နိုင်ငံသားကောင်းတာဝန်

 

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ယင်းနိုင်ငံ၏ နိုင်ငံသားများ အရည်အသွေးမြင့်ရန် အရေးကြီးသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၌ ပါဝင်သော နိုင်ငံသားများ စိတ်ဓာတ်အဆင့် အတန်းမြင့်မား၊ လုံ့လဝီရိယ၊ ဉာဏ်အမြော်အမြင်တို့ ပြည့်စုံ သည်နှင့်အမျှ      နိုင်ငံတော်ကိုလည်း     ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးမြင့်မားသော နိုင်ငံသားများကသာ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရေးအတွက် လိုအပ်သော အရည် အချင်းပြည့်ဝသည့်    ပြည်သူ့ကိုယ်စားလှယ်မျိုးကို   မှန်မှန် ကန်ကန်ရွေးချယ်နိုင်ကြမည်လည်း ဖြစ်သည်။

 


ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် မရှိ မဖြစ် လိုအပ်စေကာမူ အမျိုးသားအကျိုးစီးပွားနှင့်ယှဉ်ပါက မိမိပါတီအကျိုးကို ဦးစားပေးသည့် ပါတီမျိုးမှာမူ မရှိအပ်သည် သာ ဖြစ်သည်။  ယင်းကဲ့သို့သော  ပါတီနှင့်   နိုင်ငံရေးသမားတို့ မှာ   ၎င်းတို့ပါတီနှင့်   ကိုယ်ကျိုးစီးပွားအတွက်      ပြည်သူကို လည်းကောင်း၊  ပြည်သူလူထုကြားမှ  လူမှုရေးရာပြဿနာ များကို လည်းကောင်း အမြတ်ထုတ်အသုံးချကာ လှုံ့ဆော်မှု၊ သွေးခွဲရန်တိုက်ပေးမှုများ  ပြုလုပ်ခြင်းအားဖြင့်   ပြင်းထန်သည့် ခံစားမှုများကို     ဖြစ်ပေါ်စေကာ    လူ့အဖွဲ့အစည်းအတွင်း ဆန့်ကျင်ကွဲပြားမှုများမှသည်  ပဋိပက္ခများအထိ  ဖြစ်လာစေ ပြီး   တည်ငြိမ်အေးချမ်းမှုနှင့်  ညီညွတ်မှုတို့ကို  ပျက်ပြားစေ သည်။   အရည်အသွေးမြင့်သည့်   နိုင်ငံသားများအနေဖြင့်မူ ကျင့်ဝတ်ပျက်ပြားသည့်  နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး သမားများကို ပယ်ရှားထိန်းကျောင်းနိုင်ကြမည်ဖြစ်သည်။

 


ယခုအခါ မိမိတို့နိုင်ငံသည်  နိုင်ငံတစ်ဝန်းလုံး  အရေးပေါ် အခြေအနေကြေညာထားသည့်   ကာလတစ်ရပ်ကို   ဖြတ်သန်း နေရဆဲဖြစ်ပြီး   ပြည်တွင်းပြည်ပမှ   အကြမ်းဖက်ဝါဒီများက နိုင်ငံကို  အလုံးစုံပျက်သုဉ်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် မီးကုန်ယမ်းကုန်   အစွမ်းကုန် အားထုတ်နေကြသည့် အချိန် ဖြစ်သည်။ အကြမ်းဖက်၊  လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး သည့် လုပ်ရပ်များကို လက်မရွံ့ကျူးလွန်နေကြသည့်နည်းတူ လူမှုရေး၊  ပညာရေး၊  ယဉ်ကျေးမှု၊  ဘာသာရေး  စသည့် ဘက်ပေါင်းစုံတို့တွင်လည်း     အတွေးမှား၊    အမြင်မှားများ ဖြစ်ပေါ်လာအောင်၊  အတွေးအခေါ်များ အဆိပ်သင့်လာအောင် မီဒီယာနည်းလမ်းများကို  အသုံးပြုဆောင်ရွက်လျက်ရှိကြရာ ရုပ်ပိုင်းအရ အကြမ်းဖက်မှုများကိုရော၊ စိတ်ပိုင်းအရ အကြမ်း ဖက်မှုများကိုပါ သတိပြုရှောင်ရှားနိုင်ကြရမည်ဖြစ်သည်။ ပြည်သူလူထုအတွင်း အသိမှား၊ အမြင်မှားများနှင့် ကောလာဟလ များကိုဖြန့်ချိ၍    စိတ်ခံစားမှုကို     အဆုံးထိမြှင့်တင်ပေးပြီး ပြည်သူကို စတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများကိုလည်း  ဆင်ခြင်တုံတရားဖြင့်   တွေ့မြင်နိုင်စွမ်းရှိကြရန်   လိုသည်။ တော်လှန်ရေးဟူ၍ အမည်ခံကာ မိမိတို့အား ထောက်ခံသူများ ၏ ဘဝများနှင့်ရင်း၍ အာဏာကို အချောင်ရယူရန်  ကြိုးပမ်း နေမှုများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖျားကာ သူတစ်ပါး၏ ချွေးနည်းစာတို့ကိုအလှူခံ  ကိုယ်ကျိုးရှာမှုများ မှာ တစ်နေ့တခြား ပိုမို၍ ပေါ်လွင်လာနေပြီဖြစ်ရာ အပုပ်နံ့ တထောင်းထောင်းပင် ထနေပြီဖြစ်သည်။

 


နိုင်ငံနှင့်လူမျိုးကို     အမှန်တကယ်ချစ်မြတ်နိုးကြသည့် နိုင်ငံ့သားကောင်း    တစ်ဦးစီတိုင်းက    နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်    ထာဝရငြိမ်းချမ်းရေး၊     တိုင်းပြည်သာယာ ဝပြောရေးနှင့်    စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်ရေး၊    စစ်မှန်၍    စည်းကမ်းပြည့်ဝသည့်     ပါတီစုံ ဒီမိုကရေစီစနစ်   ခိုင်မာစေရေးနှင့်   ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပါဝင်ကြိုးပမ်းကြရပါမည့်အကြောင်း။        ။