
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၂၈ ရက်)
ဒီကနေ့ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိတဲ့ Online အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံးနဲ့ မြန်မာနိုင်ငံတစ်ဝန်းက လူငယ်အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။
ဒီနေ့ အခမ်းအနားကို COVID-19 ရောဂါရဲ့ စိန်ခေါ်မှုကြောင့် Online အစီအစဉ်နဲ့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ လူငယ်တွေ Online အသုံးပြုမှု များလာတာကြောင့် ဒါကို အားသာချက် အခွင့်အလမ်းတစ်ခုအနေနဲ့လည်း ယူဆနိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ ကျရာကဏ္ဍကနေ တက်ကြွစွာပူးပေါင်းပါဝင်ပေးနေကြတဲ့ အဖွဲ့အစည်းအသီးသီးက စေတနာ့ဝန်ထမ်းတွေ၊ လူငယ်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူပါကြောင်းလည်း ဦးစွာပြောချင်ပါတယ်။
အခုအချိန်အခါမှာ COVID-19 ကပ်ဘေးကြောင့် တွေ့နေရတဲ့ နောက်ဆက်တွဲ အခက်အခဲတွေကို ကျွန်မတို့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ဖေးမ ကူညီခြင်း၊ စာနာနားလည်ခြင်းတို့နဲ့အတူ ရင်ဆိုင်ဖြေရှင်းနေကြတာဟာ ကျွန်မတို့နိုင်ငံမှာ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့၊ အပြန်အလှန် အားကိုး ယုံကြည်ရတဲ့ လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းရှိတယ်ဆိုတာကို သက်သေပြ နေခြင်းပဲဖြစ်ပါတယ်။ ဒီကောင်းတဲ့ အစဉ်အလာတွေကို လူငယ်တွေက ဆက်လက်ထိန်းသွားကြမယ်လို့လည်း ယုံကြည်ပါတယ်။
နိုင်ငံတိုင်းမှာ သဘာဝသယံဇာတအရင်းအမြစ်တွေ အနည်းနဲ့အများ ဆိုတာ ရှိကြပါတယ်။ ဒီသဘာဝသယံဇာတတွေဆိုတာ ဖြစ်လာ တည်လာဖို့ ဆိုတာဟာ၊ နှစ်ပေါင်းများစွာ အချိန်ယူရပေမယ့် ထုတ်ယူသုံးစွဲဖို့ကတော့ အင်မတန် လွယ်ကူမြန်ဆန်တဲ့အတွက် သဘာဝသယံဇာတအရင်းအမြစ်တွေ ကို ရေရှည်သုံးစွဲနိုင်အောင် နိုင်ငံတိုင်း နိုင်ငံတိုင်းက မြော်မြင်စီမံနေကြပြီ ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ လူသားအရင်းအမြစ်တွေကသာ သုံးလို့ မကုန်နိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်တယ်ဆိုတာ နားလည်လက်ခံလာကြပြီး လူ့စွမ်းအားအရင်းအမြစ်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ကျွန်မတို့ နိုင်ငံမှာလည်း အလားတူပါပဲ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းကြရာမှာ အကန့်အသတ်ရှိတဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ရေရှည်အသုံးပြုလို့ရအောင် စနစ် တကျ စီမံဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ဖို့ ဆိုရင်တော့ နိုင်ငံသားတွေရဲ့ စွမ်းရည်အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ အခြေခံကျကျ အားထားရမှာကတော့ ကျွန်မတို့ရဲ့ လူငယ်တွေပါပဲ။
လူငယ်တွေတစ်ဦးချင်း တစ်ဦးချင်းစီကို အသိပညာ၊ အတတ်ပညာသာမက စွမ်းရည်မြင့်မားပြီး ဆင်ခြင်တုံတရားကြီးမားတဲ့သူတွေ ဖြစ်လာအောင်လို့ ပြုစုပျိုးထောင်ပေးရမှာပါ။ ဒီလိုလေ့ကျင့်ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး စာနာနားလည်ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အနစ်နာခံလိုစိတ် ရှိခြင်း၊ အတူပူးပေါင်းဆောင်ရွက်လိုခြင်း စတဲ့ စိတ်ဓာတ်တွေ၊ နှလုံးသားတွေမှာ ကိန်းဝပ်နေစေဖို့၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ နောက်မတွန့်တဲ့ ဇွဲ၊ လုံ့လဝီရိယနဲ့ ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အရည် အချင်းတွေနဲ့ ပြည့်စုံအောင်လည်း ကြိုးစားဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရအနေနဲ့ လူငယ်တွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ လက်တွဲဆောင်ရွက်ကြရမှာပါ။ လူငယ်၊ လူလတ်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အလုပ်အင်အားစုဖြစ်သလို ဒီနေ့ လူငယ်တွေဟာ နောင်တစ်ချိန်မှာ လူလတ်ပိုင်း၊ လူကြီးပိုင်းအနေနဲ့ ပိုမို မြင့်မားတဲ့တာဝန်တွေ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ် တွေကို စွမ်းရည်ပြည့်ဝအောင်၊ အရည်အချင်းမြင့်မားအောင် ပြုစုပျိုးထောင် ပေးနိုင်တာနဲ့အမျှ ယခုကာလအတွက်သာမက အနာဂတ်အတွက်ပါ စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံ့အကျိုးဆောင်ရွက်မယ့် ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်အင်အားစုတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လူငယ်ထု ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်ပေးရမှာဖြစ်သလို မကြာခင်မှာ လူငယ်ဘဝကို ရောက်ရှိလာမယ့် ကလေးသူငယ်တွေကိုလည်း နုစဉ်ကာလကနေစပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပြုစုပျိုးထောင်ပေးခြင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။
ဒီနေ့ခေတ်လူငယ်တွေအနေနဲ့ နည်းပညာသစ်တွေ၊ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အခွင့်အလမ်းသစ်တွေ များစွာ ရရှိလာသလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့လည်း များစွာကြုံတွေ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ လူမှုသဟဇာတမဖြစ်ဘဲ အစွန်းရောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ COVID-19 ကပ်ရောဂါလို မျှော်လင့်မထားတဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် လူငယ်တွေ ကြုံတွေ့နေရတဲ့ နောက်ထပ်စိန်ခေါ်မှုကတော့ ရွှေ့ပြောင်းသွားလာ အလုပ် လုပ်ကိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ချဉ်းကပ်ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ နိုင်ငံအနေနဲ့ လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းထားရှိပြီး ဖြစ်သလို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ဒီနေ့ မိတ်ဆက် ဖြန့်ချိနိုင်ပြီဖြစ်ပါတယ်။ လူငယ်ရေးရာမူဝါဒပါ အချက်တွေကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းဖြင့် လူငယ်များအတွက် အရေးတကြီးလိုအပ်နေတဲ့ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူငယ်တွေက အဓိကကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းပြီးတော့ ဒီမဟာဗျူဟာ စီမံချက်ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
လူဦးရေပြောင်းလဲတိုးတက်လာတဲ့ အခြေအနေကိုကြည့်ရင်၊ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ လူငယ်ထုရဲ့ အရေအတွက်ဟာ အခြားအသက်အရွယ်တွေထက် ပိုမိုများပြားနေတာကို တွေ့ရှိရပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ ဒါကို အားသာချက်တစ်ခုအနေနဲ့ ထိထိရောက်ရောက် အသုံးချနိုင်ရေးကို ဦးတည် ဆောင်ရွက်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ၊ ရင်းနှီးမြှုပ်နှံသူ တွေနဲ့ လူငယ်တွေအားလုံးကို တိုက်တွန်းပြောကြားလိုပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်ထုရဲ့အင်အားကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေးနဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ရေးတို့ အထူးလိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ စဉ်းစားဆင်ခြင် သုံးသပ်နိုင်စွမ်းရှိတဲ့၊ ကုန်ထုတ်စွမ်းရည်မြင့်မားတဲ့၊ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်လာအောင် နိုင်ငံတော်ဘက်က ပြုစုပျိုးထောင် ပေးဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုင်ငံတော်ရဲ့ အရင်း အမြစ်တွေဟာ များစွာအကန့်အသတ်ရှိမှာမို့လို့ လူငယ်တွေအနေနဲ့ ဖြစ်ပေါ် လာတဲ့အခြေအနေ၊ အခွင့်အလမ်းတွေအရ မိမိတို့ကိုယ်တိုင် မိမိတို့အရည်အသွေး တိုးတက်ရေး ကြိုးစားကြဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့ခေတ်မှာ ကမ္ဘာအရပ်ရပ်က သတင်းအချက်အလက်တွေနဲ့ နည်းပညာတွေကို ယခင်ကထက် လွယ်ကူလျင်မြန်စွာရရှိနိုင်ခြင်းဟာ အရေးပါတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ သင်ကြားပို့ချမှုတွေကို အခမဲ့လေ့လာနိုင်တဲ့ website တွေ အများကြီးရှိနေပြီး ဘယ်ဘာသာရပ်၊ ဘယ်ကျွမ်းကျင်မှုကိုပဲ ဖြစ်ဖြစ်၊ ထဲထဲဝင်ဝင် လေ့လာသင်ယူနိုင်တဲ့ အခွင့်အရေး အများကြီးရှိပါတယ်။ သင်ကြားပို့ချမှု website အများစုမှာ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချတဲ့ အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အတန်အသင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာအတွက်လည်း အခမဲ့သင်တန်း တွေပေးတဲ့ website တွေ၊ YouTube Channel တွေ အများကြီးရှိပါတယ်။ လူငယ်တွေအနေနဲ့ အင်တာနက်ကို လူမှုကွန်ရက်အတွက်နဲ့ ဂိမ်းကစားဖို့ အတွက်သာ သုံးတာမဟုတ်ဘဲ မိမိတို့အရည်အချင်းတိုးတက်စေဖို့ ထိထိ ရောက်ရောက်အသုံးချပြီး လေ့လာကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ယခုအချိန်အခါမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ရောဂါဒဏ်ကြောင့် မိမိတို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေ မယိမ်းယိုင်သွားစေဖို့ အလေးထားဆောင်ရွက်နေကြပါတယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ စီးပွားရေးလုပ်ငန်းတွေကို Digital စနစ် ပြောင်းလဲခြင်း၊ E-Commerce ပလက်ဖောင်းများ ဖန်တီးအကောင်အထည်ဖော် ခြင်းများ ပြုလုပ်လာကြပါတယ်။
ကျွန်မတို့နိုင်ငံက လူငယ်၊ လူရွယ်များက ကမ္ဘာ့စီးပွားရေးနဲ့ မြန်မာ့ စီးပွားရေး အခြေအနေတွေကို မျက်ခြည်မပြတ်လေ့လာပြီး အများပြည်သူက ယုံကြည်အားကိုးနိုင်တဲ့ Digital ပလက်ဖောင်းအသစ်တွေ ထပ်မံထွန်းကား လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
အခုရှိပြီးသားဖြစ်တဲ့ ပလက်ဖောင်းတွေကိုလည်း ပိုမိုအားကောင်း အောင်မြင်လာအောင် အရှိန်အဟုန်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ကြဖို့ လိုပါတယ်။
တရားမျှတပြီး နည်းလမ်းကျတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မီဆန်းသစ်တဲ့ Digital စျေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာဖို့ လူငယ်တွေဟာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။
လူငယ်တွေအနေနဲ့ နည်းပညာတိုးတက်မှုရဲ့ ကောင်းကျိုးတွေသာမက တစ်ဖက်ကလည်း ဆိုးကျိုးတွေဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အနိုင်ကျင့်မှုတွေ၊ အမုန်းစကားတွေနဲ့လည်း ကြုံတွေ့လာနိုင်ပါတယ်။ ဒါတွေဟာ ရေရှည်လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဓိကစိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိခိုက် နစ်နာမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့လူငယ်တွေအနေနဲ့ အသိ၊ သတိရှိစွာနဲ့ အချင်းချင်းရိုင်းပင်းကူညီဖေးမခြင်း၊ ညီညွတ်မျှတခြင်းတို့ကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လူမှုပတ်ဝန်းကျင် ဖော်ဆောင်ရေးကို ဦးတည်ပြီး၊ အမုန်းတရားပြန့်ပွားစေမယ့် အတွေးအခေါ်၊ အသုံးအနှုန်း၊ အပြောအဆိုများ ပပျောက်သွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒီနေ့ဖြန့်ချိလိုက်တဲ့ မဟာဗျူဟာစီမံချက်ပါ လူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍတွေကို လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တွေ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ လူငယ်တွေကိုယ်တိုင် ပူးပေါင်းပါဝင်အကောင် အထည်ဖော်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ခရစ္စမတ်မှာ အားလုံးရွှင်လန်းကြပါစေ။ နောက်ပြီးတော့ လာမယ့်နှစ်သစ် ကူးမှာလည်း အားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ကောင်းကျိုး လိုရာဆန္ဒအဝဝနဲ့ ပြည့်ဝကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
- Log in to post comments