နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ

Image not available
 
 
 
လူ့အခွင့်အရေးကို အထူးဂရုစိုက် ထိန်းသိမ်းပေးစေလိုကြောင်း လမ်းညွှန်မှာကြား
 
 
 
နေပြည်တော် ဇန်နဝါရီ ၂၄
 
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ လမ်းညွှန်မှာကြားသည်။
 
 
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ယခုကော်မရှင်ကို ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ရေးအဖွဲ့က တင်ပြလာသည့် ကော်မရှင်အဖွဲ့ဝင်လောင်းများထဲမှ ထပ်မံစိစစ်၍ ရွေးချယ် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ် တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးသည် ရှေ့တန်းသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့်ပတ်သက် ၍ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ပါရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ကျင့်သုံးမှုအားနည်း ၍ နိုင်ငံသားများရရှိခံစားမှုလည်း နည်းပါးပါကြောင်း၊ ထို့အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများဆိုပြီး ပါရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယခုကော်မရှင် အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး နိုင်ငံသူ နိုင်ငံ သားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်၊ ဗဟုသုတ ကြွယ်ဝအောင်၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက် နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊
ထို့ပြင် ရဲစခန်း၊ ရဲအချုပ်စခန်း၊ ရဲဘက်စခန်းနှင့် အကျဉ်း စခန်း၊ အကျဉ်းထောင်များ၊ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများကို စနစ်တကျ ကြည့်ရှုစစ်ဆေးသွားရန် လိုအပ်ပါကြောင်း။
 
 
အပြန်အလှန်ဆက်နွှယ်နေ
 
လူ့အခွင့်အရေး၏ ထူးခြားသော ဝိသေသများမှာ တစ်ကမ္ဘာလုံးရှိ လူသားအားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ တစ်ဦးမှတစ်ဦးမလွှဲပြောင်းနိုင် သည့် အခွင့်အရေးဖြစ်ပါကြောင်း၊ အမျိုးသား၊ အမျိုးသမီး၊ အသားအရောင်၊ လူမျိုးဟူ၍ မခွဲခြားနိုင်သည့် အခွင့်အရေး ဖြစ်ပါကြောင်း၊ အပြန်အလှန်ဆက်နွှယ်နေသော အခွင့် အရေး ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးအမှီသဟဲပြုနေသည့် အခွင့်အရေးလည်း ဖြစ်ပါကြောင်း။
 
 
လူ့အခွင့်အရေးသည် ယခုနိုင်ငံတော်က တည်ဆောက် နေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေးနှင့်လည်း ဆက်စပ်နေပါကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးသည် သုံးပွင့်ဆိုင် ချိတ်ဆက်နေပါကြောင်း၊ တစ်ခုချိုးဖောက်ခံရပါက အခြားနှစ်ခုပါ ချိုးဖောက်ခံရခြင်းဖြစ်ပါကြောင်း၊ လူ့အခွင့် အရေးကို ကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက် နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေး တို့ပါ ကျွဲကူးရေပါ အလိုလိုထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူး ဂရုစိုက် ထိန်းသိမ်းပေးစေလိုပါကြောင်း လမ်းညွှန် မှာကြားသည်။
 
 
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အနေဖြင့် လူ့အခွင့် အရေးနှင့်ပတ်သက်၍ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာသန်းမြင့်၊ ဦးကျော်မြင့်၊ ဒေါက်တာ တင်မောင် မောင်သန်းနှင့် ဦးပေါ်လွင်စိန်တို့က ကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
 
 
အသိပညာပေးဆောင်ရွက်ရန်လို
 
နိုင်ငံတော်သမ္မတက တင်ပြချက်များအပေါ် ကော်မရှင် ၏ လုပ်ငန်းတာဝန်များသည် ကျယ်ပြန့်နက်ရှိုင်းပါကြောင်း၊ ပြည်သူပြည်သားများ ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက်လိုက်နာစေရန် အသိပညာပေးဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေးကို အဆင့်ဆင့်တိုးတက်ပြောင်းလဲလာရန်၊ နိုင်ငံသူနိုင်ငံသားများ၏ အခွင့်အရေးများကို ရရှိခံစားနိုင် ရေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
 
 
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးမင်းသူ၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဦးကျော်စိုး၊ ဒေါက်တာ သန်းမြင့်၊ ဒေါ်နုနုယဉ်၊ ဒေါက်တာ တင်မောင် မောင်သန်း၊ ဒေါက်တာမြင့်သူမြိုင်၊ ဦးတင်အောင်၊ ဒေါ်တင်ကြည်ဦးနှင့် ဦးကျော်မြင့်တို့ တက်ရောက် ကြသည်။
 
သတင်းစဉ်