အယ်ဒီတာ့အာဘော်
============
နိုင်ငံသူ နိုင်ငံသားများ၏တာဝန် ကျေပွန်
========================
“ပြည်သူ ပြည်သားများဟာ ရွေးကောက်ပွဲမှာ မဲပေးခြင်းဟာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဆိုတာ သိပြီးသလို ကိုဗစ်ရောဂါ မကူးစက်အောင် စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်းဆိုတာလည်း နိုင်ငံသူ၊ နိုင်ငံသား များရဲ့ တာဝန်ဆိုတာ နားလည်စေချင်ပါတယ်” ဟု အောက်တိုဘာလ ၅ ရက် နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်ကာလသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အရေး အကြီးဆုံး အရေးကိစ္စနှစ်မျိုးနှင့် ကြုံတွေ့ဖြတ်သန်း ကျော်လွှားနေရသော ကာလဖြစ်သည်။ ပထမအရေးမှာ တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှား ကြိုးပမ်းနေသည့်အရေးဖြစ်သည်။ ဒုတိယအရေးကိစ္စမှာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး ဆောင်ရွက်နေသော ကိစ္စဖြစ်သည်။
ထိုအရေးကိစ္စ နှစ်ခုစလုံးသည် နိုင်ငံတော်အတွက်၊ ပြည်သူ ပြည်သားများ အတွက် ၂၀၂၀ ပြည့်နှစ်တွင် အလွန်အရေးကြီးသော ကိစ္စများဖြစ်လေသည်။ ယခုအခါ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက် ၃၀ သာ လိုတော့ပြီး ကိုဗစ်-၁၉ ရောဂါအရေး ဆောင်ရွက်နေစဉ်ကာလတွင်ပင် နိုင်ငံတော်နှင့် ပြည်သူလူထုကို အကျိုးပြုမည့် ပြည်သူ့ကိုယ်စားလှယ်များအား မဲပေးခွင့် ရှိသော နိုင်ငံသားတိုင်း စဉ်းစားချင့်ချိန်၍ အကောင်းဆုံးကို ရွေးချယ်ပေးကြ တော့မည်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကို ကျင်းပသောအခါ ပြည်သူ ပြည်သားများ ကျန်းမာရေးအရ လုံလုံခြုံခြုံနှင့် ရွေးကောက်ပွဲတွင်
မဲပေးနိုင်ရေးကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပြီဟု ယုံကြည်ထားသည်။
ယခုအခါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစစအရာရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည်ကို မြင်တွေ့ရပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းများကိုပင် စတင်ကျင်းပနေသည်ကို မြင်တွေ့ရသည်။ နိုင်ငံရပ်ခြားသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စိတ်ဝင်စားစွာဖြင့် ကိုယ်စီပါဝင်၍ နိုင်ငံသားတာဝန်ကို ကျေပွန်ရမည် ဟူသည့်စိတ်ဓာတ်ဖြင့် ကြိုတင်မဲပေးနေကြသည်ကို အားရဖွယ်မြင်တွေ့ရ သည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံး၊ မဲပေးခွင့်ရှိသည့် ပြည်သူ ပြည်သားအားလုံး မဲပေးကြသောအခါ ပြည်သူများလုံခြုံရေးအတွက် အစစ အရာရာ လိုအပ်သည်များကို ဆောင်ရွက်ထားပြီး ရွေးကောက်ပွဲတွင် တာဝန် ယူမည့်သူများ ကိုဗစ်-၁၉ ရောဂါကင်းစင်ရေး၊ ပြည်သူများ၏ကျန်းမာရေး၊ ပြည်သူများ၏လုံခြုံရေး၊ ပြည်သူများ၏ နိုင်ငံသားတာဝန်သာမက နိုင်ငံသားအခွင့်အရေးဖြစ်မြောက်ရေး စသည်ဖြင့် အဘက်ဘက်မှ လိုအပ်သမျှတို့အား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။
လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ များများရှာဖွေ စစ်ဆေးနိုင်ကြ၍ ရောဂါပိုးရှိလူနာများကို များများရှာဖွေတွေ့ရှိနေသည်။ နိုင်ငံတော်အနေဖြင့် ပိုးတွေ့လူနာမှန်သမျှအား အစစအရာရာပြည့်စုံအောင် စီမံဖန်တီးထားသည့်ဆေးရုံများတွင် တက်ရောက်ကုသနိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးထားနိုင်ပြီ ဖြစ်သည်။ ကိုဗစ်ရောဂါပိုးကို စောစောရှာ၊ စောစော တွေ့၊ စောစောကုသမှုပေးနိုင်လျှင် ရောဂါဖြစ်ပွားနှုန်းလည်း ကျဆင်းလာမည် ဖြစ်သည်။ ပြည်သူ ပြည်သားများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကင်းဝေး ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်အသိပေး ထားသော ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိလိုက်နာကာ တာဝန် ကျေပွန်စွာ ဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်း လာပြီး မြန်မြန်ဆန်ဆန် ထိန်းချုပ်ကျော်လွှားသွားနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ ပြည်သားများ၏ ကျန်းမာရေးအတွက်ရော ပြည်သူ ပြည်သား၊ နိုင်ငံသူ နိုင်ငံသားများ၏ အခွင့် အရေး အပြည့်အဝရရှိရေးကိုပါ အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်နေသည် ကို မြင်တွေ့နေရပြီဖြစ်ရာ မြန်မာပြည်သူ ပြည်သားများအားလုံးအနေဖြင့် ပြည်သူများကျန်းမာရေး၊ ရောဂါကင်းဝေးရေးအတွက်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက်လည်းကောင်း နိုင်ငံသား တာဝန်ကျေပွန်စွာ တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏တန်ဖိုးကို ဝိုင်းဝန်းမြှင့်တင်ကြဖို့ အသိပေးနှိုးဆော်လိုက်ရပါကြောင်း။ ။