
ဘုန်းနိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ထိုသို့ လျာထား ဆောင်ရွက်လျက်ရှိသည်ကို တချို့က လက်ရှိဖြစ်ပျက်နေသည့် အခြေ အနေများကိုအခြေခံပြီး ထွက်ပေါက်တစ်ခုအဖြစ် ပြောဆိုရှုမြင်နေသည် ကိုလည်း တွေ့မြင်ရပါသည်။ အဘယ်သို့သောအခြေအနေကို အခြေခံ ပြီး ထွက်ပေါက်အဖြစ် ရှုမြင်နေကြသည်ကိုတော့ မပြောတတ်ပါ။ “ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးမည်” ဆိုသည့်စကားရပ် သည် ယခုကာလမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား လာခြင်းမဟုတ်ဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး၌ နိုင်ငံတော်၏ ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်၏တာဝန်များကို ခေတ္တထိန်းသိမ်းပေးရန် လွှဲပြောင်းပေးစဉ် ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် “နိုင်ငံတော်တွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရ နိုင်ငံရေးပါတီ အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
အန္တိမရည်မှန်းချက်သည် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဆိုသည်ကို ထင်ရှားစွာတွေ့နိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် များကို လေ့လာကြည့်ပါက စတင်ဖွဲ့စည်းစဉ်ကချမှတ်ခဲ့သည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော ဆိုးရွား သည့် မဲမသမာမှုများကြောင့် အရေးပေါ်ကြေညာ၍ နိုင်ငံတော်တာဝန် ကို ရယူထိန်းသိမ်းခဲ့ရ၍ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ ခုရှိ မဲစာရင်းများကို ဦးစားပေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါမည်။ ရည်ရွယ်ချက်ရှိရှိဖြင့် မဲမသမာမှုပြုလုပ်နိုင်သည့် မဲအရေအတွက် ၁၁ သန်းကျော်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသော ကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူခံခဲ့ရ ပါသည်။ အဆိုပါရှေ့လုပ်ငန်းစဉ်များ၏ နောက်ဆုံးအချက်တွင်လည်း “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်”ဟု ထည့်သွင်းပြီး ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပကာ အနိုင်ရရှိသည့်ပါတီကို နိုင်ငံတာဝန်ကို ပြန်လည်လွှဲအပ်ပေးမည် ဖြစ်ကြောင်းကို တိုင်းသိပြည်သိအာမခံထားသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်သမားများ၏ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များကြောင့် အရေးပေါ်ကာလသက်တမ်းတိုးခဲ့ရာ (၂) နှစ်ပြည့်မြောက်သည့်နေ့တွင် လည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ပြင်ဆင်ချမှတ်ခဲ့ပါသည်။ ထိုပြင်ဆင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်တွင်လည်း “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး နှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု ထပ်မံထည့်ထားခဲ့သည်ကို တွေ့ရှိ ရပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်သည် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း နိုင်ငံတော်အဆင့် အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများနှင့် အစည်းအဝေးများတွင်လည်း ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ လိုအပ် သော အခင်းအကျင်းများ၊ ပြင်ဆင်ဆောင်ရွက်မှုများအား အမြဲပြော ကြားခဲ့သည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရွေးကောက်ပွဲလုပ်ပေးမည့် ရည်မှန်းချက်ကို ပြတ်သားစွာ တွေ့ရှိနိုင်ပါသည်။
လွတ်လပ်၍တရားမျှတမှုအပြည့်ရှိသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရသည့်အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရည်မှန်းချက်နှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ အနာဂတ်မှာ ဖြစ်တည်လာနိုင်မည့် အခြေအနေများကို မှန်ကန်စွာ တွက်ဆရန် လိုပါလိမ့်မည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ကိစ္စအရပ်ရပ်ကို တာဝန်ယူဖို့ စတင်ဖွဲ့စည်းရယူခဲ့ခြင်း သည် ယိုယွင်းသွားသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည် တည့်မတ်ပေးဖို့သာဖြစ်ပါသည်။ ထိုကဲ့သို့ လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးရင်း အနာဂတ်နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ကဏ္ဍအစုံ၌ မဖြစ်မနေဆောင်ရွက်ရမည့် လက်တွေ့ကျသော အခြေခံ အုတ်မြစ်များခိုင်မာစေဖို့ တည်ဆောက်နေခြင်းကို တွေ့ရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် စနစ်အပြောင်းအလဲမှစ၍ ယခုချိန်ထိ ဖြစ်ပျက်ခဲ့ သည့် အခြေအနေများကို ထဲထဲဝင်ဝင် သိရှိထားသူတစ်ယောက်ဟုဆိုနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံ၏စနစ် ပြောင်းကာလတွင် လက်တွေ့ကျင့်သုံးခဲ့ရာ ကြုံတွေ့ခဲ့ရသည့်အခြေအနေများအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်သင့်သည်များကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ခြင်းဆိုသည့် ပကတိအမှန်တရားကို လက်ခံပြီးဖြစ်သည်ကိုလည်း တွေ့ရပါ သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ကိုချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံအတွင်း စိန်ခေါ်မှုတစ်ရပ် အဖြစ် တည်ရှိနေသော လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ချုပ်ငြိမ်း ပပျောက်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် နိုင်ငံရေးညီမျှမှု၊ နိုင်ငံဖွဲ့စည်းတည်ဆောက်မှုတို့ဖြင့် ကြိုးပမ်းနေခြင်းကိုလည်း တွေ့မြင် လာရပါသည်။
မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများကို အငြင်းပွားမှု နည်းပါးစွာဖြင့် ဖြတ်ကျော်နိုင်ခဲ့ပြီး နည်းပါးသည့် အငြင်းပွားမှုများကိုလည်း အောင်မြင်စွာဖြေရှင်းပေးနိုင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာသုံးရပ်ကျင့်သုံးခဲ့ရာ ကြီးမားသည့် ထိပ်တိုက်ရင်ဆိုင် မှုများ မဖြစ်ခဲ့သော်လည်း အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာ(တစ်နည်းအားဖြင့်) အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့ ကြားတွင် ပွတ်တိုက်မှုအနည်းငယ်တော့ရှိခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။
NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကြမည်ဆိုသည့် နည်းလမ်းတစ်ခု ချမှတ်ခဲ့ခြင်းဖြစ်
မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်အချိန်ကတည်းက အမြစ်တွယ်ခဲ့ သော လက်နက်ကိုင်၍ ဖြေရှင်းသည့်လမ်းစဉ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) က ဩဇာသက်ရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိ သည်ကို တွေ့ရပါသည်။ မြန်မာ့လက်နက်ကိုင်လမ်းစဉ်သည် မည်သည့် ခေတ်တွင်မှ ပပျောက်သွားခြင်းမရှိခဲ့ဘဲ အတန်ငယ်အားနည်းခဲ့ခြင်းသာ ရှိခဲ့ပါသည်။ ဒီမိုကရေစီခေတ်တွင် တစ်ကျော့ပြန်တိုက်ပွဲများပြန်လည် ဖြစ်ပွားခြင်းများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသစ် များလည်း ထပ်မံပေါ်ပေါက်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သည့်လက်နက်ကိုင်အဖွဲ့မဆို လက်နက်ကိုင်အဖွဲ့အဖြစ် တရားဝင်ရပ်တည်မည်ဆိုပါက နယ်ခြားစောင့်တပ်အဖြစ်သော်လည်းကောင်း၊ ပြည်သူ့စစ်အဖြစ်သော် လည်းကောင်း ပြောင်းလဲပြီး တပ်မတော်၏ကွပ်ကဲမှုအောက်တွင် တည်ရှိရမှာဖြစ်ပါသည်။ သို့သော် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် တပ်မတော်ကွပ်ကဲမှုအောက်တွင် နေထိုင်လိုခြင်း မရှိ ကြဘဲ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းပြီး သီးခြားနယ်မြေအဖြစ် ရပ်တည်လိုသည့်သဘောထားများသာ ရှိနေကြသည်ကို တွေ့ရမှာ ဖြစ်ပါသည်။ ထိုပြဿနာများကိုပြေလည်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဖြစ်တည်လာစေရေးအတွက် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကြမည်ဆိုသည့် နည်းလမ်းတစ်ခုချမှတ်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နောက်တွင် ၁၉၈၈ ခုနှစ်ကတည်းက တပ်မတော်ကို ရန်သူသဖွယ် အမြဲတမ်းစဉ်းစားဆက်ဆံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် NLD ပါတီအာဏာရလာခဲ့ပါသည်။ ဒီမိုကရေစီစနစ် အသက်ဝင် စေရန်နှင့် ပြည်သူပြည်သားများ၏ သဘောထားကို လေးစားသည့် အတွက် အာဏာရ USDP ပါတီအစိုးရသည် ရွေးကောက်ပွဲကို သမာ သမတ်ကျစွာဖြင့် ကျင်းပပေးခဲ့ပြီး မဲအနိုင်ရသည့် NLD ပါတီကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးအပ်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။
အားသာမည့်ကိစ္စရပ်များတွင် အခြေခံဥပဒေကို ခုတုံးလုပ်ပြီး ၎င်းတို့လုပ်ချင်သည့် ကိစ္စရပ်များတွင် အခြေခံဥပဒေကို မျက်ကွယ်ပြုခဲ့ကြ
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတော်တာဝန်ကို ရယူခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသည် ၎င်းတို့ကို အာဏာ ရစေခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ် လေးစားစွာ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ၎င်းတို့အလိုကျ ပြင်ချင်ရာပြင်ဖို့ကိုသာ အဓိကထားဆောင်ရွက်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ အားသာမည့် ကိစ္စရပ်များတွင် အခြေခံဥပဒေကို ခုတုံးလုပ်ပြီး ၎င်းတို့လုပ်ချင်သည့် ကိစ္စရပ်များတွင် အခြေခံဥပဒေကို မျက်ကွယ်ပြုခဲ့ကြသည်ကို တွေ့ရ မှာဖြစ်ပါသည်။ ဥပမာအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် အသုံးအနှုန်းနှင့် ရာထူးသည်ပင် အခြေခံဥပဒေကပေးထားသည့် အခွင့်အာဏာထက် ကျော်လွန်နေသည်ကို တွေ့ရမှာဖြစ်ပါသည်။ ထို ၅ နှစ်တာကာလအတွင်းတွင် NLD အနေဖြင့် အဓိကဆောင်ရွက်ခဲ့သည့် ကိစ္စသည် တပ်မတော်ကို နိုင်ငံရေးမှ ထွက်ခွာရေး၊ နိုင်ငံရေးသမားများ ၏ လက်အောက်ရောက်ရှိရေးနှင့် တပ်မတော်အပေါ် ပြည်သူလူထုအမြင်မှားစေရေးများကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြသည် ကို တွေ့ရမှာဖြစ်ပါသည်။
NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ၍ သမ္မတအရည်အချင်းဖြစ်သည့် ပုဒ်မ ၅၉(စ)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ များကိုသာ အဓိကထားခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ပုဒ်မ ၅၉(စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားသည်ဟုယူဆပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်လိုခြင်းဖြစ်ပါသည်။ ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၎င်းတို့စိတ်ကြိုက် အလွယ်တကူပြင်ဆင် နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင် မဲပေးရွေးချယ်သည့်စနစ် သည် မဲနိုင်သည့်သူ အကုန်ယူစနစ် ဖြစ်နေသည့်အတွက် အချို့သော ပြည်နယ်များတွင် မဲနိုင်သည့်တိုင်းရင်းသားပါတီများသည် အစိုးရဖွဲ့ ခွင့်မရဘဲ သမ္မတကသာ စိတ်ကြိုက်ဖွဲ့စည်းခန့်အပ်နိုင်သည့်အတွက် တိုင်းရင်းသားအများစုက ကျေနပ်နှစ်ခြိုက်ခြင်း မရှိကြပါ။ ထိုအချက် သည် ပြည်ထောင်စုသွေးစည်းညီညွတ်ရေးနှင့် တိုင်းရင်းသားများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားတန်ဖိုးထားလာနိုင်သည့်အခြေ အနေကို အဟန့်အတား ဖြစ်စေသည်ဟု ရှုမြင်ရပါမည်။ NLD အနေဖြင့် အာဏာမရမီအချိန်တွင် တိုင်းရင်းသားအခွင့်အရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို ရှေးရှုမည်ဟု တွင်တွင်ပြောခဲ့သော်လည်း အာဏာရ လာသည့်အခါ တစ်နိုင်ငံလုံးကို တစ်ပါတီတည်းက လက်ဝါးကြီးအုပ်ချင် သည်က ပိုများလာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် ဒေသများတွင် မဲနိုင်ပါက သက်ဆိုင်ရာအစိုးရအဖွဲ့ကို ကိုယ်တိုင်ရွေးချယ်ခန့်အပ်လိုသည့် ဆန္ဒ သည် တိုင်းရင်းသားတိုင်းတွင် ရှိကြပါသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမဲနိုင်၍ အစိုးရဖွဲ့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်သည့် ကာလဖြစ်ခြင်းနှင့် နိုင်ငံတစ်ဝန်းလုံး ပြည်နယ်ဒေသများတွင်ပါ မဲနိုင်ခြင်းများကြောင့် သမ္မတက စိတ်ကြိုက်ခန့်အပ်ခဲ့တာ မသိသာ လှပေ။ သို့သော် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ရခိုင် တိုင်းရင်းသားပါတီက မဲအများစုဖြင့်နိုင်ခဲ့သည့်အတွက် အစိုးရဖွဲ့ရာ တွင် ပြည်နယ်အစိုးရကို ကိုယ်တိုင်ဖွဲ့လိုသည့်ဆန္ဒ ရှိခဲ့သော်လည်း NLD ပါတီက လက်မခံခဲ့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုထား ဟူ၍ အကြောင်းပြခဲ့သည်ကိုတွေ့ရမှာ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ခေတ်ပြောင်း စနစ် ပြောင်းအတွက် သင့်တင့်မျှတကောင်းမွန်သည့် ဥပဒေတစ်ရပ်လို့ ဆိုနိုင်ပါသည်။ သို့သော် တရားသေဆုပ်ကိုင်ထားရန်တော့ မသင့်ပါ။ တိုးတက်မှုများအရ သင့်တင့်မျှတစွာ ပြင်ဆင်ဖို့တော့ လိုပါသည်။ မည်သို့ပြင်ဆင်သင့်ပါသနည်းဆိုလျှင် မြန်မာ့နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြသည့် Stakeholder များအနေဖြင့် စည်းလုံး ညီညွတ်စွာ တိုင်ပင်ဆွေးနွေး ပြင်ဆင်သင့်သည်ဟု ဆိုချင်ပါသည်။ အထူးသဖြင့် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တိုင်းရင်းသားများအပါအဝင် နိုင်ငံရေးပါတီများသည် အဓိက ကျပါလိမ့်မည်။
ထိုအခြေအနေအရပ်ရပ်ကို လက်ရှိနိုင်ငံတော်တာဝန်ကို ရယူထား သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကောင်းစွာသိရှိ နားလည်နေသည်ဟု မြင်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့်အချိန်မှာ ထုတ်ပြန်ခဲ့သည့် ဦးတည်ချက်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ် နေမှုများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့် အချက်အလက်များကို ပွင့်လင်းစွာ ဆွေးနွေးမှတ်တမ်းတင်ထားရှိမှုများကို ကြည့်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံကို မည်သို့ပုံဖော်မည်ဆိုသည့် ရည်မှန်းချက် ကို တွေ့နိုင်ပါသည်။
လွတ်လပ်၍ တရားမျှတမှုအပြည့်ဖြင့်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ထားသည့် အန္တိမ ရည်မှန်း ချက်ဖြစ်သော ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပနိုင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် အချိတ်အဆက်မိမိ ဆောင်ရွက်လာရာ ရုပ်လုံး ပေါ်လာနေသည်ကို တွေ့ရပါသည်။ ကနဦးအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် စီမံချက်ချဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲအပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တိုင်းရင်းသားလူမျိုးအားလုံးပါဝင်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြိမ်ကြိမ်ညှိနှိုင်းပြီး မဲများသူ အနိုင်ရသည့်စနစ် (FPTP) အစား စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed List-PR) ဖြင့် ပေါင်းစပ် ကျင့်သုံးသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲတွင် ပါတီများစုံလင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ပါတီများမှတ်ပုံတင်ခြင်း၊ ပါတီဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များ ပြဋ္ဌာန်းပေးခြင်း၊ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ပြည်သူများ မဲပေးရာမှာ အဆင်ပြေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine)ဖြင့် မဲပေးသည့်စနစ် ဆောင်ရွက်ပေးခြင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်အဖြစ် မဲစာရင်းများ ခိုင်လုံမှန်ကန်မှုရှိစေရေး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး ပြင်ဆင်ဆောင်ရွက်ခြင်း၊ လွတ်လပ်၍ တရားမျှတမှုအပြည့်ဖြင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိစေရန် ကြိုးပမ်း ဆောင်ရွက်နေခြင်းများကို တွေ့ရပါသည်။
လာမည့်ရွေးကောက်ပွဲသည် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးဆီသို့ချီတက်ရာ မုခ်ဦးတံခါးဝ တစ်ခုဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲအဝင်တံခါးကို ဖွင့်လှစ် ဝင်ရောက်ပြီး ပဋိပက္ခမှန်သမျှ နိုင်ငံရေးစားပွဲဝိုင်းများအပေါ်တွင် ဖြေရှင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖော်ဆောင် ကာ ညီညွတ်မှုကို တည်ဆောက်ရင်း အခြေခံကောင်းများကို မြှင့်တင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ အစီစီအသင့်ရှိနေကြမည့်ပုံရိပ်ကို လှမ်းမျှော်ကြည့်နိုင်ပါသည်။ ယခုလာမည့် ရွေးကောက်ပွဲသည် အနာဂတ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုလမ်းမကြီးဆီသို့ ချိတ်ဆက်ပေးမည့် Entry Strategy ပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် မျှော်လင့်ချက်များ စုစည်းပေါင်းစုံရာ ပြည်ထောင်စုအိမ်ကြီး၏ ဝင်ပေါက်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့ဖြစ်၍ ယခုကာလကတည်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများ နှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံကို ဖွံ့ဖြိုး တိုးတက်လာစေရန် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်၍ မရှိမဖြစ်လိုအပ်သည့် အခြေခံကောင်းများ အုတ်မြစ်ချပေးနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များက သက်သေ ပင် ဖြစ်ပါသည်။
အခြေခံကောင်းများကို မူဝါဒချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်စေရန်
ရေရှည်စီမံကိန်းအဖြစ် မူဝါဒချမှတ်အကောင်အထည်ဖော်
ပေးလျက်ရှိနေသည်ကို တွေ့ရမည်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသည့် အခြေခံ လုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း များသာလျှင် ဖြစ်ပါသည်။ ဤအခြေခံစနစ် ဖွံ့ဖြိုးအောင်မြင်မှသာ နောက်တစ်ဆင့်ကို ရည်မှန်းရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေမခံသည့် စက်မှုလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် လက်တွေ့ မကျသည့်လုပ်ငန်းဟု ဆိုရပေလိမ့်မည်။ မလုပ်ရဟုဆိုလိုခြင်း မဟုတ်ပါ။ အတူယှဉ်တွဲ လုပ်နိုင်သော်လည်း လက်တွေ့ကျသည့်အခွင့်အရေးသည် စိုက်ပျိုးမွေးမြူရေးနှင့် ထိုလုပ်ငန်းများကိုအခြေခံသည့် စက်မှုလုပ်ငန်း များနှင့် ယင်းနှင့်ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်မည့် ခရီးသွား လုပ်ငန်းများသာဖြစ်ပါသည်။ စိုက်ပျိုးရေးတွင် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံ၊ ကော်ဖီနှင့် ဆန်စပါးစသည့် စားသုံးသီးနှံသက်သက်တင်မဟုတ်ဘဲ ကြံ၊ ရော်ဘာ အစရှိသည့် စက်မှုကုန်ကြမ်းသီးနှံများသည်လည်း မြန်မာ့ စီးပွားရေးအတွက် အခြေခံကောင်းများ ဖြစ်ပါသည်။ မွေးမြူရေးနှင့် ပတ်သက်ပြီး ပြည်ပသို့တင်ပို့နိုင်သည့် အေးခဲအသားများနှင့် စည်သွတ်ဘူးလုပ်ငန်းများသည်လည်း အခွင့်အရေးရှိသည့် အခြေခံ ကောင်းများဖြစ်ပါသည်။ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ထိုအခြေခံကောင်းများကို မူဝါဒချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရေရှည်စီမံကိန်းအဖြစ် မူဝါဒချမှတ်အကောင် အထည်ဖော်ပေးလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးလျှင် မူလအခြေအနေအတိုင်း အာဏာသုံးရပ်သည် အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် သီးခြားစီရပ်တည်ရတော့မှာဖြစ်ပါသည်။ အုပ်ချုပ်မှုအာဏာအတွက် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ် စွမ်းအင်အတွက် အခြေခံကောင်းများ ချမှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ပေါ်ပေါက်လာမည့် လွှတ်တော်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အချက်အလက်များကိုလည်း ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်သည့်အတွက် အလွယ်တကူ ပြင်ဆင်နိုင်မည့် အခြေအနေ ဖြစ်ပါသည်။ ထိုအခြေအနေအတိုင်း ဆက်လက်လျှောက်လှမ်းမည် ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအဖြစ် အေးချမ်းတည်ငြိမ်စွာ ဖြစ်တည်လာမှာမလွဲဟုဆိုရပေမည်။ ထိုခရီးကို ဆက်လက်ချီတက်ဖို့ အတွက်ဆိုလျှင် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲသည် ထွက်ပေါက်တစ်ခု မဟုတ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမ ရည်မှန်းချက်ဖြင့် တည်ဆောက်ပေးသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံ၏ နိဒါန်းအစနှင့် ဝင်ပေါက်တစ်ခုသာဖြစ်ပေသည်။ အနာဂတ်မြန်မာနိုင်ငံအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းရေးဆိုင်ရာ ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆိုင်ရာဒေသအသီးသီးမှ ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် အနာဂတ်၏ ရွှေပြည်ခရီးသည် ဝေးမည်မထင်ပါ။ ။
- Log in to post comments