မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခန့်မှန်းလူဦးရေ စုစုပေါင်း ၅၅ ဒသမ ၁ သန်းခန့်ရှိပြီး အမျိုးသားဦးရေ ၂၆ ဒသမ ၄ သန်းခန့်နှင့် အမျိုးသမီးဦးရေ ၂၈ ဒသမ ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားရာ အမျိုးသမီးဦးရေက နိုင်ငံ့လူဦးရေ၏ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း ရှိနေသည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အမျိုးသမီးစွမ်းအားစုကြီး၏ စွမ်းဆောင်ပါဝင်မှုကို ရယူနိုင်ရန် လိုအပ်သလို အမျိုးသမီးထုတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို လည်း အလေးအနက်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း စာတတ်မြောက်မှုနှင့် ပညာအရည်အချင်း ဆန်းစစ်ချက်အရ ပြည်ထောင်စုအဆင့်တွင် စာမတတ်သူများ ပါဝင်သည့် အိမ်ထောင်စု ၂၀ ရာခိုင်နှုန်းရှိနေသည်။ အသက် ၁၅ နှစ်အထက် စာမတတ် သည့် အမျိုးသမီးရှိသည့် အိမ်ထောင်စုသည် မြို့ပြတွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၂၁ ဒသမ ၀ ရာခိုင်နှုန်းရှိပြီး ပြည်ထောင်စုအဆင့်တွင် ၁၈ ရာခိုင်နှုန်းရှိနေရာ အမျိုးသမီး များ၏ စာတတ်မြောက်မှုနှုန်းသည် အမျိုးသားများအောက် နိမ့်ကျနေသည်ကိုလည်းကောင်း၊ မြို့ပြဒေသများထက် ကျေးလက်ဒေသများတွင် နေထိုင်သူ အမျိုးသမီးများက စာတတ်မြောက်မှု ပိုမိုနိမ့်ကျနေသည်ကိုလည်းကောင်း တွေ့ရှိ ရသည်ဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ စာတတ် မြောက်မှုနှင့် ပညာအရည်အချင်းတို့က အလုပ်အကိုင်အခွင့်အလမ်း များနှင့် ဆက်စပ်နေသည်ဖြစ်ရာ အမျိုးသမီးများ ယခုထက် ပို၍ စာတတ်မြောက်ရေးနှင့် ပညာရေးပြီးဆုံးမှုတို့ မြင့်မားလာစေ ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားရေး၊ အခွင့်အရေးများ တန်းတူရည်မျှ ရရှိစေရေးတို့အတွက် ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံက အတည်ပြု ချမှတ်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကြီး ၁၂ ရပ် ပါဝင်သည့် ပေကျင်းကြေညာစာတမ်းနှင့် ပေကျင်းလုပ်ငန်း စီမံချက်၊ ၁၉၇၉ ခုနှစ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ စသည့် နိုင်ငံတကာအဆင့် ကတိကဝတ်များကို “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ”ရေးဆွဲ၍ အကောင်အထည်ဖော်လျက်ရှိသည်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးထုကြီး၏ ပါဝင်ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြင့်မား သည့် အမျိုးသမီးများ၏ ဦးဆောင်ဦးရွက်ပြုမှုတို့ဖြင့် အင်တိုက် အားတိုက် အကောင်အထည်ဖော်ကြရန် လိုအပ်သည်။ အမျိုးသမီး တို့၏ ကဏ္ဍကို အမျိုးသမီးတို့ကိုယ်တိုင်မြှင့်တင်ခြင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်စွမ်းပကားများ ပြသ ပါဝင်ခြင်းတို့ဖြင့် မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည် တင့်တယ်နိုင် ပါစေကြောင်း။ ။