အယ်ဒီတာ့အာဘော်
===============
နိုင်ငံတစ်နိုင်ငံအဘက်ဘက်၌ တိုးတက်ခြင်း၊ မတိုးတက်ခြင်းသည် အဂတိ လိုက်စားမှု ကင်းရှင်းခြင်း၊ မကင်းရှင်းခြင်းဟူသော အချက်တစ်ချက်တွင် လည်း မူတည်နေပါသည်။ အဂတိလိုက်စားမှုသည် နိုင်ငံအတော်များများ တွင် ရှိတတ်ကြရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်၊ လူ့ဘောင်လောကပတ်ဝန်းကျင်တွင် ကိုယ်ကျင့်တရားပျက်ပြားစေသည့် အဂတိလိုက်စားမှုကို နိုင်ငံတော်အစိုးရများက ဖော်ထုတ်၍ ထိထိရောက်ရောက် တိုက်ဖျက်နေကြပါသည်။
ဤလူ့ဘောင်လောကရှိ အကြောင်းအကျိုးအမျိုးမျိုးတို့တွင် မလား အပ်သည်သို့ လားခြင်းဟူသော ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာ ဂတိ (၄) ပါး ငြိစွန်းသောကြောင့်၊ စီရင်ခန့်ခွဲရာ ဘဏ္ဍာငွေအရာတို့၌ မလား အပ်သည်သို့ လားသောကြောင့် စသည့် မကောင်းသည့်လားရာ အဂတိတရား များ ထွန်းကားစိမ့်ဝင်နေပါသည်။ အကြောင်းအမျိုးမျိုးတို့တွင် အဂတိတရား များ လွှမ်းမိုးနေသဖြင့် တိုင်းပြည်နစ်နာရသည့်အဖြစ်များ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေသော အဂတိ လိုက်စားမှုပြဿနာကို ပြည်သူ့အစိုးရအနေဖြင့် စိတ်ဆန္ဒပြင်းပြစွာဖြင့် ကိုင်တွယ်ဖြေရှင်းနေဆဲဖြစ်ပါသည်။
သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသစ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “အဂတိလိုက်စားမှုဟာ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ခလုတ်တံသင်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးတို့ကို လည်း ထိခိုက်စေပါတယ်။ ဒါကြောင့် အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတို့ကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာနများနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းကြစေလိုကြောင်း” ပြောကြားခဲ့သည်။
အဂတိလိုက်စားမှုသည် လူမှုဘဝနယ်ပယ်အသီးသီး၌ ကျယ်ပြန့် နက်ရှိုင်းစွာ စိမ့်ဝင်နိုင်သည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။
အဂတိလိုက်စား မှုသည် လူတို့၏သည်းခြေကြိုက်ဟုလည်း ဆိုရမည်ဖြစ်သလို လူတို့ကို အလွယ်တကူဖျက်ဆီးနိုင်သောအရာလည်းဖြစ်သည်။ ထို့ကြောင့် အဂတိ သည် ကူးစက်လွယ်သည့်ရောဂါပိုးကဲ့သို့ဖြစ်ပြီး အန္တရာယ်ရှိသည်ကို သတိပြု ရမည် ဖြစ်သည်။ အဂတိလိုက်စားမှုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ မမှန်ကန်သည့် အပေးအယူကိစ္စ သက်သက်သာမဟုတ်ပေ။ လူမှုဘဝနယ်ပယ်အသီးသီး၌ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းသာမက အဂတိတရား (၄) ပါး ငြိစွန်း နေပါကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာထိခိုက်စေပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ကို ယခင်နှင့်မတူ သိသိသာသာ အလေးအနက်ထားတိုက်ဖျက်နေသည်ကို တွေ့နိုင်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းသည် မှ မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ကို ရေးဆွဲကာ နှစ်အလိုက် လုပ်ငန်း စဉ်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေရာ၌ လုပ်ငန်းနယ်ပယ် (၅) ခု၊ လုပ်ငန်းစဉ် (၁၃) ခု၊ စံသတ်မှတ်ချက် (၅၃) ခု မဟာဗျူဟာတွင်ပါရှိပြီး ယခုအခါ စံသတ်မှတ်ချက် ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်ပြီးမြောက်ခဲ့ သည်ကို တွေ့ရသည်။ သို့သော် လက်တွေ့ကျပြီး တာရှည်ခံသော အောင်မြင်မှုဖြစ်ထွန်းစေရန်အတွက် နည်းဗျူဟာနှစ်ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိသည်။
ထိုနည်းဗျူဟာနှစ်ရပ်တွင် အများပြည်သူဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်း များ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ဖြောင့်မတ်တည်ကြည်မှုတို့အား ဟန်ချက်ညီမြှင့်တင်ပေးရေးကို လက်တွေ့ ကျသည့်နည်းဗျူဟာအဖြစ် တွေ့မြင်ရသည်။ အဂတိလိုက်စားသူများ၏ ဒုစရိုက်နယ်ပယ်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသည်ထက်ကျဉ်းမြောင်းသွားနိုင်ပါသည်။ ဌာန/ပြင်ပ ဖြောင့်မတ်တည်ကြည်ခြင်းဟူသော အမှု ကိစ္စသည် အရေးပါသောအချက် ဖြစ်သည်။ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင် သောကြောင့် ဥပဒေ၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အလေ့အကျင့်များဖြင့် ပြုပြင်ပြောင်းလဲ တည့်မတ်ပျိုးထောင်ပေးကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုကင်းစင်ပါလျှင် ပြည်သူများ၏ စိတ်ဓာတ်ခွန်အားများ တိုးတက်ခိုင်မာအားကောင်းလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရမည်သာဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းစုပေါင်းတိုက်ဖျက်နိုင်ကြစေရန် တိုက်တွန်းအပ်ပါကြောင်း။ ။