အယ်ဒီတာ့အာဘော်
============
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ မည်သူမျှမကျန်ရ
=========================
“နိုင်ငံရဲ့ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်ပွားမှုတွေ၊ ရောဂါ ကျရောက်မှုတွေ ခံစားရတယ်၊ တွေ့ကြုံရတယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ဒုက္ခ၊ မြန်မာတစ်နိုင်ငံလုံးရဲ့အခက်အခဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်”ဟု UEHRD ကော်မတီ၏ သုံးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကာလအဆက်ဆက်ဖြစ်တည်ခဲ့သည့် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခဲ့သည်များ၊ ပဋိပက္ခများ၊ မတည်ငြိမ်မှုများရှိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်စတင်ယူစဉ်ကတည်းက ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်းတည်ဆောက်ခဲ့သည်။ ကြိုးပမ်းတည်ဆောက်နေစဉ်တွင် ပြည်နယ် အတွင်း လက်နက်ကိုင်ပဋိပက္ခများ တိုးမြင့်ဖြစ်ပေါ်လာပြီး တစ်ဆက်တည်း တွင် ကမ္ဘာတစ်ဝန်းကြုံတွေ့ရသည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ရိုက်ခိုက်မှုဒဏ်ကို ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ကြုံတွေ့နေရ သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့သည့်သြဂုတ်လအတွင်း ပြုလုပ်သည့် ကိုဗစ်-၁၉ စကားဝိုင်းတွင် “ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်” ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်ကြ၊ ကြည့်တတ် ကြဖို့ပါပဲ။ ဒါမှလည်း ကျွန်မတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ပြီး ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ကျွန်မတို့ထူထောင်နိုင်ပြီး အနာဂတ်မျိုးဆက်သစ်တွေကို မှန်ကန်ကောင်းမွန် တဲ့အမွေအဖြစ် လက်ဆင့်ကမ်းပေးနိုင်ခဲ့မှာပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု အတွက် မှတ်သားလိုက်နာသင့်သောအချက်ကို ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးသည် တစ်နိုင်ငံလုံးနှင့်ပတ်သက်သည့်အရေးဖြစ်သလို ဒေသတစ်ခုအရေးသည် တစ်နိုင်ငံလုံး၏အရေးဖြစ်သည်။ တစ်နိုင်ငံလုံး၏အရေးသည်လည်း ဒေသ တစ်ခု၏အရေးဖြစ်သည်ဟု ရှုမြင်ရမည်ဖြစ်သည်။ ထိုအရေးများမှာ နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးလည်း ပါဝင်တာဝန်ရှိသကဲ့သို့ နိုင်ငံကို ဦးဆောင်တာဝန်ယူစီမံခန့်ခွဲသည့် အစိုးရကလည်း နိုင်ငံ၏နေရာ ဒေသအားလုံး ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်ဖွဲ့စည်းမှုများ၊ စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်စာလျှင် ရခိုင်ပြည်နယ်သည် ရောဂါဘေးအန္တရာယ်များ၊ မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ရှိနေသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အား “ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်” ဟူသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြ၊ ကြည့်တတ်မြင်တတ်ကြဖို့လိုပေသည်။ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အထူးလိုအပ်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တည်ဆောက်မှုများ လိုအပ်နေသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား စနစ်တကျပြန်လည် လက်ခံရေး၊ ပြည်တွင်း၌ ကျန်ရှိနေသူများအတွက် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်း၍ ရေရှည်ပဋိပက္ခများကင်းဝေးကာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပါဝင်သည့် ပြည်ထောင်စုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည်။ ယင်းစီမံကိန်းမှာ UEHRD ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် သီးသန့် ရည်ရွယ်ဆောင်ရွက်နေသော စီမံကိန်းတစ်ခု၊ ကော်မတီတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေရာဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် ဖွဲ့စည်းမှုပုံစံအသစ်ဖြင့် ပထမဆုံးဆောင်ရွက်နေသည့် စီမံကိန်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်ရာတွင် “မည်သူမျှ မကျန်ရစ်စေရ” မူကို လက်ကိုင်ပြုထားရာ ရခိုင်ပြည်နယ်မှ စိန်ခေါ်မှုများအား နိုင်ငံတော်နှင့်အတူ၊ UEHRD အဖွဲ့အစည်းနှင့်အတူ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်ထောင်စုတိုင်းရင်းသားများအားလုံး ပူးပေါင်း ဆောင်ရွက်ဖြေရှင်းကြပါက နောင်လာနောက်သားများအတွက် တန်ဖိုးမဖြတ် နိုင်သောအမွေအနှစ်များ ထားရစ်ခဲ့နိုင်မည်ဖြစ်ပါကြောင်း။ ။