နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ပြင်ပမဲရုံခွဲများ၌ ကြိုတင်ဆန္ဒမဲစတင်ပေးပြီး မြန်မာသံရုံး ကိုးရုံးတွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ပြင်ပမဲရုံခွဲများ၌ ကြိုတင်ဆန္ဒမဲစတင်ပေးပြီး မြန်မာသံရုံး ကိုးရုံးတွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

=========================================================================================================

 

နေပြည်တော် အောက်တိုဘာ ၁၀

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး ၂၇ ရုံး၊ အဖွဲ့ရုံး နှစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံးနှင့် ပြင်ပမဲရုံခွဲ လေးခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ယနေ့မဲရုံအသစ်များစတင်ဖွင့်လှစ်ခဲ့သည့် ပေကျင်းမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၈၅ ဦး၊ ကင်ဘာရာမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၃၀၃ ဦး၊ အစ္စလာမာဘတ်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၁၉ ဦး၊ ဂျကာတာမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၄၁ ဦး၊ မနီလာမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၈၄ ဦး၊ ပါရီမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၃၆ ဦး၊ ဖနောင်ပင်မြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၁၁၀ ဦး၊ ပရီတိုးရီးယားမြို့ မြန်မာသံရုံးတွင် မဲဆန္ဒရှင် ၂၅ ဦး၊ ရီရတ်ဒ်မြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် ၁၃ ဦး၊ ဗီယင်ကျန်းမြို့ မြန်မာ သံရုံးတွင် မဲဆန္ဒရှင် ၃၆ ဦး၊ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲဆန္ဒရှင် ၁၈၄ ဦးတို့  ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။

 

မဲရုံစတင်ဖွင့်လှစ်

 

ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ဘာလင်မြို့၊ အော်တာဝါမြို့၊ အော်စလိုမြို့၊ ရောမမြို့၊ ဗီယင်နာမြို့၊ ဝါရှင်တန်မြို့တို့ရှိ မြန်မာသံရုံးများ တွင်လည်းကောင်း၊ ဂျီနီဗာမြို့နှင့် နယူးယောက် မြို့တို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး များတွင်လည်းကောင်း၊ လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်လည်းကောင်း မဲရုံ များ စတင်ဖွင့်လှစ်လျက်ရှိကြောင်းနှင့် ကိုင်ရိုမြို့ နှင့် လန်ဒန်မြို့တို့ရှိ မြန်မာသံရုံး မဲရုံများ၌   ကြိုတင် ဆန္ဒမဲများ ဆက်လက်ပေးကြကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေး

ထို့အပြင် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍ ကြိုတင် ဆန္ဒမဲပေးနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများ အတွက် ပြင်ပမဲရုံခွဲများ ဖွင့်လှစ်ခဲ့ရာ ဩစတြေးလျ နိုင်ငံ ဘရစ်စဘိန်းမြို့တွင် မဲဆန္ဒရှင် ၈၈ ဦး၊ ဟန်ဂေရီ နိုင်ငံ ဘူဒါပက်စ်မြို့တွင် မဲဆန္ဒရှင် ၃၇ ဦး၊ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် မဲဆန္ဒရှင် ၂၃၃ ဦးနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသတွင် မဲဆန္ဒရှင် ၂၂၃ ဦး လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။

 

မြန်မာသံရုံးကိုးရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက် ပေးခဲ့ကြရာ ဗန်ကောက်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၅၀၄ ဦး၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၀၄၅ ဦး၊ မော်စကိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၀၈ ဦး၊ နယူးဒေလီမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် လေးဦး၊ ဆိုးလ်မြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၀၂၂ ဦး၊ စင်ကာပူမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၈၀၀ ကျော် ခန့်၊ တိုကျိုမြို့ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၉၁ ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

စနစ်တကျဆန္ဒမဲပေး

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက် ပေးသူများအား သက်ဆိုင်ရာနိုင်ငံများ၏ ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေး၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး၊ မဲရုံအတွင်းသို့ မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေး ခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးများမှ စီစဉ် ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ် တကျ ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

 

ယနေ့တွင် မြန်မာသံရုံး ၂၇ ရုံး၊ အဖွဲ့ရုံးနှစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှစ်ရုံးနှင့် ပြင်ပမဲရုံခွဲ လေးခု တို့တွင် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသဖြင့် ယခုအချိန်အထိ မဲဆန္ဒရှင်စုစုပေါင်း ၇၃၉၁ ဦး ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်