နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တမူးမြို့ဒေသခံများနှင့်တွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဇန်နဝါရီ ၂၃
 
 
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှ ရဟတ်ယာဉ်များ ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ ရောက်ရှိကြသည်။
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လွှတ်တော်ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
 
 
 
ထို့ပြင် တမူးမြို့တွင်း လမ်းမတစ်လျှောက်၌ ဒေသခံ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တမူးမြို့နယ် စက်ရောင်ဘီလူးခန်းမ၌ ဒေသခံပြည်သူများ နှင့် တွေ့ဆုံသည်။
ပြည်သူတွေရဲ့နွေးထွေးမှု အင်အားတစ်ခုဖြစ်
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီနေ့တမူးကိုလာပြီး ပြည်သူပြည်သားတွေနဲ့ တွေ့ခွင့်ရတဲ့ အတွက် ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့ကို သိုက်သိုက်ဝန်းဝန်း ကြိုဆိုတဲ့အတွက်လည်း ကျေးဇူးတင် ပါတယ်။ ကျွန်မ ဘယ်ကိုသွားသွား ပြည်သူတွေရဲ့ ကြိုဆိုမှု၊ ပြည်သူတွေရဲ့ နွေးထွေးမှုက ကျွန်မတို့အတွက် အင်အား တစ်ခု ဖြစ်ပါတယ်။ ဒီအင်အားတွေကိုစုပြီး ပြည်သူတွေ အတွက် ပြန်ပြီးသုံးဖို့ ရည်ရွယ်ပါတယ်။
 
 
ကျွန်မ တမူးကိုလာတဲ့အခါ တိုင်းရင်းသားပေါင်းစုံကို တွေ့ခဲ့ရပါတယ်။ အဲဒီပြည်သူတွေထဲမှာ တမူးဘက်မှာ အနေများတဲ့ ဂေါ်ရခါးမျိုးနွယ် ပြည်သူတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုတွေ့ရင် ကျွန်မ အင်မတန်မှ ဝမ်းသာ ပါတယ်။ ကျွန်မတို့ တိုင်းပြည်အတွင်းသာမက တစ်ကမ္ဘာ လုံးမှာ လူသားတွေအချင်းချင်း အဆက်အစပ်ရှိတယ် ဆိုတာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။
 
 
နွေးနွေးထွေးထွေးကြိုဆို
 
တမူးမှာ နီပေါမျိုးနွယ်ဖြစ်တဲ့ ဂေါ်ရခါးမျိုးနွယ်တွေကို တွေ့ရပါတယ်။ ကျွန်မ နီပေါကိုသွားတဲ့အခါ နီပေါနိုင်ငံသူ နိုင်ငံသားတွေက နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ဒါကျွန်မတို့အားလုံး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတာကို ပြတာပါ။ ကျွန်မတို့ နိုင်ငံမှာ လူမျိုးမရွေး၊ ဘာသာမရွေးအားလုံး ညီညီညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်းနေနိုင်တယ်ဆိုရင် ဒါနိုင်ငံရဲ့ သိက္ခာပဲ ဆိုတာကို အားလုံးသဘောပေါက်စေချင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး လေးစားရမယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားရမယ်၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးရမယ်။ ကိုယ်နဲ့မတူတဲ့ သူတွေ ကိုယ့်နိုင်ငံထဲမှာ အေးအေးဆေးဆေး၊ ပျော်ပျော် ရွှင်ရွှင်နေနေတာကို မြင်ရင်စိတ်ချမ်းသာရမယ်။ ကျွန်မ အမြဲ အဲဒီအရာတွေကို ဂုဏ်ယူပါတယ်။
 
 
ဘယ်ကိုသွားသွား တိုင်းရင်းသားလူမျိုးစုမျိုးစုံ၊ နိုင်ငံ သူ နိုင်ငံသားမျိုးစုံနဲ့ နိုင်ငံအတွင်း မှီတင်းနေထိုင်သူ မျိုးစုံက တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေနေ တာကို တွေ့ရရင် ကျွန်မ အင်မတန်မှဂုဏ်ယူပါတယ်။ အင်မတန်မှ စိတ်ချမ်းသာပါတယ်။ ဒါနိုင်ငံရဲ့ အင်အားပါ။ ဒါနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ရမယ့် ပြည်ထောင်စု ကြီးရဲ့ အခြေခံ စိတ်ဓာတ်ဖြစ်ပါတယ်။
ကျွန်မ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ပိုင်းကို မရောက်တာ တော်တော်ကြာပါပြီ။ ကျွန်မမရောက်တဲ့ အချိန်ကာလအတွင်းမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိခဲ့ပါ တယ်။ ကျွန်မတို့ တိုးတက်စေချင်သလောက် တိုးတက်တယ် လို့တော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြားထဲကနေပြီး တိုးတက်မှုရှိနေတာကို တွေ့ရပါတယ်။ ဒီတိုးတက်မှုတွေထဲမှာ လူငယ်တွေရဲ့ ကျောင်းနေတဲ့နှုန်း များလာတာကို ကျွန်မသိပ်ပြီး ဝမ်းသာပါတယ်။
 
 
သို့သော်ငြားလည်း လူငယ်တွေကြားထဲမှာ မူးယစ် ဆေးဝါးသုံးစွဲမှုနှုန်းဟာ တက်လာတယ်ဆိုတာကို ကြားရ တဲ့အတွက် ကျွန်မ ဒါကိုစိုးရိမ်ပူပန်မိပါတယ်။ လူငယ်တွေ ကျန်းမာရေးကောင်းအောင်၊ ပညာရေးကောင်းအောင် ကြိုးစားနေတဲ့အထဲမှာ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဒီကြိုးစားမှုတွေက သဲထဲရေသွန် ဖြစ်သွားမှာပါ။ ဒါကလည်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြဿနာပါ။
 
 
ကိုယ့်ကိုယ်ကိုယ် လုပ်ယူရမယ့်ကိစ္စ
 
ကလေးမြို့မှာ ရှိနေတုန်းက ကြားခဲ့ရတာရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးစွဲနေတဲ့လူငယ်တွေ ၇၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ကြားခဲ့ရပါတယ်။ ဒါနိုင်ငံ အတွက် အင်မတန်မှ ဝမ်းနည်းစရာ၊ စိုးရိမ်ဖွယ်ရာကိစ္စ တစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံးမေးရမှာက ဘာဖြစ်လို့ လူငယ်တွေစပြီး မူးယစ်ဆေးဝါးသုံးကြသလဲ၊ လက်တည့် စမ်းတဲ့သဘောနဲ့ စကြတာလား၊ ဘေးကနေပြီး မူးယစ် ဆေးဝါးဖောက်ကားနေတဲ့သူတွေက နည်းအမျိုးမျိုးနဲ့ သုံးချင်အောင် မြူဆွယ်လို့ ပါသွားတာလား၊ ဘာကြောင့် ဆိုတာကို စဉ်းစားဖို့လိုပါတယ်။ လူငယ်တွေကို အခု ကတည်းက သတိပေးပါရစေ။ မူးယစ်ဆေးဝါးဆိုတာ လက်တည့်စမ်းရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါကိုယ့်တစ်သက် လုံးအတွက် အန္တရာယ်ရှိမယ့်ကိစ္စဆိုတာကို သဘောပေါက် စေချင်ပါတယ်။ ဒါကို နှလုံးသွင်းစေချင်ပါတယ်။ လူငယ် တွေ ရှေ့ဆက်ရမယ့် ခရီးက အများကြီးကျန်ရှိနေပါသေး တယ်။ လူကြီးတွေအတွက် အချိန်က သိပ်မကျန်တော့ ပါဘူး။ လူငယ်တွေ ရှေ့ဆက်ပြီးသွားရမယ့် အချိန်တွေ အများကြီးကျန်တဲ့အတွက် ကျန်းကျန်းမာမာ၊ စိတ်ချမ်းချမ်း သာသာနဲ့ သွားစေချင်ပါတယ်။ ဒီလိုကျန်းမာဖို့၊ စိတ်ချမ်း သာဖို့ ကိုယ့်ကိုယ်ကိုယ် လုပ်ယူရမယ့်ကိစ္စပါ။
 
 
ကာယကံရှင်ကိုယ်တိုင်က လုပ်ယူရမှာဖြစ်
 
မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ကျွန်မကို လူကြီးတစ်ယောက်အနေနဲ့လာပြီး ကန်တော့တာတွေ ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကန်တော့မယ့်သူတွေက ပိုများလာပါတယ်။ ကိုယ်က အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ထက်ငယ်တဲ့သူတွေက ပိုများလာပါတယ်။ ဒီလို လာပြီး ကန်တော့တဲ့အခါ ထုံးတမ်းစဉ်လာအရ ဆုပေးရ ပါတယ်။ ဆုပေးတယ်ဆိုတာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ်အမျိုးမျိုးကင်းပါစေစသဖြင့် ဆုပေးတာပါ။ ဒါပေမယ့် ဆုပေးတဲ့သူက ပေးရုံပေးနိုင်တာပါ၊ ဒီဆုတွေ တကယ်ပြည့်ဖို့ဆိုတာ ကာယကံရှင်ကိုယ်တိုင်က လုပ်ယူ ရမှာ ဖြစ်ပါတယ်။
ကျွန်မက ကျန်းမာပါစေလို့ ဆုပေးလိုက်ပေမယ့်၊ ကျန်းမာအောင်လုပ်ဖို့က ဆုပေးခံရတဲ့ ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေမှ ကျန်းမာမှာပါ။ ဆုပေးတဲ့သူက ဘယ်လိုစေတနာ၊ မေတ္တာနဲ့ ဘယ်လို ဆန္ဒ တွေနဲ့ပေးပေး ယူတဲ့ကာယကံရှင်က ကျန်းမာအောင်မနေ ရင် ကျန်းမာမှာ မဟုတ်ပါဘူး။ ကျွန်မက ထပ်တလဲလဲ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်သူပြည်သားတွေနဲ့ အထူးသဖြင့် လူငယ်တွေ ကျန်းမာပါစေလို့ဆုပေးပေး လူငယ်တွေ ကျန်းမာအောင်မနေရင် ကျန်းမာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုပေးလိုက်တဲ့ဆုကို တန်ဖိုးထားပြီး ဒီဆုပြည့်ဖို့အတွက် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတာကို သဘောပေါက်စေချင်တယ်။
 
 
စိတ်ချမ်းသာဖို့ အင်မတန်မှ အရေးကြီး
 
ကျွန်မက ချမ်းသာပါစေဆိုတဲ့ဆုကို ပေးပါတယ်။ ချမ်းသာပါစေဆိုတာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း နှစ်မျိုးလုံးကို ပြောတာပါ။ ကိုယ်၏ ချမ်းသာ ခြင်းဆိုတာ ဖူလုံတယ်၊ ကြောင့်ကြတောင့်တမှုမရှိရဘူး၊ မချို့တဲ့ရဘူးကို ဆိုလိုတာပါ။ ဒါက ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမယ့် စိတ်ချမ်းသာဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မ ခဏခဏပြောပါတယ်။ ကျွန်မပေးတဲ့ ဆုတွေထဲမှာ တန်ဖိုးအထားဆုံးက နှလုံးစိတ်ဝမ်း အေးချမ်း ပါစေဆိုတဲ့ဆုပါ။ ကိုယ့်နှလုံးစိတ်ဝမ်း အေးချမ်းတယ် ဆိုရင် ကျန်းမာရေးလည်းကောင်းမှ အေးချမ်းနိုင်မှာပါ။ ကျန်းမာရေးမကောင်းတဲ့လူက ဘယ်လိုမှ စိတ်အေး လက်အေး မရှိနိုင်ပါဘူး၊ နှလုံးစိတ်ဝမ်း မအေးချမ်းနိုင်ပါ ဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုက ကိုယ်ကျန်းမာမှုရှိမှ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ပါမယ်။
 
 
ကိုယ်သာလျှင် အဓိကဖြစ်
 
ဒီလို နှလုံးစိတ်ဝမ်းအေးချမ်းဖို့က ကိုယ့်ဘာသာ ကိုယ်ပဲ လုပ်ယူရမှာပါ။ ဘေးက ဘယ်လောက်ဆုပေးပေး၊ ဘယ်လောက်မေတ္တာစေတနာတွေနဲ့ ပံ့ပိုးပေးပေး နောက်ဆုံး လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက် ချင်းဟာ ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် ကိုယ်သာလျှင် အဓိက ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့စိတ်၊ ကိုယ့်အင်အားတွေကို မွေးပြီး ဒီအင်အားတွေကို ပတ်ဝန်းကျင်နဲ့ မျှဝေခံစားချင်တဲ့ စိတ်တွေကို မွေးစေချင်ပါတယ်။
နောက်တစ်ခုက ကျွန်မပေးတဲ့ဆုတွေထဲမှာ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံပါစေဆိုပြီး ပေးလေ့ ရှိပါတယ်။ ကောင်းကျိုးလိုရာဆန္ဒအဝဝဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ ပြောလိုက်ရင် ဆန္ဒပြည့်၀ခြင်းက အမြဲ စိတ်ချမ်းသာတာမဟုတ်ပါဘူး။ ဒါလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘဝကို ပြန်ပြီးစဉ်းစားကြည့်ရင် အထူးသဖြင့် နည်းနည်းအသက်ကြီးတဲ့အပိုင်းကနေ စဉ်းစားကြည့်ရင် ကိုယ့်ဘဝမှာ တောင်းခဲ့တဲ့ဆုတွေက ဒါလေးဖြစ်စေချင်လိုက်တာ၊ ဒါလေးလိုချင်လိုက်တာ၊ ဒါလေးရရပါလို၏၊ ဒါလေးဖြစ်ရပါလို၏ဆိုပြီး တောင်းခဲ့ တဲ့ဆုတွေ အားလုံးကို ပြန်ပြီးစဉ်းစားကြည့်ရင် ဆုတောင်း တိုင်းပြည့်ပြီး စိတ်ချမ်းသာခဲ့ရဲ့လားဆိုတာကို တွေးကြည့် စေချင်ပါတယ်။
အနောက်တိုင်းကလာတဲ့ အဆိုတစ်ခုရှိပါတယ်။ “မပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့မျက်ရည်တွေက ပြည့်တဲ့ ဆုတွေကြောင့် ကျရတဲ့မျက်ရည်ထက် ပိုများပါတယ်တဲ့” ဒါဘာကိုပြောလဲဆိုရင် လူတွေက ဆန္ဒအရ ဒါဖြစ်ချင်ရဲ့၊ ဒါလိုချင်ရဲ့ဆိုပြီး၊ တကယ်ဖြစ်လာတော့ အကျိုးဆက်တွေက မကောင်းပါဘူး။ အကျိုးဆက်တွေက မကောင်းတဲ့အခါ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဒါကြောင့် ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ပြည့်ပါစေဆိုတာ ကိုယ့်ဆန္ဒတွေ တကယ်ပဲ ကောင်းကျိုးဖြစ်မယ်ဆိုရင် ဒီဆန္ဒတွေပြည့်ဝပါစေဆိုတဲ့ ဆုကို ကျွန်မ ပေးတာဖြစ်ပါတယ်။ ဒါတစ်နိုင်ငံလုံးအတွက် ဆုပါ။ ကျွန်မတို့နိုင်ငံရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ ပြည့်ကြပါစေ၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ ကောင်းကျိုး လိုရာ ဆန္ဒအဝ၀ ပြည့်ကြပါစေ။
 
 
ဖြည့်ဆည်းပေးရမယ့် အရာတွေဖြစ်
 
ကျွန်မတို့ ပြည်သူပြည်သားတွေ ဘာဆုတွေ တောင်းကြသလဲ၊ တချို့ဆုတောင်းတွေက ရိုးရိုးလေးပါ။ တချို့ဆန္ဒတွေက ရိုးရိုးလေးပါ။ ကျွန်မတစ်ချိန်လုံး ကြားသိ နေရတဲ့ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရတဲ့ ကိစ္စတွေရှိပါတယ်။ ဥပမာ - လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကောင်းတဲ့ပညာရေးစနစ်ရှိရေး ဒါတွေကို ထပ်တလဲလဲ တောင်းဆိုနေတာပါ။ ဒါဟာ ပြည်သူတွေရဲ့ တောင်းသင့်၊ တောင်းထိုက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမယ့် အရာတွေဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုဆန္ဒတွေက အများအတွက်မဟုတ်ဘဲ ကိုယ့်အတွက် ဖြစ်သွားတာတွေကိုလည်း ကျွန်မတွေ့ရပါ တယ်။ ဒါကို ပြည်သူပြည်သားတွေက ဆင်ခြင်စေချင် ပါတယ်။
 
 
တစ်နေ့ထက်တစ်နေ့ တိုးတက်ဖို့ပဲရှိ
 
အများအတွက် စဉ်းစားခြင်းက ကိုယ့်အတွက် အများ ကြီးအကျိုးရှိတယ်။ အများရဲ့အမြင်နဲ့ မြင်ဖို့ကြိုးစားခြင်းက ကိုယ့်အမြင်ကျယ်လာပါတယ်။ အများရဲ့အတွေးနဲ့ တွေးနိုင် ဖို့ ကြိုးစားခြင်းက ကိုယ့်ရဲ့ဦးနှောက်ကို ပိုပြီးထက်သန် လာတယ်ဆိုပြီး အဲဒီလိုမြင်စေချင်ပါတယ်။ အဲဒီလို မြင်မယ် ဆိုရင် ပြည်သူပြည်သားတွေ  တစ်နေ့ထက်တစ်နေ့ တိုးတက်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့် ပတ်ဝန်းကျင်မှာ လူတွေဘယ်လောက်များသလဲ၊ ကျောင်း တက်တဲ့ ကလေးတွေဆိုရင် တစ်တန်းတည်းမှာ ကလေးတွေ ဘယ်လောက်များသလဲ၊ တခြားကိုယ်နဲ့ မတူတဲ့ကလေး တွေရဲ့ အမြင်တွေ၊ သူတို့ရဲ့ အားသာချက်တွေ၊ ဒါတွေကို လေ့လာမယ်၊ အားသာချက်အတွက် ကိုယ်က ဝမ်းသာရမယ်၊ မုဒိတာပွားရမယ်၊ သူများရဲ့အားသာချက်ကို ကိုယ်က စိတ်ချမ်းသာပေးတာက မုဒိတာပွားတာပါ။ ဒီလိုစိတ်နဲ့ သူက တော်လိုက်တာ၊ သူက မြန်မာစာမှာ မတော်ပေမယ့်၊ သင်္ချာမှာတော်လိုက်တာ၊ သင်္ချာနဲ့ပတ်သက်ရင် သူ့အကူ အညီတွေရနိုင်ပါရဲ့ဆိုတဲ့ စိတ်ဓာတ်ထားနိုင်ရင် ကိုယ့် အတွက် အများကြီး ပိုပြီးတန်ဖိုးရှိပါတယ်။ ပြည်သူ ပြည်သားတွေကို ဒီလိုပဲစဉ်းစားစေချင်ပါတယ်။
 
 
နမူနာယူချင်တဲ့စိတ်ဓာတ်နဲ့လုပ်
 
တမူးမြို့က နယ်စပ်မှာဆိုတော့ ဟိုဘက်နိုင်ငံက အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာကို တခြားနယ်စပ် မှာမဟုတ်တဲ့ မြို့တွေထက် ပိုပြီးသိနိုင်တဲ့ အခြေအနေ တွေရှိပါတယ်။ ဒီလိုသိနိုင်တဲ့ အခြေအနေရှိတဲ့အတွက် တခြားနိုင်ငံမှာ ဘာကြောင့် ဒီလိုအခြေအနေတွေရှိလဲ ဆိုတာကို လေ့လာစေချင်ပါတယ်။ ကောင်းတဲ့အရာတွေကို အတုခိုးရမယ်၊ မကောင်းတဲ့အရာတွေကို ရှောင်ရပါမယ်။ သူတို့ရဲ့ ကောင်းတာတွေကို မနာလိုသဝန်တို စိတ်မဟုတ် ဘဲ အားကျပြီး နမူနာယူချင်တဲ့စိတ်ဓာတ်နဲ့ လုပ်သွားမယ် ဆိုရင် ကျွန်မတို့ တိုးတက်မှုရမှာပါ။
 
 
ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိပါ။ တခြားသူတွေ ကိုလည်း လေးစားတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှ တခြား သူတွေကို ယုံကြည်နိုင်မယ်၊ တန်ဖိုးထားနိုင်မယ်။ ဒါကြောင့် ဘယ်တော့မဆို ကိုယ်နဲ့ပဲ စရတာပါ။ ကျွန်မတို့ မေတ္တာ ပို့တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်စပြီး မေတ္တာပို့တာကို တချို့အမှတ်တမဲ့ကြည့်ရင် ဒါက တစ်ကိုယ်ကောင်းဆန် အောင်လို့ သင်ပေးသလို ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီး မေတ္တာပို့ရမယ်ဆိုတာ တကယ်တော့ တစ်ကိုယ် ကောင်းဆန်အောင်လို့ သင်ပေးတာမဟုတ်ပါဘူး။ လက်တွေ့ကျကျလုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။
လူတိုင်းလူတိုင်းက စိတ်ချမ်းသာချင်တယ်။ လူတိုင်း လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။ လုံလုံ လောက်လောက်ရှိချင်ကြတယ်။ ငါဒီလို ပျော်ချင်တယ်၊ ဖူလုံချင်တယ်ဆိုရင် တခြားသူတွေလည်း ဒီလိုစိတ်ဓာတ် ရှိမှာပဲဆိုပြီး တခြားသူတွေကို ကိုယ်ချင်းစာတဲ့စိတ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နံပါတ်တစ်ကနေ စရပါ တယ်။ နံပါတ်တစ်မှာ ရပ်ထားဖို့မဟုတ်ပါဘူး။ ကလေး တွေကို သင်္ချာသင်ရင် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ရေးတဲ့အခါ မှာ တစ် တစ်ခုတည်းကို သင်ပေးလို့မရပါဘူး။ တစ်ဆိုပြီး ဆက်မသင်ရင် ဘယ်တော့မှ ပညာတတ်မှာ မဟုတ်ပါဘူး။ တစ် ပြီးရင် နှစ်၊ သုံး၊ လေး၊ ငါး သင်ရပါတယ်။ ပြီးရင် ရာဂဏန်း၊ ထောင်ဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်းက ဘယ်လို စသည်ဖြင့် သင်သွားရပါတယ်။
 
 
တစ်နဲ့စပြီး တစ်နဲ့ဆုံးလို့မဖြစ်
 
ဘဝရဲ့ သင်ခန်းစာတွေကလည်း ဒီလိုပါပဲ။ တစ်နဲ့စပြီး တစ်နဲ့ ဆုံးလို့မဖြစ်ပါဘူး။ ကိုယ်နဲ့စပြီး ကိုယ်နဲ့ဆုံးလို့ မဖြစ်ပါဘူး။ စတာတော့ ကိုယ်နဲ့စရမှာ ဒါကသဘာဝပါ။ ဒါပေမယ့် အဆုံးမှာ အသိုင်းအဝိုင်းတွေ များနိုင်သလောက် များများပါနိုင်ရင် အားလုံးအတွက် ကောင်းလေပါ။
ဒါကြောင့် နိုင်ငံထဲကိုသွားပြီး ပြည်သူတွေနဲ့ ထိတွေ့ မှုရှိဖို့ ကြိုးစားကြတယ်ဆိုရင် မြို့ကြီးတွေကိုပဲ သွားလို့ မရပါဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဓိက မြို့ကြီး ၃ မြို့ကို သွားနေလို့ မလုံလောက်ပါဘူး။ ဒါကြောင့် တတ်နိုင် သမျှ နိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးတွေကိုလည်း သွားရ တယ်။ မြို့လေးတွေကိုလည်း သွားနိုင်သမျှသွားဖို့ ကြိုးစား ရပါတယ်။
 
 
တကယ်တော့ အစိုးရအလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက်သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ် လပ်လပ်မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွားမယ် ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ ရွာသူ ရွာသားတွေကလည်း သူတို့စိတ်ထဲမှာရှိတဲ့ လိုအပ်ချက် ကလေးတွေ၊ စိုးရိမ်မှုလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရည်ရွယ် ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင်ပါတယ်။ နိုင်ငံရေး လုပ်နေတဲ့သူတွေဆိုတော့ ပြည်သူတွေနဲ့ နိုင်ငံ ရေးဖလှယ်ဖို့က တာဝန်တစ်ခု ဖြစ်ပါတယ်။
 
 
လိုလိုလားလားနဲ့ ထမ်းဆောင်
 
ဒါကြောင့် ဒီတာဝန်ကို ကျွန်မတို့ လိုလိုလားလားနဲ့ ထမ်းဆောင်နေပါတယ်။ တာဝန်တစ်ခုကို ကျေပွန်ဖို့ ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလားလားရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေလို့ မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါ နဲ့ ကိုယ့်ရဲ့ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါမယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။
ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှုတစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ မထိတွေ့ဘူးဆိုရင် ကျွန်မရဲ့တာဝန်မကျေရာ လည်း ရောက်ပါတယ်။ တစ်နည်းအားဖြင့် တစ်ဖက်က ကိုယ်ရနိုင်တဲ့၊ အခွင့်အရေးရှိတဲ့ စိတ်ချမ်းသာမှုတွေကို ဆုံးရှုံးရမှာဖြစ်ပါတယ်။ ပြည်သူတွေအချင်းချင်းလည်း ဒီလိုပဲ စိတ်ထားစေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ဆက်ဆံဖို့၊ တစ်ယောက်အပေါ်တစ်ယောက် စေတနာ၊ မေတ္တာထားဖို့ ဒါဟာ တာဝန်ဖြစ်ပါတယ်။ ဒါပေ မယ့် ဒီတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခြင်းဖြင့် ကိုယ့်အတွက် စိတ်ချမ်းသာမှုတွေ ရရှိပါတယ်။ ဒါကြောင့် တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။
 
 
တစ်ချိန်လုံးသင်ယူနေရ
 
တစ်ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိ ပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေနဲ့ သွားတွေ့တဲ့အခါမှာ တစ်ချိန်လုံး သင်ယူ
နေရပါတယ်။ ဥပမာ တချို့မြို့တွေမှာ ပြည်သူ တွေနဲ့ တွေ့ဆုံပွဲက ပိုပြီးကျေကျေနပ်နပ် ရှိပါတယ်။ တချို့မြို့တွေမှာ သိပ်ကျေနပ်စရာ မရှိပါဘူး။ သိပ်ကျေနပ်စရာမရှိဘူးဆိုတာ က တချို့မြို့တွေမှာ အခင်းအကျင်းက ပြည်သူ တွေနဲ့ နီးစပ်နိုင်သလောက်နီးစပ်တဲ့ အခင်း အကျင်းမျိုး မဟုတ် တဲ့အခါ ကျေနပ်မှုမရှိဘူးလို့ ပြောရမှာပါ။
 
 
ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် တရင်းတနှီးပြောနိုင်ဆိုနိုင် တွေ့နိုင်တဲ့ အခွင့်အရေးမျိုးရှိတဲ့ အခင်းအကျင်းမျိုးဆိုရင် ကျွန်မ အကြိုက်ဆုံးပါ။ တကယ်အကောင်း ဆုံးက ကွင်းပြင်ကြီးမှာ လုပ်တာအကောင်း ဆုံးပါ။
ကျွန်မ ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ ပြည်သူတွေက သူတို့သိချင်တဲ့ ကိစ္စတွေ၊ လိုအင်ဆန္ဒတွေကို တင်ပြကြပါတယ်။ တင်ပြ တာတွေကို ပြန်ဖြေပါတယ်။ တချို့မေးခွန်း တွေကို ကြိုတင်ပြီး တင်ပြပါတယ်။ ဒါက အချိန်အကန့်အသတ်ကြောင့်ပါ။ အချိန်က ကိုယ်ပေးချင်သလောက်လည်းပေးလို့ မရပါ ဘူး။ ပေးချင်တဲ့စိတ်ကရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီး ပြောနေလို့ရရင် ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ မဖြစ်နိုင် ပါဘူး။
တတ်နိုင်သမျှ ပြေလည်အောင်လုပ်
 
ဒါကြောင့် တချို့မေးခွန်းတွေကို ကြိုတင် လက်ခံပြီး အဲဒါတွေကို သက်ဆိုင်ရာဌာနတွေ၊ တိုင်းဒေသကြီးအစိုးရတွေ၊ ပြည်ထောင်စု အဆင့်ဌာနတွေကနေ ပြန်ပြီးဖြေကြားပါ တယ်။ နောက်မဲနှိုက်ပြီး ပရိသတ်ထဲကနေ မေးခွန်းမေးဖို့ဆိုတာကလည်း လက်တွေ့ မကျတဲ့အခါ မဲနှိုက်ပြီး မဲပေါက်တဲ့သူတွေ ရဲ့ မေးခွန်းတွေကို လက်ခံနားထောင်ပါ တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တတ်နိုင်သမျှ ပြေလည်အောင်လုပ်ပါတယ်။ ပြည်သူဘက် ကလည်း တတ်နိုင်သမျှ ပြေလည်အောင် လုပ်ပေးစေချင်ပါတယ်။ တချို့နေရာတွေမှာ မဲမပေါက်တဲ့သူတွေက မဲမပေါက်ဘဲ အတင်း မေးချင်ပါတယ်ဆိုပြီး ပြဿနာရှာတာတွေ ရှိပါတယ်။
 
 
အဲဒါက မလုပ်သင့်၊ မလုပ်ထိုက်တဲ့ကိစ္စပါ။ ဒါက တာဝန်မသိတဲ့ကိစ္စ၊ ဒါက ကိုယ့်စည်း ကိုယ်မစောင့်တဲ့ကိစ္စပါ။ မဲဆိုတာက ကံပါ၊ ကံအရပေါက်သွားတဲ့သူက ပေါက်သွားမှာပါ။ ပေါက်သွားတဲ့သူကို မေးခွန်းမေးမယ်။ မပေါက် တဲ့သူက စာရေးပြီး မေးခွန်းတွေကို တင်လို့ရပါ တယ်။ တိုင်စာဌာနလည်း ဖွင့်ထားပါတယ်။ တိုင်စာဌာနဆိုတာ တိုင်ဖို့သာမဟုတ်ပါဘူး။ တင်ပြချင်တဲ့ကိစ္စတွေကိုလည်း တင်ပြဖို့ ဖြစ်ပါတယ်။ တချို့က တိုင်စာဌာနဆိုတာ တိုင်စရာရှိမှ တိုင်ရမယ်လို့ထင်နေတာ ရှိပါ တယ်။ ကိုယ့်ရဲ့ လိုချင်တာတွေရှိရင် တင်ပြလို့ ရပါတယ်။ အကြံပြုချင်တာရှိရင်လည်း တင်ပြ လို့ရပါတယ်” ဟု ပြောကြားသည်။
 
 
လျှပ်စစ်ဓာတ်အားရရှိရေး
 
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြ မေးမြန်းထားသည့် တမူးမြို့ ဈေးတန်းရပ်မှ ဦးလှမောင်က တမူးမြို့ စီးပွားရေးဇုန် ဖော်ထုတ်ပေးရေး၊ ဈေးတန်း(၈)ရပ်ကွက်မှ ဦးတင်ထွန်းဦးက တမူးမြို့အား မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် အမြန်သွယ်တန်းပေးရေး၊ ဈေးတန်း ရပ်ကွက်မှ ဦးအောင်သူချမ်းက တမူးမြို့ စက်ရောင် ဘီလူးအားကစားခန်းမအား အကြီးစားပြုပြင် ပေးရေး၊ မြို့မ(၈)ရပ်ကွက် မှ ဦးကျော်လင်းက တမူးမြို့ရှိ ကွင်းညီ ညောင်ကွင်းနှင့် ဦးစူးကျေးရွာအကြားရှိ သစ်တောဧရိယာ ဧက ၅၀၀ အား လယ်မဲ့၊ ယာမဲ့များအတွက် လယ်မြေဖော်ထုတ်ပေး ရေး၊ စန္ဒကူးရပ်ကွက်မှ ဦးရဲမိုးမြင့်က စန္ဒကူး ရပ်ကွက် မဟူရာချောင်းကမ်းပါးရှိ နေအိမ်များ ရေတိုက်စားမှုမှကာကွယ်နိုင်ရန် ကျောက်စီ ရေကာနံရံများ တည်ဆောက်ပေးရေး၊ စော်ဘွားအင်းရပ်ကွက်မှ ဦးဟန်မော်က တမူးမြို့ နန်းမြင့်ဟန် ချောင်းကူးတံတား တစ်စင်း အမြန်ဆောင်ရွက်ပေးရေး၊ တမူး မြို့နယ် ခမ်းပါတ်မြို့ အမှတ်(၄)ရပ်ကွက်မှ ဦးမှဲတ်အဲလ်က ခမ်းပါတ်မြို့တွင်း လမ်းပေါ်ရှိ တံတား ကိုးစင်းနှင့် လမ်းအား ကွန်ကရစ်ဖြင့် ဆောင်ရွက်ပေးရေး၊ တမူးမြို့နယ် မြို့သစ်မြို့ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်မြင့်ဌေးက တမူးမြို့နယ် မြို့သစ်မြို့ ယူချောင်းဘေလီ တံတားအား ကွန်ကရစ်တံတားအဖြစ် တည် ဆောက်ပေးရေးမေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီးဝန်ကြီး များက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စိစစ်ဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
 
 
သိမ်းဆည်းလယ်ယာမြေကိစ္စ
 
ထို့နောက် ခန်းမအတွင်းမှ မေးခွန်း မေးမြန်းတင်ပြ လိုသူ ၁၆ ဦးအနက် မဲပေါက်သူ သုံးဦးဖြစ်သည့် တမူးမြို့ ကျွန်းတော ရေစင် ကျေးရွာမှ ဦးပေါင်ဒါလ်မန်က အထောက် အထားအပြည့်အစုံဖြင့် ငါးကန်တူးဖော်မှုကို အရေးယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့မှု၊ မော်တော်ယာဉ်မတော်တဆမှုတွင် ဒဏ်ကြေး များစွာကောက်ခံခဲ့မှု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် မသမာမှုအား စိစစ်ပေးရေး နှင့် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် မသမာမှု များရှိနေခြင်းအား ပြန်လည်စိစစ်ပေးရေး၊ နန်းဖာလုံရပ်ကွက်မှ ဦးဆေးဂင်က သိမ်းဆည်း လယ်ယာမြေကိစ္စနှင့် လူမျိုး ၁၃၅ မျိုးတွင် ချင်းကူကီးမျိုးနွယ်စုအမည်အား အသိအမှတ် ပြုပေးရေး၊ မြို့မ (၅)ရပ်ကွက်မှ ဦးစိုင်းလှ ကျော်က တမူးဒေသတွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်ရွေးချယ်ခွင့်ရရှိရေးနှင့် ရှမ်း တိုင်းရင်းသားစာပေအား ကျောင်းသင်ခန်းစာ တွင် ထည့်သွင်းသင်ကြားပေးရေးမေးခွန်းတို့ကိုလည်းကောင်း။
ကျောင်းသားအားကစားပွဲများကျင်းပရေး
ခန်းမအပြင်မှ မေးခွန်းမေးမြန်း တင်ပြ လိုသူ ခုနစ်ဦးအနက် မဲပေါက်သူ သုံးဦး ဖြစ်သည့် ဈေးတန်း(၂) ရပ်ကွက်မှ ဦးနန္ဒ ထူးအောင်က တမူးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများအား တားဆီးဆောင်ရွက်ပေး ရေး၊ ဈေးတန်း(၁၂)ရပ်ကွက်မှ ဦးယဉ်ကိုဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား အားကစားပွဲတော်များ ကျင်းပရေး၊ ကနန် အမှတ်(၄)ရပ်ကွက်မှ ဦးရိန်းလျန်နာက ကနန်ရွာရေကာတာ ဆက်လက်တည်ဆောက် ပေးရေးနှင့် ရေတိုက်စားမှုကြောင့် ပျက်စီး သွားသည့် လယ်မြေများအား ထပ်မံမဖြစ် စေရန် ဆောင်ရွက်ပေးရေး မေးခွန်းတို့ကို လည်းကောင်း တင်ပြမေးမြန်းကြသည်။
 
 
တင်ပြမေးမြန်းချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်သူ များ၏ လယ်ယာမြေ လိုအပ်ချက်အတွက် သစ်တောမြေအစားအခြား နည်းလမ်းဖြင့် ကူညီပေးမည်ဖြစ်ကြောင်း၊ သစ်တောကဏ္ဍ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စဉ်းစား ဆောင်ရွက်နေ ရပါကြောင်း၊ ငါးကန်ကိစ္စကို တိုင်းဒေသကြီးအစိုးရက စိစစ်ပေးရန်လို ကြောင်း၊ မော်တော်ယာဉ်မတော်တဆမှု ဒဏ်ကြေးကိစ္စကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကိစ္စကို လည်း အလေးထားဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊ တိုင်းရင်းသားစာပေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီပေးမည်ဖြစ် ကြောင်း၊ လက်ရှိ သင်ကြားနေသည့် ဘာသာ ရပ်များ များပြားနေပါကြောင်း၊ မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းများ ကို အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါး မသုံးစွဲ စေရန် ပညာပေးမှုများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိဘ၊ ဆရာ ပါဝင်ရန်လိုအပ် ပါကြောင်း၊ မူးယစ်ဆေးဝါးမှာ အန္တရာယ် ကြီးပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲဖူးသည့် ကလေးများသည် ဆေးဖြတ်လိုက်သော် လည်း ဦးနှောက်မှတ်ဉာဏ် ကျဆင်းသွားပါ ကြောင်း၊ လုပ်ငန်းခွင်တွင်လည်း မမြဲတော့ပါ ကြောင်း၊ တစ်သက်တာလုံး ဆိုးကျိုးဖြစ်သည် ကို လူငယ်များသိရန် လိုအပ်ပါကြောင်း၊ မိဘ၊ ဆရာ၊ ရပ်မိရပ်ဖများအားလုံးက ဝိုင်းဝန်း ပူးပေါင်းကူညီရန် လိုအပ်ပါကြောင်း၊ ကလေး များအတွက် သင့်တော်ရာ အားကစား၊ အနု ပညာကို ဆောင်ရွက်စေရန် လိုကြောင်း၊ ကနန်ရွာလယ်မြေများ ရေတိုက်စားမှုကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ မည်ဖြစ်ကြောင်း၊ တမူးဒေသခံပြည်သူများ က မိမိအား နွေးနွေးထွေးထွေး ကြိုဆိုသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ တမူးပြည်သူ များအားလုံး ကျန်းကျန်းမာမာချမ်းချမ်း သာသာဖြင့် ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ ကြောင်း ပြောကြားသည်။
 
 
မှတ်တမ်းတင်ဓာတ်ပုံရိုက်
 
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
 
 
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တမူးမြို့မှ ရဟတ်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာကြရာ ကလေးမြို့ သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြ သည်။
 
 
ယာကြီး-ကလေး၀လမ်းအဆင့်မြှင့်တင်
 
ယခုအခါ ထိုင်း-မြန်မာ-အိန္ဒိယ အာဆီယံ လမ်းမကြီးကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ယာကြီး-ကလေး၀ အပိုင်း(၇၅ မိုင် ၅ ဖာလုံ)အား အိန္ဒိယနိုင်ငံ အကူအညီဖြင့် ကတ္တရာကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကလေး၀-ကျီကုန်း-တမူးလမ်းပိုင်း ၉၃ မိုင်အပေါ်ရှိ တံတား ၆၉ စင်းကိုလည်း အိန္ဒိယနိုင်ငံ အကူအညီဖြင့် ပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ သည် ခန့်မှန်း ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
 
 
နယ်စပ်ကုန်သွယ်ရေးဇုန် တည်ဆောက်နိုင်ရေး
 
အဆိုပါလမ်းမကြီးပြီးစီးပါက မြန်မာ-အိန္ဒိယ (နှစ်နိုင်ငံ) နယ်စပ်ကုန်သွယ်ရေး ပိုမို ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တမူးမြို့၌ မြေဧရိယာ (၃၂ ဒသမ ၁၇၆) ဧကအား နယ်စပ်ကုန်သွယ်ရေးဇုန် တည် ဆောက်နိုင်ရေးအတွက် ခွင့်ပြုချထားပေးကာ အဆိုပါ မြေဧရိယာတွင် နယ်စပ်ကုန်သွယ်ရေး ဇုန်တစ်ခု ဖြစ်ပေါ်လာရန်အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်း၍ Master Plan တစ်ခု ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
 
 
သတင်းစဉ်