန်မာနိုင်ငံအနောက်မြောက်ဒေသ        ဖလမ်းခရိုင် ခရီးစဉ်ဒေသအကြောင်းကို ခရီးသွားများ ပိုမိုစိတ်ဝင် စားရန်         အလားအလာအလွန်ကောင်းသည်ဟု သုံးသပ်ပါသည်။


ထို့ကြောင့် ချင်းပြည်နယ် ဖလမ်းခရိုင်ရှိ ဖလမ်း မြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ကျီခါး မြို့များရှိ   သမိုင်းဝင်နေရာများ၊   ရိုးရာယဉ်ကျေးမှု နေရာများ၊ ထူးခြားပြီးဝိသေသထူးရှိသည့် နေရာများ နှင့်    အခြားစိတ်ဝင်စားမည့်    နေရာများအတွက် ဒေသခံများနှင့်ပူးပေါင်း၍   ဆောင်ရွက်လျက်ရှိပါ သည်။ ဒေသခံများသည်   ရှေးကတည်းက လမ်းပန်း ဆက်သွယ်ရေးမကောင်းခြင်း၊ တောင်ယာစိုက်ပျိုး ရေးတဖြည်းဖြည်း   ကျပ်တည်းလာခြင်း၊  အခြား စီးပွားရေးလုပ်ငန်း         လုပ်ကိုင်ရန်ခက်ခဲလာခြင်း စသည့်ပြဿနာများကြောင့် ချင်းလူမျိုးအမြောက် အမြားသည်   ရေကြည်ရာ၊   မြတ်နုရာရှာဖွေလျက် ကမ္ဘာ့နိုင်ငံအရပ်ရပ်သို့    ရောက်ရှိခဲ့ကြရသည်။ ချင်းလူမျိုးများသည်  ရောက်ရာအရပ်တွင်  ကြိုးစား သည့်အတွက် မီလျံနာသူဌေးပေါက်စများ အလျှိုလျှို ပေါ်လာကြောင်း သိရသည်။

 

သို့သော် ချင်းလူမျိုးတို့ ၏ တူညီသော ရည်မှန်းချက်တစ်ခုမှာ ကိုယ့်တိုင်း ပြည်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ရပ်ရွာနှင့် ကိုယ့်ဆွေမျိုး များ     ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်လိုစိတ် ကိန်းအောင်းခြင်းဖြစ်ပါသည်။   ဤအချက်ကြောင့် ဒေသခံအဝေးရောက်   ညီအစ်ကိုမောင်နှမများ၏ အားနှင့် ပြည်တွင်းမှာရှိသော ဒေသခံများ၏ စုပေါင်း အားဖြင့်   သဘာဝခရီးသွားလုပ်ငန်း  (သို့မဟုတ်) လူထုအခြေပြု   ခရီးသွားလုပ်ငန်း   အောင်မြင်နိုင်ရေး အတွက် စုပေါင်း၍ ရုန်းလိုက်ကြပါစို့ဟု တိုက်တွန်း လိုပါသည်။


နိဂုံးချုပ်


ကမ္ဘာ့ကပ်ရောဂါ  ကိုရိုနာဗိုင်းရပ်စ် တစ်လှိုင်းပြီး တစ်လှိုင်းဖြတ်သန်းလာရာ ကျွန်တော်တို့မြန်မာနိုင်ငံ သည်လည်း    လွတ်ကင်းချမ်းသာခွင့်မရ၊  သို့သော် ကျွန်တော်တို့     မြန်မာလူမျိုးများသည်  ကြံ့ကြံ့ခံ တွန်းလှန်နိုင်ကြပါသည်။    အကြောင်းအမျိုးမျိုး ကြောင့် ဘဏ်စနစ်များလည်း ရပ်တန့်လုနီးပါးဖြစ်ခဲ့ သည်။ အခြားစီးပွားရေးများသည်လည်း   လှုပ်စိ လှုပ်စိ၊ ရှေ့သို့ထင်သလောက်  ခရီးမပေါက်ခဲ့။ သို့ရာ တွင် အခြေအနေဆိုးများသည် အမြဲတမ်း အဆိုးဘက် ချည်း  အမြဲမတည်မနေ၊   အကောင်းသည်  နောက် တစ်ကျော့ အလှည့်လာချည်ဦးတော့မည်ဖြစ်သည်။ အကြောင်းမှာ    လူတို့သည်   အငတ်မခံနိုင်ကြဘဲ ပိတ်ဆို့နေသော စီးပွားရေးအပေါက်များကို ပြန် လည်တိုးဖွင့်ကြဦးမည်သာ ဖြစ်ပါသည်။ ထိုသို့တိုးဖွင့် ရာတွင်   ဈေးကွက်သို့    အမြန်ဆုံးတင်ပို့နိုင်မည့် ထုတ်ကုန်များ    တိုး၍တိုး၍  ထုတ်လုပ်လာရော့ကြ မည်။    အထူးသဖြင့်   မီးခိုးတိတ်စက်ရုံများက ထုတ်ကုန်များသည် အခြားထုတ်ကုန်များနှင့် မတူဘဲ ဈေးကွက်သည် စက်ရုံအပေါက်ဝတွင်ရှိသောကြောင့် ထုတ်ကုန်အရည်အသွေးမီရန်  အရေးကြီးသကဲ့သို့ ကြော်ငြာအားကောင်းရန်လည်း လိုအပ်လျက်ရှိပါ သည်။


အနောက်မြောက်ဒေသ   လူထုအခြေပြုခရီးသွား လုပ်ငန်းအောင်မြင်စေရန်အတွက်  အလွှာပေါင်းစုံက ပါဝင်ရသကဲ့သို့ ၎င်းအလွှာပေါင်းစုံလည်း ဝင်ငွေရစေ သည့်အတွက် ရေတိုမှာ အောင်မြင်မှုရရှိနိုင်သည့် လုပ်ငန်းဖြစ်ပါသည်။   ဤလုပ်ငန်းမှ   ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ အချိုးကျ ဝင်ငွေရ သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် မျက်ဝါးထင်ထင် မြင်တွေ့ရမည့်    ဖွံ့ဖြိုးရေးလုပ်ငန်းလည်း ဖြစ်ပေ သည်။   နောက်ဆုံးမှာ    တိုင်းရင်းသား    စည်းလုံး ညီညွတ်ရေးအတွက်    ခြေလှမ်းတစ်လှမ်းအဖြစ် တည်ရှိလာမည်သာ   ဖြစ်ပါကြောင်း   တိုက်တွန်းရေး သားလိုက်ပါသည်။     ။