နိုင်ငံရေးစားပွဲဝိုင်းတွေမှာဝင်ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်

မိန့်ခွန်း
=====
 
နိုင်ငံရေးစားပွဲဝိုင်းတွေမှာဝင်ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်
=================================================================
 
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင်ပြောကြားသည့် အဖွင့်မိန့်ခွန်း
 
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်)
 
 
JICM အစည်းအဝေး၏အရေးပါမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်း
ဒီကနေ့အစည်းအဝေးကတော့ (၈)ကြိမ်မြောက် JICM အစည်းအဝေးပဲဖြစ်ပါတယ်။ ဒီကနေ့ အစည်းအဝေး ဟာ ကျွန်မတို့အားလုံး လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တစ်နှစ်ကျော်ကြာကာလအတွင်းမှာ တရားဝင်ဆွေးနွေး ပွဲတွေကို ပထမဆုံးအကြိမ် ပြန်လည်စတင်နိုင်တဲ့ဆုံမှတ် တစ်ခုဖြစ်သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကိုအောင်အောင်မြင်မြင်၊ နိုင်ငံရေးအနှစ်သာရ ရှိရှိ ကျင်းပနိုင်ဖို့အတွက် အရေးကြီးတဲ့ အကြိုပြင်ဆင်မှု လည်း ဖြစ်ပါတယ်။
ကျွန်မတို့အားလုံးအနေနဲ့ မတူညီတဲ့အမြင်တွေ၊ ထပ်တူ မကျတဲ့ စဉ်းစားတွေးခေါ်မှုတွေ ရှိနေကြပေမယ့်လည်း ကျွန်မတို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်က အမျိုးသား တန်းတူရေးနဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်စေဖို့၊ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်း နိုင်ဖို့အတွက် ကျွန်မတို့အားလုံးရဲ့ အနာဂတ်ပြည်ထောင်စု အိပ်မက်ဟာ အငြင်းပွားဖွယ်ရာမရှိ တစ်ထပ်တည်းကျနေ တယ်ဆိုတာကို အားလုံးသိရှိနားလည် လက်ခံထားကြ ပြီးဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်ထောင်စုကို “ဥမကွဲသိုက်မပျက်”အရှည်သဖြင့် တည်တံ့ခိုင်မြဲ စေဖို့ဆိုရင် အားလုံးသဘောတူလက်ခံနိုင်တဲ့ “ဖက်ဒရယ် ပြည်ထောင်စုပုံစံ”နဲ့ပဲ ရှေ့ကိုဆက်သွားဖို့ဖြစ်ပါတယ်။
“ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်”ကို အတူတကွ အိပ်မက်မက်ကြသူတွေဖြစ်တဲ့ ကျွန်မတို့အားလုံးဟာ ပန်းတိုင်ကို စိတ်တူကိုယ်တူသတ်မှတ်ထားပြီးသားဖြစ် ပါတယ်။ ကျွန်မတို့ရဲ့ မျှော်မှန်းချက်ကဘာလဲဆိုတာ အားလုံးရဲ့သဘောထား တစ်ထပ်တည်းကျနေပြီးသား ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်သူကမှ သံသယမရှိကြပါ ဘူး။ ဒါပေမယ့် ဒီအိပ်မက်ကို ဘယ်လိုပုံဖော်ကြမလဲ၊ ကျွန်မတို့အားလုံး သတ်မှတ်ထားပြီးသားဖြစ်တဲ့ ပန်းတိုင် ကိုရောက်အောင် ကျွန်မတို့ဘယ်လိုသွားကြမလဲဆိုတဲ့နည်းနာပိုင်းဆိုင်ရာမှာပဲ အမြင်မတူညီတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီကနေ့အစည်းအဝေးမှာ မတူညီတဲ့နည်းနာ ပိုင်းဆိုင်ရာ စဉ်းစားချက်တွေကို ဘုံသဘောတူလက်ခံတဲ့ အနေအထားကို ရှာဖွေနိုင်ဖို့ သဘောတူညီချက်တွေ ချမှတ်မှာဖြစ်တဲ့အတွက် ဒီကနေ့အစည်းအဝေးဟာ တရားဝင်အစည်းအဝေးတွေ “ပြန်လည်စတင်နိုင်ခြင်း” ဆိုတာထက်ပိုမိုသာလွန်တဲ့ နိုင်ငံရေးအနှစ်သာရကို ဖော်ပြနေပါတယ်။
လာမည့် (၂၁)ရာစုပင်လုံညီလာခံတွင် နိုင်ငံတော် အစိုးရ ၏ ငြိမ်းချမ်းရေးရည်မှန်းချက်များ
ကျွန်မတို့အစိုးရအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်အကောင် အထည်ဖော်ခဲ့ချိန်မှာ NCA စာချုပ်ကို အခြေခံပြီး ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ် မြစ်ကောင်းတွေ ချမှတ်နိုင်မယ့်နိုင်ငံရေး သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ရည်မှန်းချက်ထားရှိခဲ့ပါတယ်။ ပြန်ပြီး ကြည့်ရင် နှစ်ဆယ်ရာစုပင်လုံညီလာခံနဲ့ ပြည်ထောင်စုကို အတူတကွတည်ဆောက်ကြဖို့ ကျွန်မတို့ရဲ့ မိဘတွေ၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ သဘော တူညီခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုး ကြောင့် အားလုံးမျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီးက အကောင်အထည်ပေါ်မလာနိုင်ခဲ့ဘဲ လက်နက်ကိုင်ပဋိ ပက္ခနဲ့ ကျွန်မတို့ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့မိဘ၊ဘိုးဘွားတွေအိပ်မက်မက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို ဆက်လက်ပြီးတည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ ဖက်ဒရယ်မူတွေရှိဖို့ လိုပါတယ်။ ဒီလိုဖက်ဒရယ်မူတွေချမှတ် နိုင်ဖို့အတွက် မြော်တွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျွန်မတို့ ကျင်းပနေတာ ဖြစ်ပါ တယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (၃)ကြိမ်မှာ ကျွန်မတို့အားလုံး သဘောတူချမှတ်နိုင်ခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေအဖြစ် သဘောတူညီချက် (၅၁)ချက်ကို ရရှိထားပြီး ဖြစ်ပါတယ်။ ရရှိထားတဲ့ (၅၁)ချက်ဟာ ကျွန်မတို့အားလုံးမျှော်မှန်းထားတဲ့ ပြည်ထောင်စုအိပ်မက်အတွက် လုံလောက်တဲ့အခြေခံမူ တွေတော့ မဟုတ်သေးပါဘူး။ အနာဂတ်ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့ ပိုမိုပြည့်စုံ၊ ပိုမိုလွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်အခြေခံမူ တွေရရှိအောင် ကျွန်မတို့အားလုံးဆက်လက်ပြီးတော့ ကြိုးပမ်းအားထုတ်ကြရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်၂၀၂၀ အလွန်ကာလတွေမှာလည်း NCA အကောင် အထည်ဖော်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ဆက်ပြီး ဖော်ဆောင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်း အားလုံးသဘောတူလက်ခံနိုင်ပြီး သေချာရေရာတဲ့ လုပ်ငန်းစဉ်တွေ၊ ဦးစားပေးအစီအစဉ်တွေ ချမှတ်နိုင်ဖို့ဟာ လည်း အထူးပဲအရေးကြီးတယ်ဆိုတာ ကျွန်မတို့အားလုံးနားလည်လက်ခံထားကြပြီး ဖြစ်ပါတယ်။ ဒီလိုရေရှည် သဘောဆောင်တဲ့ လုပ်ငန်းစဉ်တွေချမှတ်နိုင်ခြင်းဟာ ကျွန်မ တို့အားလုံး လျှောက်လှမ်းနေတဲ့လမ်းကြောင်းကို ပိုမိုပြီး ခိုင်မာအားကောင်းအောင် အားလုံးကဝိုင်းဝန်းစဉ်းစား ကြိုးပမ်းနေကြတာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းမြောက် ဝမ်းသာရှိပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း NCA ဟာ အားလုံးပူးတွဲ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးထားတဲ့အစု အဖွဲ့တွေအားလုံးကမျှဝေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြဖို့ လိုပါတယ်။ ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲယူမယ်၊ ကိုယ်မကြိုက်တာမယူဘူး၊ ကိုယ်သဘောကျတဲ့အပိုင်းကိုပဲ အကောင်အထည်ဖော်မယ်၊ သဘောမကျရင်အကောင် အထည်မဖော်ဘူးဆိုတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့ ကျွန်မ အနေနဲ့ အလေးအနက် သတိပေးလိုပါတယ်။ အစုအဖွဲ့တစ် ဖွဲ့ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲကွက်ပြီး ယူမယ်၊ မကြိုက် တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့အစုအဖွဲ့တွေအားလုံးမှာလည်း အခက်အခဲတွေဖြစ်လာစေပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက် ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စာချုပ်ပေါ်မှာ ရေးထိုးထားတဲ့ လက်မှတ်တွေဟာ ကတိသစ္စာတည်ကြည်မှုနဲ့ မှန်ကန် ဖြောင့်မတ်မှုကို ကိုယ်စားပြုပါတယ်။
ပြောရရင် ကျွန်မတို့အစိုးရအနေနဲ့ NCA မှာ စတင်ပါဝင် လက်မှတ်ထိုးခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အစိုးရ တစ်ခုနဲ့တစ်ခု လွှဲပြောင်းတာဝန်ထမ်းဆောင်တဲ့အချိန်မှာအစိုးရအစဉ်အဆက်တာဝန်ရှိမှု၊ တာဝန်သိမှုတွေကိုလည်း လွှဲပြောင်းရယူထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်မတို့ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ပန်းတိုင်တူပေမယ့် နည်းနာပိုင်းဆိုင်ရာတွေမှာ မတူ ညီနိုင်သေးတာ လက်ခံနိုင်ပါတယ်။ မတူညီတာတွေကို တူညီလာအောင် ကျွန်မတို့အားလုံး ညှိညှိနှိုင်းနှိုင်းတိုင်တိုင် ပင်ပင်နဲ့ အဖြေရှာရမှာပဲ ဖြစ်ပါတယ်။ နည်းနာပိုင်းဆိုင်ရာကွဲလွဲမှုတွေကို အပြန်အလှန်နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု အခြေခံတွေနဲ့ ညှိနှိုင်းတိုင်ပင်မယ်ဆိုရင် ပိုပြီး အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်မတို့အချင်း ချင်းကြားမှာ အရေးပါတဲ့ယုံကြည်မှုတည်ဆောက်ရေးကိုလည်း မျက်ခြည်မပြတ်ကြဖို့ တိုက်တွန်းပြောကြားလိုပါ တယ်။
အပစ်ရပ်မထားသည့်အဖွဲ့များနှင့် NCA လက်မှတ်မထိုးရ သေးသည့် အဖွဲ့များပါဝင်လာရေး
ကျွန်မတို့ ဒီကနေ့တရားဝင်အစည်းအဝေးမှာ တွေ့ဆုံ ပြီး လက်ရှိအစိုးရရဲ့သက်တမ်းသာမက နောက်အစိုးရ လက်ထက်မှာပါ ဆက်လက်ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ် တွေကို ဆွေးနွေးညှိနှိုင်းကြချိန်မှာ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲနိုင်သေးတဲ့ အဖွဲ့တွေ၊ NCA လက်မှတ်မထိုးနိုင် သေးတဲ့အဖွဲ့တွေ ကျန်နေပါသေးတယ်။ ဒီအဖွဲ့တွေ အားလုံးနဲ့စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့၊ NCA မှာ ပါဝင်နိုင်ဖို့ ကျွန်မတို့ရဲ့ NRPC နဲ့ ငြိမ်းချမ်းရေး ကော်မရှင်က ကြိုးပမ်းဆောင်ရွက် နေပါတယ်။ NCA ထီးရိပ်အောက်မှာ ရောက်ရှိလာဖို့ ကျွန်မတို့ အမြဲတမ်း ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ စုပေါင်း ဆွေးနွေးမှုတွေ ပြုလုပ်နိုင်သလို၊ လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းနဲ့ သီးခြားဆွေးနွေးနိုင်ကြဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးနိုင်ဖို့လည်း NCA မှာလည်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
 
နှစ်ပေါင်း (၇၀)ကျော်ရှည်ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကနေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းသည်သာ လက်တွေ့ကျပြီး ထိရောက် နိုင်မယ်ဆိုတာ သင်ခန်းစာရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ မမျှော် လင့်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုတွေများလာတဲ့ ကိစ္စ နဲ့ပတ်သက်လို့လည်း ကျွန်မတို့အနေနဲ့ သတိပေးချင်ပါ တယ်။ လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်း ချက်အသစ်တွေကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ ကျွန်မတို့ နိုင်ငံပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ပါဘူး။
 
နှစ်ပေါင်း (၇၀)ကျော် ဒီနိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ တိုင်းရင်းသားပြည်သူတွေ၊ အပြစ်မဲ့ကလေးသူငယ်တွေရဲ့ ဒုက္ခသံသရာလည်နေတာတွေက လက်နက်ကိုင်ပဋိပက္ခ ရဲ့ ဆိုးကျိုးကို မျက်မြင်ကိုယ်တွေ့သက်သေပြနေပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ရတယ်၊ ကျေးရွာတွေထိခိုက်ရတယ်၊ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲနေကြရတယ်။ ဒါတွေက မြင်သာတဲ့ဆိုးကျိုးတွေပါ။
 
မမြင်သာတဲ့ ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ ဒေသခံတိုင်းရင်း သားတွေရဲ့ အနာဂတ်တွေ မှေးမှိန်ပျောက်ကွယ်သွား ရတာပဲဖြစ်ပါတယ်။ ရေတိုခဏကာလမှာတော့ မာန်မာန တွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျော နေကြပါလိမ့်မယ်။ ရေရှည်ကာလမှာတော့ ဒီလက်နက် ကိုင်တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက် ရတာက ကျွန်မတို့တိုင်းရင်းသားတွေ၊ ကျွန်မတို့တိုင်းရင်း သားဒေသတွေဆိုတာကို တဖြည်းဖြည်းချင်း အထင် အရှား တွေ့မြင်လာကြရပါလိမ့်မယ်။
 
ဒီမိုကရေစီနဲ့ ဖက်ဒရယ်
 
ပြည်ထောင်စုတည်ဆောက်ရေး ဟာ နှစ်ပေါင်း (၇၀)ကျော် မြန်မာ့နိုင်ငံရေး သမိုင်းက သတ်မှတ်ပြဋ္ဌာန်းပေးလိုက်တဲ့ ဒီနိုင်ငံရဲ့ ထွက်ပေါက်ပဲဖြစ် ပါတယ်။ ဒါကိုလည်း နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လက်နက် ကိုင်လှုပ်ရှားမှုတွေက နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီး မားမားပေးဆပ်ပြီး အဖြေထွက်လာတာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် နိုင်ငံရေးစားပွဲဝိုင်းတွေမှာဝင်ထိုင်ပြီး ကိုယ့်ရဲ့ လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလိုဆွေးနွေး နိုင်ဖို့အတွက်လည်း ကျွန်မတို့ငြိမ်းချမ်းရေးတံခါးဖွင့်ထားပေးတာဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါး ကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလာ ခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက်တိုက်တွန်းပြောကြား လိုပါတယ်။
 
ငြိမ်းချမ်းရေးအတွက် နှစ်သစ်ကူးသန္နိဋ္ဌာန်
 
နိဂုံးချုပ်အနေနဲ့ ဒီကနေ့ JICM အစည်းအဝေးမှာ သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ တစ်နှစ်ကျော်ကာလအတွင်းမှာ အလွတ်သဘောနဲ့ တရားဝင်တွေ့ဆုံမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြရပါတယ်။ နှစ်ဦးနှစ်ဖက် ကျေကျေလည်လည် ဖြစ်အောင်လည်း အချိန်ယူပြီး ဆွေးနွေးညှိနှိုင်း ငြင်းခုံခဲ့ကြ ရတာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းခဲ့ကြတဲ့အတွက်လည်း JICM အစည်းအဝေးကို ဒီကနေ့ ကျင်းပနိုင်ခြင်းပဲ ဖြစ်ပါ တယ်။ ပါဝင်ကြိုးပမ်းခဲ့ကြသူအားလုံးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ တန်ဖိုးထားပြီး စိတ်ရင်းစေတနာအပြည့် အဝနဲ့ ဆောင်ရွက်ခဲ့တာကို ကျွန်မအနေနဲ့ တန်ဖိုးထား ပါတယ်။ ကျေးဇူးလည်း အထူးတင်ရှိပါတယ်။
 
ဒီကနေ့ JICM အစည်းအဝေးဟာ နိုင်ငံတကာ နှစ်သစ်ကူးကာလမှာ စတင်ကျင်းပတဲ့ အစည်းအဝေး ဖြစ်တဲ့အတွက် မင်္ဂလာရှိတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ နှစ်သစ်ကူးကာလတွေမှာ လူအတော်များများဟာ ပြီးခဲ့တဲ့ နှစ်ဟောင်းကို ပြန်ပြောင်းသုံးသပ်ပြီး ရည်မှန်းချက်အသစ် တွေ၊ စိတ်ကူးအသစ်၊ သန္နိဋ္ဌာန်အသစ်တွေကို ချမှတ်ကြလေ့ ရှိကြပါတယ်။ ဒီအချိန်ကာလမှာ ကျင်းပတဲ့ JICM အစည်း အဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံကို မဖြစ်မနေကျင်းပဖို့ သဘောတူညီကြမှာ ဖြစ်ပါ တယ်။ လာမယ့် (၂၁)ရာစု ပင်လုံညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ပုံစံကို ဒီနေ့အစည်းအဝေး က ချမှတ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ အလွန် နောက်အစိုးရလက်ထက်မှာပါ ဆက်လက်ဖော်ဆောင်နိုင် မယ့် ဦးစားပေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးကြဖို့လည်း ဒီနေ့အစည်းအဝေးမှာ သဘောတူညီကြမှာဖြစ်ပါတယ်။
 
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ သဘောတူညီချက်တွေကို နှစ်ဆန်းနှစ်ဦးပိုင်းမှာ ကျင်းပ ပြုလုပ်တဲ့ ဒီကနေ့ JICM အစည်းအဝေးမှာ ချမှတ်မှာ ဖြစ်တဲ့အတွက် လာခြင်းကောင်းတဲ့ နှစ်သစ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပြောရရင် ဒီကနေ့ JICM အစည်းအဝေးဟာ နှစ်သစ်ကူးကာလမှာ ငြိမ်းချမ်းရေးသန္နိဋ္ဌာန်အသစ်တွေ ချမှတ်ကြတဲ့သဘောလည်း ဆောင်ပါတယ်။ ဒီငြိမ်းချမ်းရေး သန္နိဋ္ဌာန်အသစ်တွေနဲ့ အစကောင်းမွန်မှုဟာ ကျွန်မတို့ အားလုံးအတွက် ခွန်အားအသစ်တွေ ဆောင်ကြဉ်းပေးပြီး (၂၁)ရာစု ပင်လုံညီလာခံအထိ အနှောင်းသေချာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့လည်း အလေး အနက် တိုက်တွန်းပြောကြားချင်ပါတယ်။
 
ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ခေါင်းဆောင်ကြီးများအားလုံး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။