နိုင်ငံတော်ကိုသာ သစ္စာနှံထားသည့်နိုင်ငံ့ဝန်ထမ်း

Type

 

 

မောင်မြသာ

 

လူသားတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် အလွန်ပင်ဆန်းကြယ်သည်။ မြတ်ဗုဒ္ဓ၏ မိန့်တော်မူချက်အရ လူတစ်ယောက်ချင်းစီကို ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် မောင်းနှင်နေကြခြင်းဟု ဆိုရမည်။ သိပ္ပံနည်းကျအရမူလည်း အသက်ရှင် ရပ်တည်နေသည့် လူသားတစ်ဦးထံတွင် ဇီဝယန္တရား၏ အလုပ်လုပ်ပုံကို ကမ္ဘာ့သုတေသီများက လေ့လာခဲ့ကြရာ အံ့သြဖွယ်ရာကောင်းလောက်အောင်ပင် တိတိကျကျအလုပ်လုပ်နေကြတာကို တွေ့ခဲ့ကြရသည်။ ယင်းကို circadian rhythm ဟုခေါ်ကြသည်။  မြန်မာမှုပြုရလျှင်တော့ ဇီဝနာရီ နရီစည်းချက်ဟု ဆိုရမည်ပင်။ ဇီဝနာရီသည် လူတစ်ယောက်၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာစနစ်များကို ညှိနှိုင်းကာ တိတိကျကျအလုပ်လုပ်သည်။ အစာခြေစနစ်သည် အစာစားချိန် နှင့်ကိုက်ညှိပြီး ပရိုတိန်းများထုတ်လုပ်ဖို့ပြင်ဆင်ပေးသည်။ ဇီဝနာရီတိတိကျကျ အလုပ်မလုပ်နိုင်ပါက ထိုလူသား ပျက်စီးကိန်းကြုံရတော့မည်ပင်ဖြစ်ပါသည်။

ကျန်းမာသောလူသားတစ်ဦးတွင် ပြင်ပ ခြေ၊ လက်၊ ဦးခေါင်း၊  ခန္ဓာကိုယ်တို့သည်   လှုပ်ရှားနေကြသည်။ ခံစားမှုများဖြစ်သည့်  ချစ်ခြင်း၊  မုန်းခြင်း၊  နှစ်သက် ခြင်း၊  ဝမ်းသာခြင်း၊  နှမျောခြင်း   အစရှိသည်တို့က ဦးနှောက်အကူအညီဖြင့်   ဖြစ်ပေါ်တတ်ပြီး   ၎င်း၏ စေ့ဆော်မှုအရ ငိုခြင်း၊ ရယ်ခြင်း၊ ပြုံးခြင်း၊ မဲ့ခြင်းတို့လည်း ဆောင်ရွက်တတ်သည်။ ထို့အတူ   ခန္ဓာကိုယ်အတွင်း ကလီစာများဖြစ်သည့် အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်တို့သည်လည်း လူသားအတွက် လိုအပ်ချက် အရ ပုံမှန်အလုပ်များလုပ်ကိုင်ပေးလျက်ရှိသည်။ နှလုံး ကြွက်သားများက  ကျုံ့ခြင်း၊  ပွခြင်းဖြင့်   သွေးကြော များပုံမှန်စီးဆင်းနေပြီး သန့်ရှင်းသောအောက်ဆီဂျင်ကို ရှူသွင်းခြင်းဖြင့် အဆုတ်သည် သူ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရသည်။
အချိန်အလိုက် သူ့တာဝန်များကို ထမ်းဆောင် 
ဇီဝနာရီအရ လူသားတို့၏ ကိုယ်တွင်းကလီစာများ သည် အချိန်အလိုက် သူ့တာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ နံနက် ၅ နာရီမှ ၇ နာရီအတွင်း အူမကြီး သည် သူ၏တာဝန်ကို  ကျေပွန်စွာထမ်းဆောင်သည်။ သူ့တာဝန်အရ ဇီဝလုပ်ငန်းစဉ်များကို လုပ်ဆောင်သဖြင့် လူသားသည်  ဝမ်းမှန်မှန်သွားသည်။ နံနက်  ၇ နာရီမှ  ၉  နာရီတွင် အစာအိမ်သည်   လည်းကောင်း၊  နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံးသည်လည်းကောင်း၊  မွန်းလွဲ  ၁ နာရီမှ  ၃  နာရီအတွင်း၌   အူသိမ်များသည် လည်းကောင်း၊ ညနေ ၃နာရီမှ ၅ နာရီအတွင်း ဆီးအိမ် သည် လည်းကောင်း၊ ညနေ ၅ နာရီမှ ည ၇ နာရီအချိန် တွင် ကျောက်ကပ်သည်လည်းကောင်း သူတို့၏ လုပ်ငန်း တာဝန်များကို အသီးသီးထမ်းဆောင်ကြသည်။ 
ည ၇ နာရီမှ ၉ နာရီတွင် နှလုံး၏အမြှေးပါးသည် သူ့တာဝန်ချိန်ဖြစ်ပြီး ထိုအချိန်တွင် သူ့လုပ်ဆောင်ချက် ကို  အထောက်အကူဖြစ်စေရန်အတွက်   စိတ်ခံစားမှု ပြင်းထန်ခြင်းများကို လျှော့ချကာ ပေါ့ပါးစွာနေထိုင်သင့် သည်ဟု  ပညာရှင်များက  အကြံပြုကြသည်။  လူခန္ဓာ ကိုယ်အိပ်စက်ချိန်ရောက်သော်လည်း   ဇီဝနာရီသည် နားနေအိပ်စက်ခြင်းမရှိ ဆက်လက်  အလုပ်လုပ်ကြ  ပြန်သည်။ ည ၉ နာရီမှ ၁၁ နာရီအချိန်သည် ဦးခေါင်းမှ အစိတ်အပိုင်းများ   အားဖြည့်ချိန်ဖြစ်သဖြင့်   သက်သောင့် သက်သာရှိစွာနေထိုင်သင့်သကဲ့သို့ ည ၁၁ နာရီမှ ၃ နာရီ အချိန်သည် အသည်း၏အလုပ်လုပ်ချိန်ဖြစ်သည်။ 
ထိုအချိန်တွင် အသည်းသည် သူ့လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်သည်။ ထို့ပြင် ည ၁၁ နာရီမှ ၁ နာရီ အတွင်း သည်းခြေသည် တာဝန်ထမ်းဆောင်လေ့ရှိပြီး နံနက် ၃ နာရီမှ ၅ နာရီအထိသည် အဆုတ်၏ အလုပ်လုပ် ချိန်ဖြစ်သည်။ အဆုတ်သည်  နောက်တစ်နေ့  နံနက် လူသားလန်းဆန်းတက်ကြွစွာ နိုးထဖြတ်သန်းနိုင်ရန်နှင့် ကုန်သွားသည့်နေ့က ရှူသွင်း၊  ရှူထုတ်ထားသမျှသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အညစ်အကြေးများကို ရှင်းလင်းသည်။
အစားထိုးကြည့်မည်ဆိုလျှင်
လူ့ခန္ဓာကိုယ်၏  နေရာတွင်   နိုင်ငံတစ်နိုင်ငံဟု အစားထိုးကြည့်မည်ဆိုလျှင် နိုင်ငံ၏အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်၊ ခြေ၊ လက်၊ ခန္ဓာတို့သည်   ပြည်သူများပင်ဖြစ်သည်။   ထို့အတူ ခန္ဓာကိုယ်၏ မရှိမဖြစ်ကိုယ်တွင်းအင်္ဂါ   အစိတ်အပိုင်း များသည် ပြည်သူ့ဝန်ကိုထမ်းသည့်  ပြည်သူ့ဝန်ထမ်း များပင်ဖြစ်ပါသည်။  အဘယ့်ကြောင့်နည်း။   လူသားတို့ နေ့စဉ်ဘဝများ  မြင့်သထက်မြင့်၊   အစွမ်းရှိသထက်ရှိ အောင်  ကြိုးစားကြရာတွင်  မကျန်းမာ၍မဖြစ်၊  ဇီဝ ဖြစ်စဉ်ယိုယွင်း၍ မဖြစ်သကဲ့သို့ နိုင်ငံ၏လှုပ်ရှားမှု နရီ စည်းချက်မှန်အောင်  လုပ်ဆောင်ပေးကြသူများသည် ပြည်သူ့ဝန်ထမ်းများဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။
မည်မျှပင်အစွမ်းရှိသည့်  လူသားဖြစ်စေဦးတော့၊ ဇီဝယန္တရားပျက်စီးယိုယွင်းပါက   ထိုလူသားမစွမ်းနိုင် တော့သကဲ့သို့  တိုင်းပြည်၏  ဝန်ထမ်းယန္တရားပျက်စီး ယိုယွင်းပါကလည်း   ထိုတိုင်းပြည်သည်   ဆက်လက် တည်ရှိရန်  မစွမ်းနိုင်သည့်အခြေအနေသို့ ရောက်ရှိနိုင်ခြင်း ကြောင့် ဖြစ်ပါသည်။ တိုင်းပြည်ပရမ်းပတာ ပြိုလဲပျက်စီး ပြီဆိုပါက တရားဥပဒေစိုးမိုးမှုပျက်စီးခြင်းနှင့်အတူ  ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်နှင့်   နေ့စဉ်ဘဝများမှာလည်း မတွေးဝံ့ဖွယ်ရာအခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ယခုကာလသည် အရေးပေါ်ကာလသတ်မှတ်ထားချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် တိုင်းပြည်အကျိုးမလိုလားသူများ၊ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း တွေးတော ကြံစည်သူ များက တိုင်းပြည်၏ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားရန် ရည်ရွယ်၍  ဝန်ထမ်းများ  အလုပ်မဆင်းကြရန်အတွက် အမျိုးမျိုးသွေးထိုးလှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ် နေကြသည်ကို တွေ့မြင်နေရသည်။
သွေးထိုးလှုံ့ဆော်မှုများက လူမှုကွန်ရက်စာမျက်နှာ များထက်တွင် မင်းမူနေကြပြီး နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ် နေရေး၊ မိသားစုဘဝရပ်တည်ရေးကို  ထည့်သွင်းစဉ်းစား ခြင်းမရှိဘဲ  များပြားလှသည့်  မဟုတ်မမှန်သတင်းများဖြင့် ဝန်ထမ်းများကို  ဆွဲဆောင်သိမ်းသွင်းနေသည်ကိုလည်း မြင်တွေ့ရသည်။ ထို့ပြင် ငြိမ်းချမ်းစွာတာဝန်ထမ်းဆောင်သူ များကို စည်းရုံးခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် တာဝန်ကျေပွန်သည့် ဝန်ထမ်းများအား ဆဲရေးတိုင်းထွာ ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းများဖြင့်လည်း သွေးထိုးလှုံ့ဆော် ပေးလျက်ရှိကြသည်။ 
ကျရာတာဝန်များကို ထမ်းဆောင်နေသူများ
စင်စစ်အားဖြင့်   နိုင်ငံ့ဝန်ထမ်းဟူသည်    မည်သည့် နိုင်ငံရေးပါတီနှင့်မျှ  သစ္စာနှံထားခြင်းမဟုတ်ဘဲ   နိုင်ငံကို အုပ်ချုပ်သည့် အစိုးရတို့၏မူဝါဒအတိုင်း နိုင်ငံနှင့်ပြည်သူ တို့၏ အကျိုးစီးပွားအတွက် မိမိတို့ကျရာတာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်သည်။  နိုင်ငံတော်နှင့် နိုင်ငံ့ ဝန်ထမ်းဟူသည် ခွဲခြားမရဘဲ အေးအတူပူအမျှ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး    ဦးတည်ဆောင်ရွက်နေသော ဝန်ထမ်းများ၏ စိတ်ဓာတ်အင်အားမြင့်မားခြင်းသည် နိုင်ငံ အလျင်အမြန်တိုးတက်ခြင်းသို့ရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းများ စိတ်ဓာတ်အင်အားနှင့် စွမ်းဆောင်ရည်တို့ ကျဆင်းလာမည် ဆိုပါက နိုင်ငံတိုးတက်ရေးနှောင့်နှေးစေမည်ဖြစ်သည်။ 
မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းဦးရေမှာ တစ်သန်းကျော် ရှိရာ နိုင်ငံ့လူဦးရေ၏   ၁ ဒသမ ၄   ရာခိုင်နှုန်း   ခန့်သာရှိ ပါသည်။   နိုင်ငံ့ဝန်ထမ်းများသည်    နေရာဒေသအသီးသီးရှိ လုပ်ငန်းဌာနအသီးသီးတွင် မိမိတို့၏ ကာယအား၊ ဉာဏ အားတို့ဖြင့်  နိုင်ငံတော်အတွက်  တာဝန်ထမ်းဆောင်နေ ကြခြင်းဖြစ်ပါသည်။ ကျွဲကူးရာ ရေပါဆိုသကဲ့သို့ ဝန်ထမ်း တိုင်းတွင် ၎င်းတို့ကို မှီခိုနေကြရသည့် မိသားစုဝင်များစွာ ရှိနေကြသည်။ နိုင်ငံတော်မှဝန်ထမ်းများအတွက် ပေးအပ် ထားသည့်လစာ၊ ခံစားခွင့်များသည် ဝန်ထမ်းများ၏ မိသားစု များအတွက် ဘဝအာမခံချက်များပင်ဖြစ်ပါသည်။
ဝန်ထမ်းတိုင်းသည်  မိမိအတွက်၊  မိမိဌာနအတွက်၊ နိုင်ငံနှင့်  ပြည်သူအတွက်   အကျိုးစီးပွားပျက်စီးစေသည့် အပြုအမူများ၊ လုပ်ရပ်များကို သူတစ်ပါးသွေးထိုးလှုံ့ဆော်မှု ကြောင့်ဖြစ်စေ၊ အပေါင်းအသင်းနှင့်အုပ်စုကြောင့် ဖြစ်ပေါ် လာသည့် စိတ်ခံစားမှု တစ်စုံတစ်ရာကြောင့်ဖြစ်စေ ပြုမူမိ နေပြီဆိုပါက  မိမိကိုယ်ကိုယ် ဝေဖန်ပိုင်းခြားဆန်းစစ်ကြရန် လိုအပ်နေပြီဖြစ်ပါသည်။
တိုင်းပြည်အတွက်   အရေးကြီးလှသည့်ကာလတွင် နိုင်ငံ့ဝန်ထမ်းများအား အလုပ်တာဝန်များပျက်ကွက်ရန်၊ အလုပ်မဆင်းကြရန် တိုက်တွန်းနေကြသူအများစုသည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ဘဝရပ်တည်မှု ကို   အလေးမထားသူများ၊  ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းသဘောသဘာဝကို   နားမလည်သူများ၊    နိုင်ငံ့ ဝန်ထမ်းများ၏ တာဝန်နှင့်ဝတ္တရား၊ စည်းမျဉ်းစည်းကမ်း များ၊ ကျင့်ဝတ်များကို မသိကြသူများဖြစ်နေသည်ကိုလည်း မြင်တွေ့ရသည်။ ဝန်ထမ်းအဖွဲ့အစည်းများ ရပ်တန့်ခြင်းဖြင့် နိုင်ငံတော်အစိုးရ၏  ယန္တရားတစ်ခုလုံးရပ်တန့်သွားမည်ဟု ယူဆကာ ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်းများအား သွေးထိုးကာ ဖျက်ဆီးခြင်းပင် ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးပီသမည်
နိုင်ငံ့ဝန်ထမ်းများသည်  နိုင်ငံနှင့်  နိုင်ငံသားများ၏ ကျေးဇူးသစ္စာကို   စောင့်သိရိုသေကြရမည်   ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများမှ ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရ နှစ်ဆက် အုပ်ချုပ်ခဲ့သည့်ကာလများတွင်လည်း ယင်းအစိုးရ အသီးသီးတို့၏   မူဝါဒများနှင့်အညီ   နိုင်ငံ့တာဝန်များကို  ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။ ယခုလက်ရှိ တိုင်းပြည် အရေးပေါ်ကာလကျရောက်ချိန်တွင် မိမိတို့၏ ကာယ၊  ဉာဏ စွမ်းအားနှင့် ကျွမ်းကျင်မှုတို့ကို  အသုံးချကာ   နိုင်ငံတော် အမြန်ဆုံးတည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာစေရန် မူလထက်ပင် တာဝန်ကို ပိုမိုကျေပွန်အောင် ထမ်းဆောင်ခြင်းကသာ နိုင်ငံ့ ဝန်ထမ်းကောင်းတစ်ဦးပီသမည် ဖြစ်ပါသည်။
မိမိတို့၏လုပ်အားဖြင့် ရရှိလာသည့် နိုင်ငံ့ဝန်ထမ်းလစာ ကို မှီခိုရင်း အိမ်တွင် စောင့်မျှော်နေကြမည့်  ဇနီး၊  ခင်ပွန်း၊ သားသမီးများ၊ အမိအဖ ဆွေမျိုးများကို စာနာထောက်ထား ထည့်သွင်းစဉ်းစားရန် လိုအပ်နေပြီဖြစ်ပါသည်။ မိမိဘဝ အတွက်  အာမခံချက်အပြည့်အဝရှိပြီး   တိုးတက်ရာ တိုးတက်ကြောင်း  အခွင့်အလမ်းများ၊   လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊  ရပိုင်ခွင့်၊   ခံစားခွင့်များနှင့်အတူ ဂုဏ်ယူရသည့် မိမိတို့၏နိုင်ငံ့ဝန်ထမ်းဘဝကို အတွေး အခေါ်အယူအဆအမှားများဖြင့် မလဲကြရန် မျှော်လင့်မိ ပါသည်။
နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခြင်းကိစ္စရပ်၏ အဓိကရည်ရွယ်ချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာ မှုများ   ရှိနေခြင်းကို    တာဝန်ယူဖြေရှင်းမှုမရှိခဲ့သဖြင့် နိုင်ငံသားများအားလုံး     မျှော်လင့်တောင့်တသည့် ဒီမိုကရေစီလမ်းကြောင်း မချွတ်ချော် မတိမ်းစောင်းစေ ရန် အဓိကတာဝန်ယူဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ဆောင်သင့်သည်များကို အဆင့်အလိုက် အမြန်ဆုံး   အကောင်အထည်ဖော်နေပြီလည်း      ဖြစ် ပါသည်။
သတ်မှတ်ကာလအတွင်း  ဆောင်ရွက်ဖွယ်ရာများ သည် များပြားလွန်းလှပြီး အဖျက်၊ အမှောင့်များကြောင့် မူလရည်ရွယ်ချက်များပျက်စီးကာ လုပ်ငန်းများ ကြန့်ကြာ နှောင့်နှေးနိုင်သည်ဟု   ယူဆမိပါသည်။   ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူအတွက် သစ္စာစောင့်သိသည့် နိုင်ငံ့ ဝန်ထမ်းများအဖြစ်  မိမိတို့ကျရာတာဝန်ကို ကျေပွန် အောင်ထမ်းရွက်ခြင်းကသာ အကောင်းမွန်ဆုံးရွေးချယ်မှု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။