နိုင်ငံတစ်ဝန်းကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံတစ်ဝန်းကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

=====================================================

နေပြည်တော် အောက်တိုဘာ ၉

နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှုသွက်လက်လျင်မြန်ချောမွေ့မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် ကုန်စည်စီးဆင်းမှုသွက်လက်လျင်မြန်ချောမွေ့ခြင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် တိုက်ရိုက်ဆက်စပ်မှုရှိသဖြင့် ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးမှု၊ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက် များအား ကိုဗစ် - ၁၉ စစ်ဆေးရာတွင် အခက်အခဲများ ကြုံတွေ့နေရမှု၊ သို့ဖြစ်၍ ၎င်းတို့အား ကိုဗစ် - ၁၉ Rapid Test Kit များဖြင့် စစ်ဆေးနိုင်ရေးဆောင်ရွက် ပေးသွားမည့်အစီအစဉ်များ၊ Rapid Test Kit များဖြင့် စစ်ဆေးခကို သက်သာ သော နှုန်းထားဖြင့် ကောက်ခံသွားနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချင်းချင်းအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက် ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်း တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်