
ဆောင်းပါး
====
နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်သူ့အကျိုးပြု ပညာရေးဆိုင်ရာမှတ်တိုင်များ အပိုင်း(၁) အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ
============================================================
(ယမန်နေ့မှအဆက်)
အခမဲ့ အခြေခံပညာရေးနှင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများ
ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို လက်လှမ်းမီ သင်ယူခွင့်ရရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာသင်ယူခွင့် ရရှိရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရန် နှစ်စဉ် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ် (Enrolment Week) အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပါသည်။
အခမဲ့အခြေခံပညာရေးတွင် ကျောင်းသား ကျောင်းသူများအားလုံးကို ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစား၊ စာရေးကိရိယာ၊ စာကြည့်တိုက်ကြေးအပါအဝင် အခြားအခကြေးငွေများ ကင်းလွတ်ခွင့် ပေးခြင်းနှင့် နယ်မြေအလိုက် သတ်မှတ်ထားသောကျောင်းများတွင်သာ ကျောင်းအပ်နှံခွင့်ပြုခြင်းနှင့် ကျောင်းအုပ်၊ ဆရာ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ မိဘ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များတို့ဖြင့် အသိပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် တစ်ဒါဇင်ကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုလည်းကောင်း အခမဲ့ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် နှစ်စဉ်ပံ့ပိုးမှုများအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအရ အခြေခံပညာ (မူ၊ လယ်၊ ထက်) ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်တစ်ဒါဇင်စီအပြင် မူလတန်းဆင့်တွင် ခဲတံလေး ချောင်း၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ခဲတံနှစ်ချောင်း၊ ဘောပင်နှစ်ချောင်းစီကို လည်းကောင်း ထပ်မံပံ့ပိုး ပေးနိုင်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စ ဇွန်လတွင် ပုံမှန်ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သတ်မှတ်စံများနှင့်ကိုက်ညီသည့် အခြေခံပညာအထက်တန်းကျောင်း ၆၅၂၆ ကျောင်းကိုသာ ဇူလိုင်လတွင် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းကျောင်းသား ကျောင်းသူ ၁၁၇၈၄၄၆ ဦးအား ၂၂-၇-၂၀၂၀ ရက်နေ့မှ ၂၆-၈-၂၀၂၀ ရက် အထိ ပညာသင်ကြားပေးနိုင်ခဲ့ပါသည်။
အဆိုပါကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းနိုင်စေရန်အတွက် စုစုပေါင်း ကျပ်သန်း ၁၆၇၅၂ ဒသမ ၆၄၇၁၈၀ တန်ဖိုးရှိ နှာခေါင်းစည်း၊ Face Shield၊ Infrared Thermometer၊ ဘေစင်၊ ခြေနင်းအမှိုက်ပုံး၊ ဆီးသွားခန်း၊ ပိုးသတ်ဆေးဖျန်းပုံး၊ လက်သန့်ဆေးဘူး၊ Ethyl Alcohol ၊ Sodium Hydrochloride နှင့် Hand Speaker များကို ထောက်ပံ့ပေးခဲ့ပါသည်။
ဆရာ ဆရာမများ ဖြည့်ဆည်းခန့်ထားပေးနိုင်မှု
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ကျောင်းများတိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းသား ဦးရေ တိုးတက်လာမှုကြောင့် ဆရာ ဆရာမအင်အားကို သင်တန်းဆင်း ဆရာ ဆရာမများ အသစ်ခန့်ထားခြင်း၊ သတ်မှတ်အရည်အချင်းပြည့်မီသည့် ဆရာ ဆရာမများအား ရာထူးတိုးမြှင့်ပေးခြင်းတို့ဖြင့် အောက်ပါအတိုင်း ဖြည့်ဆည်း ခန့်ထားနိုင်ခဲ့ပါသည်-
အခြေခံပညာ ဆရာ ဆရာမများအား သတ်မှတ်အရည်အချင်းပြည့်မီပါက ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ အသစ် ထပ်မံခန့်ထားခြင်းတို့ကြောင့် ဆရာဦးရေ တိုးတက်လာခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွင်း ဆရာ ဆရာမများ၏ လစာမှာ ကျပ် ၅၇၀၅၂၈၁ သန်းအထိ အသုံးပြုခဲ့ပါသည်။
တိုင်းရင်းသားဘာသာစကား ၆၇ မျိုးနှင့် တိုင်းရင်းသားဆရာ ဆရာမများ ဖြည့်ဆည်းခန့်ထားပေးနိုင်မှု
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်းများ ပြုစုပြီး ၂၀၁၆ ခုနှစ်မှစ၍ အခြေခံပညာကျောင်းများတွင် Grade 1 ၊ Grade 2 ၊ Grade 3 မူလတန်း တိုင်းရင်းသားကလေးငယ် များကို သင်ကြားပေးလျက်ရှိပါသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် တိုင်းရင်းသားစာပေ ၄၃ မျိုးကို သင်ကြား ပေးနိုင်ခဲ့ရာမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘာသာစကား ၆၇ မျိုးကို ကျောင်းသား ရှစ်သိန်းကျော် လေ့လာသင်ယူနိုင်ခဲ့ ပါသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းပေါင်း ၁၃၁၀၀ တွင် ဆရာဦးရေ Teaching Assistant ၁၁၂၉၈ ဦး၊ Language Teacher ၁၄၇၈၆ ဦးကို ခန့်ထားပေးခဲ့ပါသည်။
ထို့ပြင် တိုင်းရင်းသားဘာသာ စကားများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကချင်၊ ကယား၊ ကရင်(စကော)၊ ချင်း(ဖလမ်း)၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား-မြန်မာ အဘိဓာန်များကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကချင် (လော်ဝေါ်)၊ ကရင်၊ ချင်း(ချိုး)၊ မွန်၊ ရှမ်း တိုင်းရင်းသား -မြန်မာ အဘိဓာန်များကို လည်းကောင်း ထုတ်ဝေနိုင်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်အတွင်း သင်ကြားရေး အထောက်အကူပြု ဂျိန်းဖော၊ ကယား၊ စကောကရင်၊ ချင်း(ဖလမ်း) ၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာစကားများဖြင့် အင်္ဂလိပ်-မြန်မာ-တိုင်းရင်းသား ပုံပြအဘိဓာန်နှင့် ဝေါဟာရကားချပ်များ ဂျိန်းဖော၊ လော်ဝေါ်၊ ကယား၊ ပိုးကရင်၊ ချင်း (ဟားခါး)၊ ချင်း(ဖလမ်း)၊ မွန်၊ ရှမ်း ဘာသာစကားများဖြင့် Grade 1၊ Grade 2 နှင့် Grade 3 မြန်မာ-တိုင်းရင်းသား- အင်္ဂလိပ်သုံးဘာသာ ပုံပြအဘိဓာန်နှင့် သုံးဘာသာဝေါဟာရ ကားချပ်တို့ကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် ပူးပေါင်းထုတ်ဝေခဲ့ပါ သည်။
စိတ်စွမ်းအားဖြည့် နှလုံးသား အာဟာရစာစုများ (မူ၊ လယ်၊ ထက် အဆင့်) စာအုပ်များပြုစု၍ အခြေခံပညာ ကျောင်းများသို့ အခမဲ့ဖြန့်ဝေခဲ့ပါသည်။ တိုင်းရင်းသား ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် Grade 1၊ Grade 2 နှင့် Grade 3 မြန်မာ စာဖတ်စာအုပ် သင်ထောက်ကူ အသံ ထွက်တို့ကို Software များ ရေးသား၍ အခမဲ့ဖြန့်ဝေခဲ့ပါသည်။
ပညာရေးအဆင့်အလိုက် အောင်မြင်သူ/ ပြီးမြောက်သူဦးရေ တိုးတက်လာခြင်း
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 5 မူလတန်းပြီးသည့်ဦးရေကို ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ် ပါက ၁၅၄၆၆၃ ဦး ပိုမို၍ မူလတန်းပြီးလာ ပြီး Grade 9 အောင်မြင်သည့် အလယ် တန်းပြီးသော ကျောင်းသားဦးရေသည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅၇၄၂၆ ဦး တိုးတက် လာခဲ့ပါသည်။ ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၁၆ ခုနှစ် နှင့် နှိုင်းယှဉ်ပါက အောင်မြင်သူ ၂၉၁၇၉၈ ဦးရှိသည့် အတွက် စုစုပေါင်း အောင်မြင်သူ တစ်သိန်းကျော် တိုးတက် လာခဲ့ပါသည်။ ပညာသင်နှစ်အလိုက် အောက်ပါအတိုင်း တိုးတက်လာခဲ့ပါသည်- အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်များပေးအပ်နိုင်မှု
ကျောင်းသား ကျောင်းသူများမှ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ပညာ ဆက်လက်တက်ရောက်နိုင်ပြီး အခြေခံပညာအထက်တန်းအဆင့် ပြီးဆုံးအောင် သင်ယူလေ့လာခဲ့သော ကျောင်းသား ကျောင်းသူများအား အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် ပညာဆက်လက်သင်ယူနိုင်မည့် အခွင့် အလမ်းဖန်တီးပေးနိုင်ရေးအတွက် အထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပြီးမြောက်ကြောင်း လက်မှတ်ရရှိသည့် ကျောင်းသား ကျောင်းသူများသည် အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် တက်ရောက်ပညာသင်ယူပြီး လိုက်လျောညီထွေရှိသည့် ကျွမ်းကျင်မှုများ ရရှိ၍ အလုပ်အကိုင်များရရှိနိုင်သည့်အတွက် အခွင့်အလမ်းများပေါ်ပေါက်လာရန် ရည်ရွယ်ပြီးဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတွင် အခြေခံပညာကျောင်းတွင်း ဖြေဆိုဦးရေ ၅၇၃၂၁၅ ဦးရှိသည့် အနက် ၁၆၁၅၅၅ဦး အောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။ တက္ကသိုလ်ဝင်အောင်ချက်အရ အခြေခံပညာရေးမှ အဆင့်မြင့်ပညာသို့ ကူးပြောင်းသင်ယူလေ့လာနိုင်သူမှာ အလွန် နည်းနေကြောင်းတွေ့ရှိရပြီး အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ဒီပလိုမာများမှတစ်ဆင့် ဘွဲ့ဒီဂရီ တစ်ခုသို့ ရယူနိုင် စေရန် လေ့လာသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းဖောက်သည့်အနေဖြင့် အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်မှု လက်မှတ်ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် အထက်တန်းဆင့် Grade-11 ကျောင်းတွင်းစာရင်းရှိ ကျောင်းသား စုစုပေါင်း ၅၈၉၇၈၅ ဦးရှိသည့်အနက် ၅၆၆၂၇၄ ဦးသည် စံသတ်မှတ်ချက် များနှင့် ကိုက်ညီသည့်အတွက် အခြေခံပညာ အထက် တန်းအဆင့် ပြီးမြောက်မှု လက်မှတ်ရရှိမည်ဖြစ်ပြီး ဘဝ တစ်သက်တာ သင်ယူမှုအစီအစဉ်အရ အဆင့်မြင့်ပညာသို့ ပေါင်းကူးသင်ယူခွင့်လမ်းကြောင်း (Path Way) ကိုလည်း ရနိုင်မည်ဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာ သင်တန်း များသို့ ဆက်လက် သင်ယူနိုင်မည့် အခွင့်အလမ်းရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်မှုနှင့်အညီ ကျောင်းဆောင်များကိုလည်း သဘာဝဘေးအန္တရာယ် ကြောင့် ပြင်ဆင်ခြင်း၊ အန္တရာယ်ရှိကျောင်းဆောင်များနှင့် ဥပဓိရုပ်မကောင်းသည့် ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ပေးရသည့်ကျောင်း ဆောင်များ ဆောက်လုပ်ပေးခြင်း၊ သိပွံဆောင်၊ စာကြည့် တိုက်၊ မြို့နယ်ရုံးများ၊ ခရိုင်ရုံးများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်းတို့ကို ဖော်ပြပါအတိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါသည်-
အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ တိုးတက် လာခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ကျောင်းဆောင် များ ပျက်စီးခြင်း၊ အန္တရာယ်ရှိသော ကျောင်းဆောင်များ၊ ဝန်ထမ်းအိမ်ရာ၊ စာကြည့်တိုက်နှင့် သိပ္ပံဆောင်စသည့် လိုအပ်နေသည့် ကျောင်းဆောင်များကို ဖြည့်ဆည်းပေးခဲ့ရာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွင်း ကျပ် ၄၀၄၉၁၆ သန်းကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထိကျပ် ၁၂၅၅၉၁၉ သန်းကိုလည်းကောင်း တိုးမြှင့်သုံးစွဲခွင့်ပြုခဲ့ပါသည်။
ကျောင်းသား ကျောင်းသူများအတွက် ထပ်မံလိုအပ် သည့် စာသင်ခုံများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ ၂၀၁၅-၂၀၁၆ ပညာသင် နှစ်အတွင်း ငွေကျပ် ၁၇၂၂ သန်းကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထိ ငွေကျပ် ၈၂၂၆၈ သန်းကိုလည်းကောင်း တိုးမြှင့် သုံးစွဲခွင့်ပြုခဲ့ပါသည်။
အခြေခံပညာကျောင်းများတွင် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် နေထိုင်ရေး အဆင်ပြေစေရန် အိမ်ရာများကို တည်ဆောက်ပေးခဲ့ရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထိ ငွေကျပ် ၆၉၃၄၈ သန်း တန်ဖိုးရှိ အိမ်ရာများကို ဆောက်လုပ်ပေးခဲ့ပါသည်။
အခြေခံပညာကျောင်းများတွင် ကွန်ပျူတာ အသုံးပြု သင်ကြားနေသောကျောင်းပေါင်း ၁၄၉၁ ကျောင်းရှိပြီး လိုအပ်သော ကွန်ပျူတာများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထိ ကျပ် ၂၆၈၄၈ သန်း တန်ဖိုးရှိ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဖြည့်ဆည်း ပေးခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာ အဆင့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အကြား ပညာအရည်အသွေးမြင့်မားစေရေးနှင့် ခေတ်နှင့် လိုက်လျောညီထွေသည့် ပညာရေးအဆင့် မြင့်မားစေရေး အတွက် ကျောင်းတစ်ကျောင်းလျှင် တစ်လုံးနှုန်းဖြင့် ငွေကျပ် ၉၄၉၄.၄ သန်း တန်ဖိုးရှိ Tablet ၄၇၄၇၂ လုံး ဖြည့်ဆည်းခဲ့ပါသည်။
အခြေခံပညာကျောင်းများတွင် ကျောင်းသင်ရိုးညွှန်းတမ်း သာမက ပြင်ပဗဟုသုတရရှိစေမည့်စာအုပ်များ ဖတ်ရှု သည့်အလေ့အကျင့်ကောင်းများ စွဲမြဲသွားနိုင်စေရေးအတွက် အခြေခံပညာကျောင်းပေါင်း ၁၄၁၂၅ ကျောင်းတွင် စာကြည့် တိုက် အသုံးစရိတ်အဖြစ် ငွေကျပ် ၄၃၃၉ သန်းအထိ သုံးစွဲခဲ့ပါသည်။
ကျောင်းသား ကျောင်းသူများ သောက်ရေနှင့် သုံးရေ အသုံးပြုနိုင်သော အခြေခံပညာကျောင်းပေါင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ၄၀၄၃၃ ကျောင်းအထိ ရှိပြီဖြစ်ပါသည်။
- Log in to post comments