
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည့် ဝမ်းမြောက်စကား
===============================================
ဒီနေ့အခမ်းအနားကို ကြွရောက်လာကြတဲ့ ပြည်ထောင်စု အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ အမှူးပြုတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။
ယခုလို ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ဂုဏ်ယူတန်ဖိုးထားရတဲ့ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနားမှာ စကားပြောကြားခွင့် ရတဲ့အတွက် အထူးပဲဝမ်းမြောက်မိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ခရီးကို ပြန်ပြောင်းကြည့်မယ် ဆိုရင် ကျွန်မတို့ရဲ့ မြန်မာ့ရုပ်ရှင်အနုပညာရှင်ကြီးတွေဟာ ခေတ်စနစ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး၊ အကန့် အသတ်အမျိုးမျိုးကြားက မိမိတို့ရဲ့ အနုပညာရပ်တွေ၊ အတတ်ပညာရပ်တွေ ရပ်တည်ရှင်သန်ခွင့်ရအောင် နည်းလမ်းအမျိုးမျိုးနဲ့ မမှိတ်မသုန် ကြိုးပမ်းအားထုတ် ခဲ့ကြရတယ်ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်ခေတ်ဦးကာလ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ ကျွန်မတို့နိုင်ငံရဲ့ ရုပ်ရှင်များ ရပ်ဆိုင်းသွားခဲ့ ရပါတယ်။ ရုပ်ရှင်ဖလင်များ ဝယ်ယူပေးနိုင်ခြင်းမရှိတဲ့ အတွက် ရုပ်ရှင်အနုပညာအတွက်သာမက ရုပ်ရှင်အနု ပညာသည်များရဲ့ ဝမ်းရေးအတွက်ပါ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ရုပ်ရှင်အနုပညာရှင် တွေဟာ မိမိတို့တတ်ကျွမ်းတဲ့ အနုပညာကို ဖော်ထုတ် တင်ပြဖို့နေနေသာသာ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့ရတဲ့ ခေတ်ကာလ အခြေအနေမျိုးအထိ ကြုံတွေ့ခဲ့ကြရပါတယ်။
အဲဒီလိုကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အကျပ်အတည်း တွေကြားမှာ မြန်မာ့ရုပ်ရှင်အနုပညာရပ်တွေ ပေါ်ထွန်း လာအောင်၊ မှေးမှိန်ပျောက်ကွယ်မသွားအောင် ကြံ့ကြံ့ခံ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ အနုပညာသူရဲကောင်းများ ကို ကျွန်မတို့အားလုံး ဂုဏ်ယူအသိအမှတ်ပြုကြရမှာ လည်း ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ် ထဲကလို “ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်၊ စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း၊ နွေသစ်လောင်းသော်၊ ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍” ဆိုတဲ့အတိုင်း မြန်မာ့ရုပ်ရှင်လောကသားတွေဟာ ခေတ်အဆက်ဆက် လောကဓံလှိုင်းလုံးတွေကြားမှာ ကြံ့ကြံ့ခံလှော်ခတ်ရင်း မိမိတို့ရဲ့ ယုံကြည်ချက်တွေ၊ မိမိတို့ရဲ့ မျှော်လင့်ချက်တွေ၊ မိမိတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော် ခဲ့ကြတယ်လို့ ကျွန်မ တွေ့မြင်ခံစားရပါတယ်။
ရုပ်ရှင်ဆိုတာ ခံစားမှုနဲ့ နည်းပညာပေါင်းစပ်ထားတဲ့ ဆန်းကြယ်တဲ့ ပညာရပ်အဖြစ် အားလုံးက နားလည် လက်ခံထားကြပါတယ်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့ မျက်မှောက်ကာလအထိ ရုပ်ရှင်အနုပညာရပ်တိုင်းဟာ လူသားအားလုံးကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရုပ်ရှင်အနုပညာကဏ္ဍဟာ အခြား ကဏ္ဍတွေနဲ့မတူဘဲ ကမ္ဘာ့လူသားအားလုံးကို ကောင်းမွန် တဲ့၊ ဆန်းပြားတဲ့အနှစ်သာရတွေ ပေးစွမ်းနိုင်ဖို့၊ ကျန်ရစ် စေဖို့ အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေကြဖို့ အရေးကြီး တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
ကမ္ဘာ့ရုပ်ရှင်ဟာ ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ပေါ် ထွန်းခဲ့ပြီး မြန်မာ့ရုပ်ရှင်ဟာ ၂၀ ရာစုဆန်းပိုင်းမှာ စတင် ဖြစ်တည်လာခဲ့တဲ့အတွက် မြန်မာ့ရုပ်ရှင်ခေတ်ဦးဟာ ကမ္ဘာနဲ့ရင်ပေါင်တန်းခဲ့တယ်လို့တောင် ပြောမယ်ဆိုရင် ပြောနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်ကို ဒါရိုက်တာ လန်ဒန်အတ်ဦးအုန်းမောင် ရဲ့ “မေတ္တာနှင့်သူရာ” ဇာတ်ကားကို စတင်ရိုက်ကူး ရုံတင်ပြသကာ စတင်နိုင်ခဲ့ပါတယ်။
ဒီနေ့ဆိုရင် မြန်မာ့ရုပ်ရှင်သမိုင်းဟာ နှစ်(၁၀၀)ကာလ တိုင် ရောက်ရှိလာခဲ့ပါပြီ။ ယခုလို နှစ်(၁၀၀) သက်တမ်း အတွင်းမှာ ရုပ်ရှင်အနုပညာဟာ လူတိုင်းလူတိုင်းကို စိတ်ခံစားမှုအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို ပေးစွမ်း နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို ပေးစွမ်းနိုင်အောင် လည်း စာပေ၊ အနုပညာ၊ စက်မှု၊ နည်းပညာ၊ ဖန်တီးမှုတို့ ပေါင်းစုပြီး ရိုက်ကူးထုတ်လုပ်ကြပါတယ်။ ကျွန်မတို့ ကမ္ဘာ ကြီးအတွက် တန်ဖိုးရှိတဲ့ပေးစွမ်းမှုတွေ ဖြစ်စေချင်ပါတယ်။
ဖြတ်သန်းခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရဲ့ နှစ်(၁၀၀) ခရီးမှာ ပြည်သူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးလှုပ်ကိုင်နိုင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကောင်းများစွာ ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အနုပညာနဲ့ အလုပ် အကျွေးပြုခဲ့သူများ၊ တစ်တပ်တစ်အား တာဝန်ကျေပွန်ခဲ့ သူများ များစွာပေါ်ထွန်းခဲ့ပါတယ်။ အဲဒီအစဉ်အလာ ကောင်းတွေကို မျိုးဆက်သစ် အနုပညာရှင်တွေအနေနဲ့ အတုယူအားကျပြီး ကျွန်မတို့ တိုင်းပြည်နဲ့ ကျွန်မတို့လူမျိုး အကျိုးအတွက် ဇွဲသတ္တိအပြည့်နဲ့ ပိုမိုထမ်းဆောင် ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပုံဖော်တည် ဆောက်ပေးနေပါတယ်။ တစ်နည်းအားဖြင့် ကျွန်မတို့ မိဘဘိုးဘွားများ စတင်မျှော်မှန်းခဲ့ကြတဲ့ ပြည်ထောင်စု ခရီးလမ်း၊ ပြည်ထောင်စုပန်းတိုင်ကို မရောက်ရောက် အောင် လျှောက်လှမ်းချီတက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဒီအချိန်မှာ ကျွန်မတို့နိုင်ငံအတွက် အရေးကြီး ဆုံးလိုအပ်ချက်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်း ရေး ဘာလို့အရေးကြီးတာလဲလို့ မေးခဲ့ရင် ကိုယ့်ပတ်ဝန်း ကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ လူသားများအားလုံး အတွက်၊ ငြိမ်းချမ်းသောကမ္ဘာသစ် ဖြစ်စေချင်လို့ပါပဲ။
ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းဖို့လိုသလို တစ်ကမ္ဘာလုံး ငြိမ်းချမ်းမှ အားလုံးငြိမ်းချမ်းမှာဖြစ်တဲ့ အတွက် ငြိမ်းချမ်းတဲ့ကမ္ဘာသစ်ကြီး ဖြစ်ပေါ်ဖို့ကိုလည်း ကျွန်မတို့ ဦးတည်ချက်ထားရတာ ဖြစ်ပါတယ်။ ကျွန်မ တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကစပြီး၊ လူသားများအားလုံး ငြိမ်းချမ်းချင်တဲ့စိတ်၊ ငြိမ်းချမ်းတဲ့ဘက်ကို သွားလိုတဲ့ စိတ်တွေ ဖြစ်ပေါ်လာအောင် အနုပညာစွမ်းပကားတွေ နဲ့ ဝိုင်းဝန်းဖော်ဆောင်ပေးကြဖို့ကိုလည်း ကျွန်မအနေ နဲ့ တိုက်တွန်းချင်ပါတယ်။
ဒါမှသာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့နိုင်ငံမှာ လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေ၊ ခံစား နားလည်မှုတွေ၊ တွေးခေါ်မြော်မြင်မှုတွေနဲ့ လောကကြီး ကောင်းကျိုး၊ ကမ္ဘာကြီးကောင်းကျိုးကို ဖော်ဆောင်ပေး နိုင်ကြမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ခေတ် ကာလများ ဘယ်လိုပင် ပြောင်းလဲနေစေကာမူ ရုပ်ရှင် ခေတ်ဦးမှစပြီး ဒီနေ့ခေတ်တိုင်အောင် မြန်မာ့ရုပ်ရှင်သမိုင်း ကို ပုံဖော်ထုဆစ်ပေးခဲ့ကြတဲ့ အနုပညာရှင်ကြီးအားလုံးရဲ့ သမိုင်းဟာ ကျွန်မတို့နိုင်ငံမှာ ရှင်သန်လင်းလက်နေဆဲ ဖြစ်တယ်လို့ ကျွန်မအနေနဲ့ အပြည့်အဝယုံကြည်ပါတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်(၁၀၀) ကာလအတွင်းမှာ ရုပ်ရှင် အနုပညာတွေကို ဖန်တီးထုတ်လုပ်ခဲ့ကြတဲ့ ကျွန်မတို့ရဲ့ လေးစားအပ်တဲ့ ရုပ်ရှင်ပညာရှင်ကြီးများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါတယ်။
ယခုလို မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့် အခမ်းအနား ကို COVID-19 ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြား က ကျင်းပပြုလုပ်နိုင်အောင် စီမံပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိကြောင်းလည်း မှတ်တမ်းတင်ပြောကြား လိုပါတယ်။
ဒီနေ့ ဒီအချိန်မှာ ကျွန်မတို့အားလုံးဟာ တိုင်းပြည် နဲ့ လူမျိုးအတွက် အနုပညာဖြင့် အကျိုးပြုပေးဆပ်ခဲ့ကြ တဲ့ အနုပညာရှင်ကြီးများကို ကျေးဇူးဆပ်တဲ့အနေနဲ့ မျက်မှောက်ကာလသာမက အနာဂတ်ကာလများ အတွက်ပါ ရည်မှန်းပြီး နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အနုပညာရှင်များဖြစ်အောင် ကြိုးပမ်းပေးကြပါ။ အဆင့် အတန်းမြင့်မားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ဖန်တီးထုတ်လုပ်ပေးကြပါ။ မြန်မာ့ရုပ်ရှင်သမိုင်း နှစ်ပေါင်းရာထောင်ချီ အဓွန့်ရှည် တည်တံ့အောင် ဝိုင်းဝန်း အားထုတ် ကြိုးပမ်းပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာ ကြပါစေ။