နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်

 

ပညာရေးသည် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။    ကမ္ဘာတွင်   အောင်မြင်တိုးတက်နေသည့် နိုင်ငံများကို လေ့လာပါက ယင်းနိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာ ရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှုတို့ကို တွေ့ရမည်ဖြစ်သည်။ ပညာရေး ကဏ္ဍကို အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ နိုင်ငံ၏ အနာဂတ်ဟုဆိုရာတွင်   ဝေးလံ လှသည့်   အနာဂတ်မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုခန့်ကာလအတွင်း ပညာရေးကဏ္ဍ အလေးပေးမြှင့်တင်ခြင်း၏ ရလဒ်များက ထွက်ပေါ် လာမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံ၏ ပညာရေးဆိုင်ရာ ကိန်းဂဏန်းများက အားရဖွယ် မရှိဖြစ်နေရာ လျင်လျင်မြန်မြန်ပြင်ဆင်သွားရန် လိုအပ်လျက်ရှိသည်။ လက်ရှိ  မြန်မာနိုင်ငံတွင်  စာမတတ်သူ  ၁၀  သန်းခန့် ရှိနေသည်။ သူငယ်တန်းတွင် ကျောင်းသို့ဝင်ရောက်လာသူ ၁၀၀ လျှင် ၁၀ ဦးခန့် သာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ပြီး ၉၀ ခန့်က လမ်းခုလတ်တွင် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမှ ထွက်သွားကြသည်။ တက္ကသိုလ် ဝင်တန်းသို့ ရောက်လာသူများမှာလည်း တက္ကသိုလ်ပညာရေးကို မည်မျှတက်နိုင်ကြသည်ကိုလည်းကောင်း၊ ပညာရေးစရိတ်မတတ်နိုင် ခြင်းကြောင့် အဝေးသင်ပညာရေးစနစ်ဖြင့် မည်သည့်အရေအတွက်က ပြီးဆုံးကြရသည်ကိုလည်းကောင်း လေ့လာစေ့ငုခြင်းဖြင့် မိမိတို့နိုင်ငံ တွင်     ပညာရေးကဏ္ဍအတွက်    လုပ်ကိုင်ဆောင်ရွက်ရမည့်  ပမာဏ ကြီးမားသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။

 


“အခြေခံပညာသင်ကြားသည့်  အသက်အရွယ်မှစ၍  နှစ်စဉ် တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းကို မြင့်မားလာအောင် လုပ်ဆောင်ပြီး အမှန်တကယ် တတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းများ နည်းပါး လာသည့်အခြေအနေကို စိစစ်ခဲ့ရာတွင် တန်းစဉ်ကူးပြောင်းမှုများ၌ အမှန်တကယ်တတ်မြောက်မှု   မရှိခဲ့ခြင်းနှင့်    တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများနှင့် အထက်တန်းအဆင့် စာမေးပွဲမေးခွန်းတို့ တွင် ခက်ခဲမှုကွာဟချက် မြင့်မားနိုင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တန်းစဉ်ကူးပြောင်းမှုများတွင် အမှန်တကယ်တတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ‌တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရေး၊ ကျောင်းတက် သည့်ကလေးတိုင်း    အမှန်တကယ်    တတ်မြောက်ရေးတို့တွင် အုပ်ထိန်းသူမိဘများက မိမိတို့၏ ရင်သွေးများကို ကျောင်းနေစေရန်၊ ကျောင်းသား   ကျောင်းသူများကလည်း  ပညာကို  အလေးအနက် ကြိုးစား၍သင်ယူရန်နှင့်  ဆရာ ဆရာမများက တပည့်ကျောင်းသား ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်စေရေး နာသုံးနာ လက်ကိုင်ထား၍ သင်ကြားပေးကြရန် သုံးဦးသုံးဖလှယ် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။

 


လက်ရှိကာလ မြန်မာ့ပညာရေးအခြေအနေမှာ မြင့်မားအောင် မြှင့်တင်ရမည့်အစား အဖျက်အဆီး၊ အဟန့်အတား၊ အနှောင့်အယှက် များနှင့် မကြုံစဖူး ရင်ဆိုင်ကြုံတွေ့နေရသည်။ မသမာသူတို့ ဝါဒဖြန့်မှု ကြောင့် ဆရာ၊ မိဘ၊ ကျောင်းသားတို့အတွင်း အတွေးအခေါ်မှား၊ အထင်အမြင်မှားနှင့် အယူမှားတို့ ပယောဂဝင်သူက ဝင်နေကြသည်။ ငွေကြေးတတ်နိုင်သူတို့ ပြည်ပသို့ထွက်၍ ပညာသင်နေကြချိန်တွင် ပညာရေးကို ဘွိုင်းကောက်လုပ်ကြခြင်းက မိမိဘဝ၏ အနာဂတ်ကို မိမိဘာသာ ဖျက်ဆီးနေကြခြင်းပင်ဖြစ်သည်။ ကျောင်းတက်ပြီး စာပေ ပညာသင်ယူခြင်းဖြင့်သာ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ပြီး နိုင်ငံကိုလည်း အကျိုးပြုနိုင်မည်ဖြစ်ရာ ပညာသင်ယူရမည့်အရွယ်တွင် အချိန်ရှိခိုက်လုံ့လစိုက်၍ သင်ကြား သင်ယူကြစေရေး အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။     ။