
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသောဒုတိယအကြိမ်မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု
===============================================================
နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကြိုတင်ပြင်ဆင်ကျင်းပသည့် ဒုတိယအကြိမ်မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပထမအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းမှ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်မှုများနှင့်အညီ ပြန်လည်ပြင်ဆင်ပြီး ဒုတိယအကြိမ် ထပ်မံ ဆောင်ရွက်မည့် အစီအစဉ်၊ မဲရုံအပြင်ဘက်ပိုင်း ဆောင်ရွက်မှုများအနေဖြင့် မူလတာဝန်ကျ ဝန်ထမ်း သုံးဦးအပြင် ကိုယ်အပူချိန်တိုင်းတာသည့်ဝန်ထမ်း၊ Mask နှင့် Sanitizer Spray ဖျန်းမည့် ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် Volunteer နှစ်ဦး ထပ်မံအားဖြည့်၍ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ကိုယ်အပူချိန် တိုင်းတာခြင်းကို ဦးစွာဆောင်ရွက်ရန်၊ N95 Mask များ ဖြန့်ဝေပေးသွားရန်နှင့် အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်များ အသုံးပြု သွားရန် စီစဉ်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ မဲရုံအတွင်းပိုင်း ဆောင်ရွက်မှုများအနေဖြင့် မဲရုံဝန်ထမ်းများအတွက် မူလဖြန့်ဝေပေးထားသည့် လက်အိတ်များအစား Surgical Glove များ ပြောင်းလဲဖြန့်ဝေပေးထားမှုနှင့် မဲဆန္ဒရှင် သက်သေခံကတ်ပြား စွန့်ပစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ မဲရုံပြင်ဆင်မှုအနေဖြင့် ယာယီမဲရုံဆောက်လုပ်ရာတွင် လေဝင် လေထွက် ကောင်းမွန်ပြီး သတ်မှတ်ထားသည့် အကျယ်အဝန်းရရှိအောင် ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်များ တန်းစီရာတွင် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ တန်းစီစေရန် ဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ထည့်ရန် လည်ဆွဲ ကြိုးများ ဖြန့်ဝေပေးရန် စီစဉ်ထားရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)၌ ဒုတိယအကြိမ် လက်တွေ့ သရုပ်ပြမဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေး တာဝန်ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်း နှင့် N95 နှာခေါင်းစည်းထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန် အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန် ရှိသူများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်းနှင့် ဆန္ဒမဲပေးပြီးကြောင်း
လက်သန်းမင်တို့ခြင်း လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
လှည့်လည်စစ်ဆေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ နမူနာပုံစံပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၁)၌ ဒုတိယ အကြိမ် လက်တွေ့သရုပ်ပြမဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ် ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင် ပေးခြင်း၊ N95 နှာခေါင်းစည်းထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန် အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန် ရှိသူများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်း နှင့် ဆန္ဒမဲပေးပြီးကြောင်း လက်သန်းမင်တို့ခြင်း လုပ်ငန်းများအား ကူညီ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ထိုသို့ လှည့်လည်ကြည့်ရှုပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မဲရုံ အပြင်ဘက်ပိုင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် ဆန္ဒမဲပေးရန် လာရောက်ကြသည့် မဲဆန္ဒရှင် ပြည်သူများအား N95 နှာခေါင်းစည်းများ ကြိုတင်ထုတ်ပေးရေး စီစဉ်ဆောင် ရွက်ရန်၊ မဲရုံအတွင်းပိုင်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးရာတွင် မဲစာရင်းစစ်ဆေးခြင်းနှင့် မဲလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်တွင် အချိန်ကြန့်ကြာမှုမရှိစေရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန်၊ ဆန္ဒမဲပေးရာတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်ရသည့်အတွက် အချိန်ကြန့်ကြာမှုမရှိစေရေး၊ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ မဲရုံအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးဆိုင်းဘုတ်များ ထားရှိသွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒုတိယအကြိမ် လက်တွေ့ သရုပ်ပြ မဲပေးသည့် အစီအစဉ်တွင် ပါဝင်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ယနေ့မဲပေးရာတွင် အခက်အခဲများ၊ အချိန်ကြာမြင့်သည့် လုပ်ငန်းစဉ်များကို မေးမြန်းပြီး တာဝန်ရှိသူများအား ပြင်ဆင်ရန်ရှိသည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ယနေ့ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ ၂၁၀၃ ဦးရှိကြောင်းနှင့် နမူနာပုံစံဖြင့် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁) ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခွင့်ရှိသူ ၈၁၁ ဦးရှိကြောင်း။
လက်ရှိစာရင်းများအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၅၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၇၇၈၆ ဦး၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၂၄၅၇ ဦး၊ လယ်ဝေးမြို့နယ် တွင် မဲပေးခွင့်ရှိသူ ၂၁၇၆၂၀ ၊ ဇေယျာသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦး၊ တပ်ကုန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၂၈၆၉ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦး ရှိကြောင်း သိရသည်။ သတင်းစဉ်