နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် GTI ပညာရေး (၁၂၅) နှစ်ပြည့် အခမ်းအနားတွင် မြွက်ကြားသည့် ဂုဏ်ပြုဝမ်းမြောက်စကား

၅

 

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်)

 

 

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ကျွန်မတို့နိုင်ငံရဲ့ လူမှုစီးပွားဘဝတွေကို မြှင့်တင်ပေးရာမှာ မရှိမဖြစ်လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးနေတဲ့ GTI ပညာရေးရဲ့ (၁၂၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်း အနားမှာ ဂုဏ်ပြုစကားပြောကြားရတဲ့အတွက် ကျွန်မအနေနဲ့ လွန်စွာ ကျေနပ်ဝမ်းမြောက်မိပါတယ်။

အင်းစိန်ဂျီတီအိုင်ဟာဆိုရင် ၁၈၉၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာစပြီး ရန်ကုန်မြို့၊ လသာမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် (၂၉၇) နေရာမှာ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး နောင်မှာ မြန်မာနိုင်ငံရဲ့ စက်မှုလက်မှုသိပ္ပံကျောင်း (၁၂)ကျောင်းအနက် အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ စက်မှုလက်မှုသိပ္ပံများရဲ့ ကနဦးအစလည်း ဖြစ်ခဲ့ပါတယ်။

၁၈၉၈ ခုနှစ်မှာ အင်းစိန်ဘူတာအရှေ့ဘက် ယခု တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် (၁၀)နှစ်အကြာ ၁၉၀၈ ခုနှစ်မှာ "Government School of Engineering & Technical High School" အမည်နဲ့ အင်းစိန်(ရွာမ) ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၁၂ ခုနှစ်မှာ "Government Technical Insti-tute-GTI” ဟု အမည်ပြောင်းလဲသတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်း နည်းပညာရပ်တွေကို စတင်သင်ကြားခဲ့ပါတယ်။

ကိုလိုနီခေတ်အတွင်း ၁၉၃၆ ခုနှစ်ကစလို့ ပထမဦးဆုံး မြန်မာလူမျိုး ကျောင်းအုပ်ကြီးအဖြစ် ဦးဘလှီက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်း များအရ သိရှိရပါတယ်။

အဲဒီနောက် ဂျပန်ခေတ်ကာလအတွင်း ၁၉၄၄ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ GTI ကို State Technical Institute-STI လို့ အမည်ပြောင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ လည်းကောင်း၊ ကိုလိုနီခေတ်နှောင်း ကာလ ၁၉၄၅ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့မှာတော့ STI ကျောင်းကို ရန်ကုန်မြို့၊ ချာချီလမ်း (ယခုကိုယ့်မင်းကိုယ့်ချင်းလမ်း) အမှတ် (၆) သို့ လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ပြီးခေတ် နှောင်းပိုင်းကာလမှာ ယခင်မူလနေရာဖြစ်တဲ့ အင်းစိန်(ရွာမ) ဂျီတီအိုင်အဆောက်အဦသို့ ပြန်လည်ပြောင်းရွှေ့၍လည်းကောင်း၊ ဖဆပလ ခေတ်မှာ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ဂူဂျရတ္တီကျောင်းဆောင်သို့ ပြောင်းရွှေ့ ၍ လည်းကောင်း၊ အဲဒီနောက် ၁၉၅၀ ပြည့်နှစ်မှာ မူလအင်းစိန်(ရွာမ) ဂျီတီအိုင် သို့ ပြန်လည်ရွှေ့ပြောင်းပြီးလည်းကောင်း အဆင့်ဆင့် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရတဲ့ သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ပါတယ်။ စတင်မွေးဖွားခဲ့တဲ့ ၁၈၉၅ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ယခု ၂၀၂၀ ပြည့်နှစ် ဧပြီလ(၁)ရက်နေ့က နှစ်ပေါင်း (၁၂၅)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်မှာ မူလနေရာမှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့ အင်းစိန် ဂျီတီအိုင်အနေနဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံများက ကူညီပေးခဲ့တဲ့ ကိုလံဘို စီမံကိန်းမှ အထောက်အပံ့တွေဖြစ်တဲ့ စက်မှုလက်မှုဆိုင်ရာ အကူအညီများ၊ ကျွမ်းကျင်ပါရဂူများနဲ့ ငွေကြေးအကူအညီများရရှိခဲ့ပြီး အင်းစိန်ဂျီတီအိုင်မှ ဆရာများအား နိုင်ငံခြားတိုင်းပြည်များသို့စေလွှတ်၍ သင်ကြား၊ သင်ယူမှု ဆိုင်ရာ အရည်အသွေးမြှင့်တင်မှုများ စတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ၁၉၅၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ Ford Foundation ရဲ့ အကူအညီနဲ့ William Hood Dunwoody Industrial Institute of Minne-apolis U.S.A မှ စက်မှုနည်းပညာဆိုင်ရာ အကူအညီအဖြစ် နိုင်ငံခြားသား အကြံပေးပုဂ္ဂိုလ် (၄) ဦးကို ထောက်ပံ့မှုရရှိခဲ့ပြီး သင်ကြား၊ စီမံကိစ္စရပ်များ အတွက် နိုင်ငံခြားပညာတော်သင်များကိုလည်း ထပ်မံစေလွှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အင်းစိန်ဂျီတီအိုင်အနေနဲ့ လူမှုအကျိုးပြု တီထွင်ဖန်တီးမှုအစီအစဉ် များ ဆောင်ရွက်နိုင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများမှာ ထင်ရှားတဲ့ GTI အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အင်းစိန်ဂျီတီအိုင်မှအစပြု၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စက်မှုလက်မှု သိပ္ပံ (မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်) တို့ကို ဆက်လက်ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ရာမှာ အထူးလိုအပ်နေတဲ့ အရည်အသွေး မြင့်မားတဲ့ နည်းပညာရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ကျွမ်းကျင်လုပ်သား တွေကို မွေးထုတ်ပေးနိုင်ဖို့ ဒီလို GTI ကျောင်းတွေရဲ့ အရည်အချင်းမြင့်မား ဖို့ဟာ အထူးပဲလိုအပ်လှပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်း ပညာဟာ အမှန်တကယ်တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်တဲ့အတွက် ဒီလိုသက်မွေးပညာရပ်တွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ အင်းစိန်ဂျီတီအိုင်သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့အခန်းကဏ္ဍတစ်ခု အနေနဲ့ တည်ရှိလျက်ရှိပါတယ်။ အရှေ့တောင်အာရှသာမက ကမ္ဘာ့အဆင့်မီ သက်မွေးပညာသင်ကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းကြဖို့၊ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အထူးပဲလိုအပ်လှပါတယ်။

နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ အင်းစိန်ဂျီတီအိုင်အပါအဝင် တစ်နိုင်ငံလုံး မှာရှိတဲ့ နည်းပညာကောလိပ်၊ သိပ္ပံနဲ့ကျောင်းများမှာ နည်းပညာနဲ့ သက်မွေး ပညာသင်ယူလျက်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာကြွယ်ဝမှုနဲ့ ခံယူချက် ကောင်းမွန်မှု စတဲ့အချက်များနဲ့ ပြည့်ဝတဲ့လူသားကောင်းတွေ ဖြစ်လာစေဖို့ အင်မတန်အရေးကြီးလှပါတယ်။ အရည်အသွေးပြည့်ဝတဲ့ လူ့စွမ်းအားအရင်း အမြစ်များဖြစ်မှသာ နိုင်ငံကိုအကျိုးပြုနိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာ ကမ္ဘာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မလွဲမသွေ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် GTI ပညာရေး(၁၂၅) နှစ်ပြည့်ကစပြီး အင်းစိန်ဂျီတီအိုင်သာမက နိုင်ငံတစ်ဝန်းလုံးရှိ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်ပေးလျက် ရှိနေတဲ့ ဂျီတီအိုင်များရဲ့ အဆင့်မြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက် ရမှာဖြစ်သလို ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့သင်တန်းများ ပေးအပ်နိုင်ရေး အတွက်လည်း ကျောင်းသစ်များကို စနစ်တကျ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကိုခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် မဟာစီမံကိန်းများ စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

အင်းစိန်ဂျီတီအိုင်အတွက် အရေးပါတဲ့သမိုင်းဝင် အဆောက်အဦတွေ၊ အမှတ်အသားတွေကို ရန်ကုန်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ကလည်း တရားဝင်အသိအမှတ်ပြုပြီး ဖြစ်တာကြောင့် ရေရှည်တည်တံ့ခိုင်မြဲ နိုင်ရေးအတွက် မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အစဉ်အလာကြီးမားခဲ့တဲ့ အင်းစိန်ဂျီတီအိုင်ကို နည်းပညာနဲ့ သက်မွေး ပညာရပ်များ စုစည်းဖော်ဆောင်တဲ့ဗဟိုဌာန (TVET Campus) အဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ အခြေခံအဆောက်အဦ လိုအပ်ချက်များ၊ ခေတ်မီသင်ထောက်ကူပစ္စည်း လိုအပ်ချက်များကို နိုင်ငံတော်ဘဏ္ဍာမှ နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ စီမံခန့်ခွဲမှု နဲ့သင်ကြားသင်ယူမှု အရည်အသွေးများ ပြည့်ဝစေရေးအတွက် နည်းပညာနဲ့ သက်မွေးပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြများနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ် များကိုလည်း ပြည်တွင်းအဖွဲ့အစည်းများဖြစ်တဲ့ UMFCCI၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ AGTI Society နဲ့ ပြည်ပ အဖွဲ့အစည်း များဖြစ်တဲ့ ဂျာမနီနိုင်ငံ GIZ၊ KfW၊ ဆွစ်ဇာလန်နိုင်ငံ Swisscontact၊ SDC တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ GTI ကျောင်းသား၊ ကျောင်းသူများ ရဲ့ ကျွမ်းကျင်မှုအရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ့လူငယ်များ ကျွမ်းကျင်ရေးနေ့အထိမ်းအမှတ်အဖြစ် လက်တွေ့ကျွမ်းကျင်မှုပြိုင်ပွဲများကို အင်းစိန်ဂျီတီအိုင်မှာ ၂၀၁၈ ခုနှစ်ကစတင်ပြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင် ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ နည်းပညာနဲ့ သက်မွေးပညာစင်တာ (UNEVOC)ရဲ့ အထောက်အပံ့နဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အင်းစိန်ဂျီတီအိုင်မှာ မြန်မာ UNEVOC စင်တာကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ဒေသတွင်း TVET ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ချိတ်ဆက်ဆောင်ရွက် နိုင်ပြီး TVET ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနဲ့ စာတမ်းဖတ်ပွဲများ ဆောင်ရွက် နိုင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

GTI ပညာရေး (၁၂၅) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားကစတင်ပြီး GTI များရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်ဖို့အတွက် ဦးတည်ချက် (၅)ချက်ကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဦးတည် ချက်တွေကတော့-

(၁) အခြေခံပညာအထက်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်အတွင်းသို့ အချိန်တိုအတွင်း လုံလောက်သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာခံယူချက်ပြည့်ဝစွာ ဝင်ရောက်နိုင်စေရန်၊

(၂) ဒေသတွင်း စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်(Industrial Needs)အား ဖြည့်ဆည်းပေးနိုင်မည့် ကြီးကြပ်သူအဆင့်၊ ကျွမ်းကျင် ပညာရှင်များအား မွေးထုတ်ပေးနိုင်ရန်၊

(၃) ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိစေနိုင် ရေးအတွက် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် နိုင်စေရန်၊

(၄) သက်မွေးပညာရပ်များ သင်ယူနိုင်တဲ့ အခွင့်အလမ်းများ၊ အဆင်မြင့် ပညာသို့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းများနှင့် ဘဝတစ်သက်တာ သင်ယူနိုင်တဲ့ အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရန်၊

(၅) မြို့ပြ၊ ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်နည်းပါးပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ GTI ပညာရေး စတင်မွေးဖွားခဲ့တဲ့ ၁၈၉၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁)ရက်နေ့အထိ နှစ်ပေါင်း (၁၂၅)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်တဲ့ အင်းစိန်ဂျီတီအိုင်ဟာ လောကဓံကို ကြံ့ကြံ့ခံ၊ အခက်အခဲ ပေါင်းများစွာကို ကျော်လွှားပြီး အစဉ်အလာကောင်းများကို မပျောက်မပျက် ရအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အင်းစိန်ဂျီတီအိုင်ရဲ့ အစဉ်အလာကောင်း တွေကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံတကာအဆင့်မီ သက်မွေးပညာသိပ္ပံ အဖြစ် နိုင်ငံတော်အစိုးရနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ယခု (၁၂၅) နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ အောင်မြင်တိုးတက်ပါစေလို့ ဆုမွန် ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ GTI တွေလည်း ဖွံ့ဖြိုးတိုးတက်ပါစေ။