နိုင်ငံနှင့်ပြည်သူ့အကျိုး သယ်ပိုးထမ်းရွက်

 

 

1

 

နိုင်ငံ့ဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ကြသူများ ဖြစ်သည်။ ဝန်ထမ်းများသည် နိုင်ငံတော်၏ရသုံးမှန်းခြေငွေစာရင်းမှ ကျခံပေးသောဘဏ္ဍာငွေကို  ရရှိခံစား ကြသူများဖြစ်၍   နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်တွင် သစ္စာစောင့်သိ  ရိုသေ ကြရမည့်သူများဖြစ်သည်။ 
နိုင်ငံနှင့်ပြည်သူ၊ ဝန်ထမ်းနှင့်ပြည်သူသည် ကင်းကွာ၍မရနိုင်ချေ။ နိုင်ငံ ဟူသည် သမိုင်းအစဉ်အလာနှင့်  တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင် လာကြသောလူမျိုးပေါင်းစုံ သို့မဟုတ် လူပေါင်းစုံ  သို့မဟုတ် လူ့အဖွဲ့အစည်း တစ်ရပ်၏ အချုပ်အခြာအာဏာလွှမ်းတည်ရာ၊   ပျံ့နှံ့ရာဒေသအား ပထဝီဝင် နယ်နိမိတ်အရ သတ်မှတ်ထားသည်ကို ခေါ်သည်။ ပြည်သူဟူသည်မှာ အဆိုပါ သတ်မှတ်ထားမှုများအတွင်းရှိ လူများကို ခေါ်ဆိုသည်။ သို့ဖြစ်၍ နိုင်ငံဟူသည် ပြည်သူအားလုံးကို  ကိုယ်စားပြုထားခြင်းဖြစ်၍  ထိုနိုင်ငံ၊   ထိုပြည်သူတို့၏ အကျိုးကိုထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍများသည် မည်မျှလေးနက်သည်ကို ခန့်မှန်းကြည့်နိုင်သည်။
ထို့ကြောင့်  နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်တစ်ခုလုံး၏အကျိုးကို  ရှေးရှုရမည့်သူများဖြစ်သည်။ နိုင်ငံတော် တစ်ခုလုံးအတွင်းမှ  ပြည်သူအားလုံး ၏အကျိုးကို တန်းတူညီမျှ သယ်ပိုးထမ်းဆောင်ကြရမည့်သူများ ဖြစ်သည်။     ထိုသို့သယ်ပိုးထမ်းဆောင်နိုင်ရန် နိုင်ငံ့ဝန်ထမ်းများသည်   နိုင်ငံတော်ယန္တရား တစ်ခုလုံးကို ကောင်းမွန်စွာသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြသူများ ဖြစ်သည်။ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ အစိုးရအဖွဲ့အစည်းများ မည်သို့ပင် ပြောင်းလဲစေကာမူ     နိုင်ငံ့ဝန်ထမ်းများသည်   နိုင်ငံတော်ယန္တရားအား   စဉ်ဆက်မပြတ်  အသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရသည်။


ထိုသို့ဆောင်ရွက်ရန်အတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ အကျိုးခံစားခွင့်များကို ရယူနိုင်သလို ပြဋ္ဌာန်းချက်များကိုလည်း  လိုက်နာဆောင်ရွက်ကြရသည်။   နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ထမ်းရွက်ကြမည့်နိုင်ငံ့ဝန်ထမ်းများဖြစ်လာသည်နှင့် ပြင်ပမှ ပြည်သူများ၏   လူမှုဘဝများနှင့်မတူဘဲ   ထိန်းသိမ်းစောင့်ရှောက်လိုက်နာ ဆောင်ရွက်ရမည့်တာဝန်များ   များစွာရှိပေသည်။   ယင်းတို့ကို ကျေပွန်စွာ လိုက်နာဆောင်ရွက်ပါက    တာဝန်ကျေပွန်သောနိုင်ငံ့သားကောင်းများ ဖြစ်ပေမည်။


ဝန်ထမ်းများလိုက်နာရမည့်           ပြဋ္ဌာန်းထားသောတာဝန်များတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏အကျိုးစီးပွားကို  အလေးထားဆောင်ရွက်ခြင်း၊   နိုင်ငံတော်ပိုင်ပစ္စည်း၊ ဘဏ္ဍာတို့ကို    လေလွင့်မှုမရှိစေရေး၊    အလွဲသုံးစားမပြုစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊   မိမိအားပေးအပ်ထားသော   တာဝန်ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊ လာဘ်ပေး လာဘ်ယူမှုရှောင်ကြဉ်ခြင်း၊ ပြည်သူကို  ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း တို့ကို ဆောင်ရွက်ကြရသည်။


နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေရေးဖူလုံရေး၊   အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ  မီးဖွားခြင်း ဆိုင်ရာ ခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှုသက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ   ပြဋ္ဌာန်းရမည်ဟု  ပြဋ္ဌာန်း ထားသည်။ ဒီမိုကရေစီခေတ်ကာလတွင် နိုင်ငံတော်၊ ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်း များ  အကျိုးစီးပွားအတွက် နိုင်ငံ့ဝန်ထမ်းဥပဒေကို   ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ရန်လိုအပ်သည်တို့ကို ထပ်မံပြင်ဆင်ဖြည့်စွက်သွားဦး မည်ဖြစ်သည်။

 


နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာရန်မှာ        လွယ်ကူလှသည်မဟုတ်ပေ။ ဝန်ထမ်းတစ်ဦးအနေဖြင့်  ချမ်းသာကြွယ်ဝမည်မဟုတ်သော်လည်း ဣန္ဒြေ သိက္ခာရှိရှိ သင့်တင့်သောအနေအထားဖြင့်  စိတ်အေးချမ်းသာစွာ  နေနိုင်ပေ သည်။ နိုင်ငံ့ဝန်ထမ်းဖြစ်လာလျှင်လည်း လိုက်နာရမည့်အချက်များ များစွာ ရှိသလို ခံစားခွင့်များလည်း ရှိသည်။  နိုင်ငံ့ဝန်ထမ်းများသည်  နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက်ရိုက်သယ်ပိုးခွင့် ရရှိကြသူများဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ ကောင်းမွန်စွာလည်ပတ် နိုင်ရေးအတွက်   အဆင့်ဆင့်တာဝန်ယူမှု၊   တာဝန်ခံမှုများနှင့်   ပြည်သူ့ ကောင်းကျိုးများကို   လုပ်ဆောင်ကြသူများဖြစ်၍   ဂုဏ်ယူစရာဖြစ်သည်။ တန်ဖိုးထားစရာဖြစ်သည်။


သို့ဖြစ်ရာ  နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား ကိုသာ   ဦးထိပ်ထားရသူများဖြစ်ရာ    ဝန်ထမ်းများအနေဖြင့် ဖြစ်ပေါ်လာသော   နိုင်ငံရေးအခြေအနေကို  အကြောင်းပြု၍  စိတ်ခံစားချက်များဖြင့် လုပ်ငန်းခွင် နှင့် ကင်းကွာမနေဘဲ နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏ အကျိုးစီးပွားတို့ကို  အလေးထားရှေးရှု၍    လုပ်ငန်းခွင်များသို့    အမြန်ဆုံးပြန်လည်ဝင်ရောက် သင့်ပါကြောင်း။        ။