ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးဒေသဖြစ်သည့် အရှေ့တောင်အာရှတွင် တည်ရှိနေလင့်ကစား မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခများနှင့် ကာလရှည်ကြာလုံးထွေးရစ်ပတ်ရင်း ဖွံ့ဖြိုးမှု နောက်အကျဆုံးစာရင်းဝင်ဘဝမှပင် ရုန်းမထွက်နိုင် ဖြစ်နေရသည်။ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစွာ အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှု အမှားအယွင်းများ၊ နိုင်ငံတကာပိတ်ဆို့မှုများနည်းတူ ပြည်တွင်း စည်းလုံးညီညွတ်မှုဆိုင်ရာ ပြဿနာများနှင့် လက်နက်ကိုင် ပဋိပက္ခများကလည်း ကြီးစွာသော အနှောင့်အယှက်၊ အဟန့် အတားများဖြစ်သည်။
မိမိတို့ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံများမှာ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ အားကောင်းသည်နှင့်အမျှ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်နိုင်ငံ နယ်စပ်မျဉ်းကပ်လျက်မှာပင် တွေ့မြင်ကြရသည်။ လုံခြုံမှု မရှိသည့် နေရာများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် မဖော်နိုင်သည့်အလျောက် မိမိတို့၏ နယ်စပ်ဒေသအများစုမှာ တစ်ဖက်နိုင်ငံနှင့်ယှဉ်ပါက နိမ့်ကျစွာ ကျန်နေရစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် M သုံးလုံးဖြစ်သည့် man, money, materials ခေါ် လူ့စွမ်းအား၊ ငွေကြေးနှင့် ဝတ္ထုပစ္စည်းအရင်းအမြစ် တို့ပါ လက်နက်ကိုင်ပဋိပက္ခများအတွင်း တိုက်ရင်းခိုက်ရင်း ပြုန်းတီးကြရသည်။ တည်ဆောက်ပြီးသမျှမှာလည်း ဖျက်ဆီး ခြင်းကြောင့် ပျက်စီးကြရသည်။ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ရန် တည်ဆောက်မှုမပြုနိုင်သည်နှင့်အမျှ ဆင်းရဲ နွမ်းပါးမှုက ပြည်သူလူထုအပေါ် ကြီးမားလေးလံစွာ ဖိစီးလာသည်။ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးခြင်းကြောင့် လူငယ်မျိုးဆက်သစ်များမှာ အိမ်နီးချင်းနိုင်ငံများသို့ထွက်၍ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အိမ်ရှင်နိုင်ငံက ခွင့်ပြုသည့်အလုပ် တွင် ဝင်လုပ်ကြရသည်။
မြန်မာနိုင်ငံထက် အဆများစွာ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် အိမ်နီးချင်းနိုင်ငံများကို လေ့လာပါက ၎င်းနိုင်ငံများတွင်လည်း တိုင်းရင်းသားလူမျိုးစုများရှိနေကြသည်သာဖြစ်သည်။ ထို့အပြင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်သဘောထားကွဲလွဲမှု များရှိခဲ့သည့်တိုင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အခြေအနေဆီသို့ မရောက်။ ထိပ်ပိုင်းခေါင်းဆောင်များ၊ နိုင်ငံရေး အုပ်စုများ၏ ဝိရောဓိများကြား နိုင်ငံနှင့်ပြည်သူနာစေမည့် လုပ်ရပ်များကို ရှောင်ရှားခဲ့ကြသည်ဟုပင်ဆိုနိုင်သည်။ မိမိတို့နိုင်ငံ တွင်မူ သူတစ်ပါးလက်အောက်တွင် နေထိုင်ခဲ့ကြရစဉ်က မရှိခဲ့ သည့် ပဋိပက္ခမျိုး တစ်နည်းအားဖြင့် ကျွန်နိုင်ငံသားအဖြစ် ဖိနှိပ် ထား၍ ပြားပြားမှောက်နေခဲ့ကြရစဉ်က ငြိမ်သက်ခဲ့ကြရသမျှ လွတ်လပ်သည့် နိုင်ငံသားဘဝတွင် အချင်းချင်းဆန့်ကျင်နေကြ သည်မှာ တစ်ချိန်က မြန်မာနိုင်ငံကို ကျွန်ပြုအုပ်စိုးသွားသူတို့၏ အမြင်၌ ရယ်ချင်စရာပင် ဖြစ်နေလိမ့်မည်။
မကြာမီကျရောက်လာတော့မည့် မြန်မာနိုင်ငံ၏ လွတ်လပ် ရေးနေ့သည် စိန်ရတုအလွန် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။ တောင်တန်း မြေပြန့်မကျန် မြန်မာနိုင်ငံတစ်ဝန်းလုံး အတွက် လွတ်လပ်ရေးကြိုးပမ်းကြရာတွင် မိမိတို့၏ ဘိုးဘွား များ၏ အသက်များ၊ ဘဝများ ပေးဆပ်စတေးခဲ့ကြရခြင်းဖြစ်ပြီး ၎င်းတို့မျှော်မှန်းခဲ့သည့် အနာဂတ်နိုင်ငံတော်ကြီး၏ မြင်ကွင်းမှာ အေးအတူပူအမျှ၊ စည်းလုံးညီညွတ်ကြသည့် နိုင်ငံမျိုး၊ အေးချမ်း သာယာ၍ ခေတ်မီဖွံ့ဖြိုးပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် နိုင်ငံမျိုးကို တင့်တင့်တယ်တယ် မြင်လိုကြခြင်းဖြစ်သည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ် လုံး၏ လိုလားချက်မှာလည်း ထိုအတိုင်းသာဖြစ်သည်။ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် အပြန်အလှန် စွပ်စွဲပြစ်တင် မှုများ၊ တင်းမာခက်ထန်မှုများ၊ တစ်ယူသန်အစွဲများ၊ မာန်မာန အာဃာတများ စသည်တို့မှာ နိုင်ငံနှင့်ပြည်သူကို နှစ်ပေါင်း များစွာပင် အနာကြီးနာကျင်စေခဲ့ပြီဖြစ်သည့်အလျောက် ဒေသ အသီးသီးတွင် ရှိနေကြသည့် ပြည်သူများ၏ အသက်အိုးအိမ်နှင့် လူမှုစီးပွားဘဝများ လုံခြုံရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ မေတ္တာ တရားရှေ့မှာထားကာ ဝိုင်းဝန်းဖော်ဆောင်ပေးနိုင်ကြပါစေ ကြောင်း။ ။