ငြိမ်းချမ်းရေးသို့ သွားရာလမ်းသည် နိုင်ငံရေးယဉ်ကျေးမှုဖြစ် သည်။ ငြိမ်းချမ်းရေးတည်ရှိမှသာလျှင် နိုင်ငံရေးယဉ်ကျေးမှုသည် လည်းရှင်သန်မည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ယဉ်ကျေးမှုသည် ခွဲခွာ၍မရအောင် ဆက်စပ်နေသည်။
နိုင်ငံရေး ယဉ်ကျေးမှုဆိုသည်မှာ အခြားမဟုတ်။ လူသားအချင်းချင်း၊ ပြည်သူအချင်းချင်း၊ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်လေးစား ကာ ကူညီပူးပေါင်းကြခြင်းဖြင့် စည်ပင်ဝပြောသော၊ ငြိမ်းချမ်း သော ကမ္ဘာသစ်ကို တည်ဆောက်ကြရန် ဖြစ်သည်ဟူ၍ ငြိမ်းချမ်း ရေးစာဆို ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမှုနှင့် မျိုးဆက်သစ်အမည်ရှိဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။
မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုများကို ပြည်သူများက စိုးရိမ်ထိတ်လန့်နေရ သည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမျှော်မှန်းချက်ဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များသည် သီးခြားပေါ်ထွက်လာသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများရှိခဲ့သည်။ ရွေးကောက်ပွဲမဲမသမာမှုလုပ်ရပ်များမှသည် နိုင်ငံရေးအယူအဆ၊ သဘောထား အမြင်ကွဲလွဲမှုများကို လက်မခံမှုများ၊ ရန်သူအဖြစ် သတ်မှတ် ကာ အကြမ်းဖက်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် ယင်းလုပ်ရပ်များကို မျက်စိမှိတ်ထောက်ခံနေမှုများက နိုင်ငံရေး ယဉ်ကျေးမှုရေချိန် လွန်စွာနိမ့်ပါးနေမှုကို ပြသလျက်ရှိသည်။
နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး တို့အတွက် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အလေး ထားမှု၊ လေးစားမှု၊ တူရာတူရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုတို့ အစား မာန်မာနများနှင့် ငါတကောကောမှုတို့က နိုင်ငံနှင့် ပြည်သူ လူထုအတွက် အနုတ်လက္ခဏာသဘောကိုသာ ဆောင်စေသည်။
နိုင်ငံတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်ပြီး ငြိမ်းချမ်းရေး၏ အခြေခံမှာ နိုင်ငံရေးယဉ်ကျေးမှုဖြစ်သည်။ နိုင်ငံရေးယဉ်ကျေးမှုရေချိန်ကို မြှင့်တင်နိုင်ပါမှ ငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်မည်ဖြစ်ပြီး နိုင်ငံ တစ်ဝန်း ငြိမ်းချမ်းမှသာလျှင် စည်ပင်ဝပြောရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငယ်စဉ်က သင်ကြားခဲ့ရ သည့် ခြင်္သေ့နှင့် တောဝက်ပုံပြင်ကဲ့သို့ပင် နိုင်ငံအတွင်း စိတ်ဝမ်း ကွဲပြားကာ တိုက်ခိုက်နေကြခြင်းဖြင့် ပျက်စီးဆုံးရှုံးသူမှာ မိမိတို့ သာဖြစ်ပြီး တစ်ပါးသူတို့က အမြတ်ထုတ်သွားမည်သာဖြစ်သည် ကို ရှုမြင်နိုင်ကြရန် လိုအပ်သည်။
နိုင်ငံနှင့်ပြည်သူအကျိုးအတွက် နိုင်ငံရေးနယ်ပယ်မှ ဆောင် ရွက်ကြရာတွင် မိမိအကျိုးနှင့် အဖွဲ့အစည်းအကျိုးတို့ ယှဉ်လာ ပါက အဖွဲ့အစည်း၏အကျိုးကို ဦးစားပေးကာ၊ အဖွဲ့အစည်း၏ အကျိုးနှင့် နိုင်ငံ့အကျိုးတို့ ယှဉ်လာပါက နိုင်ငံ့အကျိုးကို ဦးစားပေး ကြရမြဲဖြစ်သည်။ နိုင်ငံရေးနယ်ပယ်တွင်လည်း နိုင်ငံရေးယဉ်ကျေး မှုကို မြင့်မားအောင်တည်ဆောက်ကာ လက်ခံကျင့်သုံးနိုင်ကြပါမှ နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှု စီးပွားဘဝများ သာယာဝပြောရေးကို မျှော်မှန်းနိုင်ကြမည်ဖြစ်ပါ ကြောင်း။ ။