
စာချစ်သူ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး မရမီကတည်းက မြန်မာအပါအဝင် အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အသင်းအဖွဲ့အနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်ဟူသော သဘောထားရပ်တည်ချက်ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် လွတ်လပ်စ မြန်မာပြည်၏ ဝန်ကြီးချုပ်ဦးနုနှင့် ဖဆပလခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးမျက်နှာစာကို လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒအဖြစ် ပုံဖော်၍ နိုင်ငံတိုင်းအား မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့၏။
မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီး
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံကြီးများနှင့်ယှဉ်လျှင် နိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်သော်လည်း အာရှနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်ပြီး ပထဝီနိုင်ငံရေးအရ မဟာ ဗျူဟာကျကျတည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကတစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများကြားတွင် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကဏ္ဍ၌ အစဉ်အလာကြီးမားခဲ့သည်က တစ်ကြောင်းကြောင့် ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံအပေါ် အလေးထားခဲ့ကြရ၏။ မြန်မာ့အသံသည် ဒေသတွင်း၌ ဩဇာကြီးမားခဲ့၏။ ကမ္ဘာသို့တိုင် ပေါက်ရောက်ခဲ့၏။
အမေရိကန်၊ ဆိုဗီယက်၊ ဥရောပ၊ အာရှနိုင်ငံကြီးများသာမက ဒေသ တွင်း အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့်ပါ မြန်မာသည် မိတ်ဝတ် မပျက် ချစ်ကြည်ရင်းနှီးခဲ့ပါသည်။ ကူးလူးဆက်ဆံမှုများစွာ ရှိခဲ့သည်။ ဆိုရလျှင် ထိုခေတ် ထိုအခါက မြန်မာတို့၏သံခင်း တမန်ခင်း သံတမန် ဆက်ဆံရေးကဏ္ဍသည် ဒေသတွင်း၌ ဦးဆောင်ကဏ္ဍအဆင့်ဖြစ်ခဲ့သည်။
၁၉၅၅ ခုနှစ် နှစ်လယ်တွင် ဝန်ကြီးချုပ်ဦးနုသည် အစ္စရေး၊ ယူဂို ဆလားဗီးယား၊ အင်္ဂလန်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သို့ ချစ်ကြည် ရေးခရီးထွက်ခဲ့သည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂူရီယန်၊ ယူဂို ဆလားဗီးယား သမ္မတ မာရှယ်တီးတိုးတို့နှင့် တွေ့ဆုံခဲ့သည်။ အင်္ဂလန် နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်သောအခါ ထိုစဉ်က ဝန်ကြီးချုပ် ဆာအင်ထော်နီအင်ဒင်၊ ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီတို့နှင့် တွေ့ဆုံခဲ့သည်။ ဆာဝင်စတန်ချာချီက ဝန်ကြီးချုပ်ဦးနုကို လက်ဆွဲ နှုတ်ဆက်ရင်း “တို့ရဲ့ ရန်ဟောင်းတွေကို မြေကြီးထဲမြှုပ်ပစ်လိုက်ကြ ပါစို့ (Let us bury our old animosities)”ဟု ပြောခဲ့သည်။
ဝန်ကြီးချုပ်ဦးနု ဝါရှင်တန်သို့ရောက်သောအခါ ထိုစဉ်က သမ္မတ အိုင်စင်ဟောင်ဝါနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်စစ်မှုထမ်းဟောင်းအသင်း ကို မြန်မာပြည်သူလူထုကိုယ်စား မြန်မာအစိုးရက ဒေါ်လာငွေ တစ်သောင်းလှူဒါန်းခဲ့သည်။
ထိုလှူဒါန်းမှုသည် အမေရိကန်သတင်းမီဒီယာများအတွက် သတင်းထူးတစ်ပုဒ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်က နိုင်ငံရပ်ခြားက အစိုးရခေါင်းဆောင်အများစုသည် ဝါရှင်တန်သို့ သာလျှင် အမေရိကန်အစိုးရထံမှ ငွေနှင့်တခြားအကူအညီများစွာကို လက်ဖြန့်တောင်းခံခဲ့ကြပြီး ဝန်ကြီးချုပ်ဦးနုကမူ အမေရိကန်အစိုးရထံ မည်သည့်အကူအညီမျှမတောင်းဆိုဘဲ အလှူငွေပင် ပြန်ထည့်ခဲ့ ၍ဖြစ်သည်။
ဝန်ကြီးချုပ်ဦးနုသည် ဝါရှင်တန်သို့ရောက်ရှိစဉ်အတွင်း National Press Club ၌ မြန်မာအစိုးရ၏ တည့်မတ်စွာကြားနေရေးဝါဒအကြောင်း ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီး ဒါးလက်စ်နှင့်တွေ့ဆုံရာတွင် အမေရိကန်အစိုးရက တရုတ် ပြည်ကို အမြန်ဆုံးအသိအမှတ်ပြုနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ သည်။
၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဦးနုသည် ဆိုဗီယက်ယူနီယံသို့ ချစ်ကြည်ရေးခရီးထွက်ခဲ့သည်။ ထိုစဉ်က ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ခရူးရှက်နှင့် တွေ့ဆုံသည်။ အပြန်အလှန်အားဖြင့် ခရူးရှက်နှင့်ဝန်ကြီးချုပ် ဘူလ်ဂယ်နင်တို့သည် ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်သို့ ချစ်ကြည်ရေးခရီး အလည်အပတ် လာရောက်ခဲ့ကြသည်။
အပြန်အလှန် သွားရောက်လည်ပတ်
မြန်မာသည် ထိုခေတ် ထိုအခါကတည်းက ဒေသတွင်းနိုင်ငံများ နှင့်လည်း မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဆက်ဆံခဲ့သည်။ အိမ်နီး ချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တောင်ဗီယက်နမ်၊ သီဟိုဠ် (ယခုသီရိလင်္ကာ)၊ ပါကစ္စတန်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံ၍ အပြန်အလှန် သွားရောက်လည်ပတ်ခဲ့ကြသည်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့နှင့် ဆက်ဆံရေးတွင် မြန်မာသည် အထူးအလေးထား လုံ့လဝီရိယစိုက်၍ ချစ်ကြည်ရေးမဏ္ဍိုင်ကို အုတ်မြစ်ချတည်ဆောက်ခဲ့ ၏။
မြန်မာ၊ တရုတ်၊ အိန္ဒိယတို့သည် နယ်နိမိတ်ချင်းထိစပ်မှုအများဆုံး ရှိခဲ့ကြသည့် နိုင်ငံများဖြစ်ရုံမက ပါဆင်နယ်ဒီပလိုမေစီသဘောအရ လည်း အိန္ဒိယမှ ပဏ္ဍစ်နေရူး၊ တရုတ်မှ ဥက္ကဋ္ဌကြီး မော်စီတုံး၊ ဝန်ကြီး ချုပ် ချူအင်လိုင်း စသည့်နိုင်ငံ့ခေါင်းဆောင်များနှင့်ဝန်ကြီးချုပ် ဦးနု တို့သည် ပုဂ္ဂိုလ်ရေးအားဖြင့် များစွာခင်မင်ရင်းနှီးခဲ့ကြသည်။
ထိုသို့ နိုင်ငံ့ခေါင်းဆောင်များအချင်းချင်း ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှုများနှင့် သမိုင်း၏ တောင်းဆိုမှုများကြောင့် ၁၉၅၄ ခုနှစ်တွင် မြန်မာ၊ တရုတ်၊ အိန္ဒိယတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်ကို လိုက်နာကျင့်သုံးကြရန် ပူးတွဲကြေညာနိုင်ခဲ့ကြသည်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး
“တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှုမပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စ များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ နှစ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး” ဟူသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ(၅)ရပ်သည် ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးတွင် စံနမူနာတစ်ရပ် ဖြစ်စေခဲ့သည်။ ယနေ့အချိန်အထိ နိုင်ငံများအချင်းချင်းဆက်ဆံရေးတွင် အခြေခံမူကြီးအဖြစ် တည်ရှိနေ လေသည်။
ဝန်ကြီးချုပ် ဦးနုက အဆိုပါငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့် ပတ်သက်၍ ၁၉၅၆ ခုနှစ် အောက်တိုဘာလက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ် အတွင်း မိန့်ခွန်းပြောကြားရာ၌ “ရှေးဦးစွာ တစ်ဦးရဲ့နယ်မြေနဲ့ အချုပ်အခြာအာဏာကို အခြားတစ်ဦး က ရိုသေလေးစားရေးဆိုတဲ့မူကို ကျွန်တော်ရှင်းပြပါရစေ။ ခပ်ရှင်းရှင်း ပြောရရင် မြန်မာတွေဟာ တခြားလူမျိုးတွေက သူတို့ကိုလာရောက် ချုပ်ချယ်စိုးမိုးတာဆိုရင် တိုက်ရိုက်စိုးမိုးတာပဲဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့ နည်းနဲ့ စိုးမိုးတာပဲဖြစ်ဖြစ် အလွန်အမင်း အပြင်းအထန်မုန်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို အခြားတစ်နိုင်ငံက စိုးမိုးအုပ်ချုပ်ဖို့ ကြိုးစားလာရင် အဲဒီကြိုးစားမှုကို ကျွန်တော်တို့ခုခံမယ်။ တရုတ်တွေ လည်း သူတို့ရဲ့ လွတ်လပ်ရေးကို အခြားနိုင်ငံတစ်ဦးဦးက ချုပ်ချယ် လာမယ်ဆိုရင်လည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ခုခံကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုစိုးမိုးချုပ်ချယ်တာကို လက်ကိုင်တုတ်တွေ၊ နောက်လိုက်တွေမှသာ လက်ခံကြမှာပဲ” ဟု ပြောသည်။
ထို့အပြင် “မြန်မာနိုင်ငံဟာ အငယ်ဆုံးနိုင်ငံကလေးတွေထဲမှာ ပါဝင်တဲ့ နိုင်ငံကလေး ဖြစ်ပါတယ်။ ဒီလိုငယ်ပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံတကာနဲ့မိတ်ဆွေအဖြစ်သာ ပေါင်းချင်တယ်။ ကမ္ဘာပေါ်မှာ အင် အားအကြီးမားဆုံးဆိုတဲ့နိုင်ငံကြီးတွေရဲ့ နောက်လိုက် အဖြစ်နဲ့တော့ မလိုက်ချင်ဘူး။ အခုပြောခဲ့တဲ့မူကြီး ငါးမူကို ကျွန်တော်တို့တစ်တွေ ရိုးရိုးသားသား စင်စင်ကြယ်ကြယ်ကြီး ကျင့်သုံးကြမယ်ဆိုရင် တရုတ် နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တစ်ဦးနဲ့တစ်ဦး ရန်တွေဖြစ်၊ မယုံသင်္ကာစိတ် တွေ မွေးနေကြတဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာအောင်၊ စည်ပင် ဝပြောတဲ့ကမ္ဘာကြီးအဖြစ်သို့ရောက်သွားအာင် လုပ်ပေးနိုင်တဲ့ နိုင်ငံ တွေအဖြစ်နဲ့ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းအတင်ခံရမယ်ဆိုတာ ကျွန်တော်ကြေညာလိုက်ပါတယ်”ဟု မိန့်ကြားခဲ့သည်။
ကမ္ဘာကိုဝင်ဆံ့
မြန်မာ၏ သံတမန်ရေးရာ သံခင်းတမန်ခင်းကဏ္ဍသည် ထိုခေတ် ထိုအခါကာလကတည်းက ကျင့်ဝတ်သိက္ခာရှိစွာ လူကြီးလူကောင်း တစ်ဦးဆန်ခဲ့ပါသည်။ သို့ကြောင့်လည်း မြန်မာသည် ဒေသတွင်းနိုင်ငံ များထဲတွင် ဩဇာကြီးမားခဲ့သည်။ ရှေ့ဆောင်လမ်းပြ ဦးဆောင်နိုင်ခဲ့ သည်။ ဆိုရလျှင် ကမ္ဘာကိုဝင်ဆံ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို နိုင်ငံရေးစနစ်မတူညီ သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။
မည်သည့်နိုင်ငံကြီးများ၏ လောင်းရိပ်မှမရှိ။ လွတ်လပ်၍ တက်ကြွ သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ အိမ်နီးချင်းကောင်းပီသစွာ မိတ်ဝတ် မပျက် ဆက်ဆံရေးထူထောင်ရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ၏ထိုသို့အသိအမှတ်ပြု သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှုသည် အခြားနိုင်ငံများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသစ်ကို အသိ အမှတ်ပြုရန် ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့သည်။
ထို့အတူ ၁၉၆၀ ပြည့်နှစ်တွင် မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်နိမိတ် သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် သမိုင်းဝင်ဆောင်ရွက် ချက်ကလည်း အခြားသော ကမ္ဘာ့နိုင်ငံများအနေဖြင့် အိမ်နီးချင်းနိုင်ငံ များနှင့် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ရှေ့ဆောင်လမ်း ပြဖြစ်ခဲ့သည်။
တရုတ်- မြန်မာ နယ်ခြားပြဿနာကို ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် ဦးနုတို့သည် ၁၉၅၆ ခုနှစ် အောက်တိုဘာလကုန်ခန့်မှစ၍ စတင် ဆွေးနွေးခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ် နေဝင်းတို့က နယ်နိမိတ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနှင့်အိန္ဒိယတို့၏ နှစ်နိုင်ငံဆက်ဆံရေးကမူ ပုဂ္ဂိုလ်ခင်မှ တရားမင်သည် ဆိုသည့်အတိုင်း အထူးချစ်ကြည်ရင်းနှီးခင်မင်ခဲ့ကြသည်။ ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးချုပ် ပဏ္ဍစ်နေရူးတို့သည် လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက ပတ်သက် ဆက်နွှယ်မှုများ ရှိခဲ့ကြ သည်။
ဝန်ကြီးချုပ် ဦးနုသည် နယူးဒေလီသို့ အနည်းဆုံးတစ်နှစ် တစ်ကြိမ် သွားရောက် လည်ပတ်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးအစဉ် အလာအရ နိုင်ငံတစ်နိုင်ငံ၏ သမ္မတဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ ဝန်ကြီးတစ်ဦးဖြစ်စေ တခြားနိုင်ငံသို့သွားရောက် လည်ပတ်လိုလျှင် နိုင်ငံခြားအစိုးရတစ်ရပ်ရပ်၏ ဖိတ်ကြားချက်၊ ခွင့်ပြုချက်ရမှ အလည် အပတ်ခရီး သွားရောက်ရခြင်းဖြစ်သော်လည်း ဝန်ကြီးချုပ် ဦးနုမှာမူ နယူးဒေလီသို့ ဘယ်နေ့၊ ဘယ်လမ်းက လာမည်ဟုသာ ဝန်ကြီးချုပ် နေရူးထံ စာရေးပြီး ခရီးသွားဟန်လွဲသွားတတ်သည်။ ဦးနုသည် နယူးဒေလီသို့ ရောက်စဉ်အတွင်း ပဏ္ဍစ်နေရူးနေအိမ်တွင်များသော အားဖြင့် တည်းခိုနေထိုင်လေ့ရှိသည်။
မြန်မာသည် ထိုသို့အိမ်နီးချင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရေးကို ထူထောင်ခဲ့ကြရုံမက ကမ္ဘာ့မိသားစု ဝင် အသင်းအဖွဲ့အစည်းများနှင့်လည်း ထိတွေ့ဆက်ဆံခဲ့သည်။
ကမ္ဘာ့မိသားစုအသိုက်အဝန်းဖြစ်သည့် ကုလသမဂ္ဂအဖွဲ့တွင်လည်း မြန်မာသည် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သည်။ မြန်မာ၏မှန်ကန် ဖြောင့်မှန်သော စိတ်နေစိတ်ထား၊ ချစ်သူကို သာစေ၊ မုန်းသူကိုနာစေ ဆိုသော ဘက်လိုက်မှုမရှိ၊ တရားသဖြင့်သာ ရပ်တည်ခဲ့သည့် အစဉ် အလာကြောင့် မြန်မာနိုင်ငံသား ဦးသန့်သည် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အဖြစ်ပင် ရွေးချယ်ခံခဲ့ရသည်။ ဦးသန့်မတိုင်မီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်(ခ်)ဟန်းမားရှိုးခေတ်ကတည်းက မြန်မာသည် ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
မြန်မာ့အခက်အခဲကို မျက်ကွယ်ပြု
ဝန်ကြီးချုပ် ဦးနုသည် အမေရိကန်ခရီးစဉ်အတွင်း ကုလသမဂ္ဂဌာန ချုပ်သို့ သွားရောက်လည်ပတ်ခဲ့ရာ အတွင်းရေးမှူးချုပ် ဒက်(ခ်)ဟန်းမားရှိုးက နေ့လယ်စာဖြင့် ဧည့်ခံခဲ့သည်။ သို့ရာတွင် တရုတ်ဖြူ
ကျူးကျော်မှုဖြစ်စဉ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးများသည် ၎င်းတို့ ၏ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒလမ်းစဉ်အရ ကုလသမဂ္ဂကို အကာအကွယ်ပြု၍ မြန်မာ့အခက်အခဲကို မျက်ကွယ်ပြုခဲ့ဖူးလေသည်။
မြန်မာသည် ဒေသတွင်း ယခုအာဆီယံအဖွဲ့မပေါ်ပေါက်ခင် ကတည်းက ကမ္ဘာ့မိသားစုအသင်းအဖွဲ့နိုင်ငံများ၏ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့တွင် ကျင်းပသည့် ကိုလံဘိုငါးနိုင်ငံညီလာခံ၊ ဘန်ဒေါင်းညီလာခံ၊ ၁၉၆၁ ခုနှစ်အတွင်းက ဘဲလ်ဂရိတ်မြို့တွင်ကျင်းပသည့် ဘက်မလိုက်ညီလာခံ တို့တွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့သည်။
ဘိုဂေါညီလာခံတွင် အာဖရိကနှင့် အာရှနိုင်ငံပေါင်းစုံညီလာခံ တစ်ခုကို ၁၉၅၅ ခုနှစ် ဧပြီလတွင်ကျင်းပရန် အဆိုတင်သွင်းကြရာ နိုင်ငံများဖိတ်ကြားရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးချုပ် အာမစ်ဂျိုဂျိုက အစ္စရေးနိုင်ငံကို မဖိတ်ချင်ဘူးဟုဆိုသည်။ ဝန်ကြီးချုပ် ဦးနုက “အစ္စရေးနိုင်ငံဟာ အာရှတိုက်ထဲက နိုင်ငံတစ်နိုင်ငံပဲ၊ သူ့ကို ဘာဖြစ်လို့ မဖိတ်ဘဲထားရမလဲ”ဟု မေးသည်။ “အစ္စရေးကိုသာ ဖိတ်လိုက်ရင် အင်ဒိုနီးရှားမှာ သူပုန်ထကုန်လိမ့်မယ်။ အဲဒါကြောင့် အစ္စရေးကို ဖိတ်အောင်မတိုက်တွန်းဖို့ ဦးနုကို ကျွန်တော် တောင်းပန် ပါတယ်”ဟု ဝန်ကြီးချုပ် အာမစ်ဂျိုဂျိုကပြောသည့်အတွက် ဦးနုက အစ္စရေးကိစ္စဆက်မပြောတော့၍ အစ္စရေးကိုမဖိတ်ဘဲထားဖို့ အတည် ဖြစ်ခဲ့သည်။
တစ်ဖန် ပါကစ္စတန်ဝန်ကြီးချုပ် မာမက်အလီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို မဖိတ်ဘဲထားဖို့ အဆိုတင်သွင်းပြန်သည်။ ထိုအခါ ဝန်ကြီးချုပ် ဦးနုက “တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားရင် အာဖရိကနဲ့ အာရှနိုင်ငံများညီလာခံကို တာဝန်ခံဖိတ်ခေါ်မယ့် ကိုလံဘို ငါးနိုင်ငံအဖွဲ့က မြန်မာနိုင်ငံနုတ်ထွက်မယ်”ဟု တုံးတိကြီးကြေညာ လိုက်သည့်အတွက် ဝန်ကြီးချုပ် မာမက်အလီသည် သူ့အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။
ဘဲလ်ဂရိတ်မြို့တော်တွင် ကျင်းပသည့် ဘက်မလိုက်နိုင်ငံများ ညီလာခံတွင်လည်း ထုတ်ပြန်ချက်အကြမ်းတွင် အစ္စရေးနိုင်ငံနှင့် ပတ်သက်၍ တစ်ဖက်စောင်းနင်းရေးသားမှုများ ပါဝင်ခဲ့၍ မြန်မာက အပြင်းအထန်ကန့်ကွက်ခဲ့ရသည်။
တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံရေးမူဝါဒလမ်းစဉ် ပြောင်းလဲသွားခဲ့သော်လည်း နိုင်ငံတကာဆက်ဆံရေးသံခင်း တမန် ခင်းကဏ္ဍတွင် မိတ်ဝတ်မပျက် ဂုဏ်သိက္ခာရှိရှိရပ်တည်ခဲ့သည်။
ဩဇာတက္ကမကြီးမားခဲ့
ထိုစဉ်က နိုင်ငံတော်သမ္မတနှင့် လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်း သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တစ်ဦးဖြစ်ရုံမက ဒေသတွင်း သက်တမ်းရင့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၍ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန် ရေးရာကိစ္စများတွင် ဩဇာတက္ကမကြီးမားခဲ့သည်။
သို့ရာတွင် အရှေ့အုပ်စု၏ လွန်ဆွဲမှုများကြောင့် ၁၉၇၉ ခုနှစ်တွင် ဘက်မလိုက်နိုင်ငံများအသင်းမှ နုတ်ထွက်ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမနီ စသော ဥရောပနိုင်ငံများနှင့် မိတ်ဝတ် မပျက်ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ ချစ်ကြည်ရေးခရီးလည်ပတ်မှု များ ကြိမ်ဖန်များစွာရှိခဲ့သည်။
အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်များဖြစ်သည့် မော်စီတုံး၊ ချူအင်လိုင်း၊ တိန့်ရှောင်ဖိန်တို့နှင့်မူ ခေတ်ပြိုင်ခေါင်းဆောင် များဖြစ်ခဲ့၍ အပြန်အလှန် လေးစားမှု ရှိခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင် များ အပြန်အလှန်ချစ်ကြည်ရေးခရီးလည်ပတ်မှုများရှိခဲ့သည်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံဆက်ဆံရေးတွင်လည်း တစ်ချိန်က ဝန်ကြီးချုပ် ပဏ္ဍစ်နေရူး၏သမီး ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီနှင့် အထူး ရင်းနှီးခင်မင်ခဲ့ကြသည်။ အင်ဒီရာဂန္ဒီ လုပ်ကြံခံလိုက်ရသောအခါ ဦးနေဝင်းသည် ၁၉၈၄ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့သို့သွားရောက်ပြီး ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချပြီး ဆုတောင်း ပေးခဲ့လေသည်။
အင်ဒီရာဂန္ဒီ၏ သင်္ချိုင်းဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချစဉ် ဦးနေဝင်းသည် စိတ်ထိခိုက်၍ မျက်ရည်များယိုစီးကျခဲ့ရှာသည်။ အင်ဒီ ရာဂန္ဒီ မြန်မာနိုင်ငံသို့လာရောက်စဉ်က နှစ်ခြိုက်စွာ သုံးဆောင်ခဲ့သော မင်းကွတ်သီးများပါဝင်သည့်သစ်သီးခြင်းအား ဂူဗိမာန်၌ တင်လျက် တုန်ရီသောအသံဖြင့် “ချစ်ခင်လေးစားရသော အင်ဒီရာ - သင်ယခုလို တုန်လှုပ်ချောက်ချားဖွယ် သေဆုံးရခြင်းသည် သံသရာမှာနောက်ဆုံးအကြိမ်ဖြစ်ပါစေ။ အသင်ရောက်နှင့်သော ဘဝမှာလည်း ပျော်ရွှင် အေးချမ်းမှု တွေ့ရှိပါစေ။ အတိတ်ဘဝက ကြုံခဲ့ ရသော ကံကြမ္မာမျိုးမှ လည်း လွတ်မြောက်နိုင်ပါစေ”ဟူ၍ ဆုတောင်းပေးခဲ့သည်။
ထိုခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ သမ္မတကြီး Gail Singh သည် ဦးနေဝင်းအား သမ္မတအိမ်တော်၌ သီးသန့်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံသည်မှာ တစ်လပင် မပြည့်သေးသည့် အင်ဒီရာဂန္ဒီ၏ သားဖြစ်သူ ရာဂျစ်ဂန္ဒီအား ဦးနေဝင်း ထံ အပ်နှံသည်။ “အဆွေတော်ဟာ သူတို့ရဲ့ မိသားစုမိတ်ဆွေမို့ ရာဂျစ်ကို တူလို သားလို သဘောထားပြီး စောင့်ရှောက်ပေးပါ”ဟု အိန္ဒိယသမ္မတကြီးက ပြောခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ (န၀တ) အစိုးရခေတ်ကာလတွင်မူ အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့နှင့် ဆက်ဆံရေး အဖုအထစ်များ ရှိခဲ့သော်ငြား ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံး လာခဲ့ သည့်အတွက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအရ ကမ္ဘာ့နိုင်ငံများ၊ ဒေသ တွင်း အာရှနိုင်ငံများနှင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ခိုင်မာခဲ့သည်။
ဆက်ဆံရေးတိုးမြှင့်နိုင်ခဲ့
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ခေတ်တွင်မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံရေးသည် မဟာ ဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ရုရှားနိုင်ငံနှင့် လည်း ဆက်ဆံရေး တိုးမြှင့်နိုင်ခဲ့သည်။ ဒေသတွင်းဆက်ဆံရေးအရမူ စစ်အေးတိုက်ပွဲအပြီး ခေတ်၏တောင်းဆိုမှုအရ ၁၉၉၇ ခုနှစ်တွင် မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးများကို မပျက်မကွက် တက်ရောက် ခဲ့ပြီး အာဆီယံပဋိညာဉ်နှင့်အညီ မူလဘူတကတည်းက ကိုင်စွဲထား သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကိုလေးစားမှုနှင့်အတူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဒေသ၏ အကျိုးစီးပွားကိုသာ အလေးထား၍ တက်ကြွလှုပ်ရှားစွာ ပါဝင် ဆွေးနွေးခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့အစည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်ခဲ့သော ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရခေတ်တွင်မူ မြန်မာ၏ နိုင်ငံတကာဆက်ဆံရေးသည် ဖဆပလ ခေတ်အစိုးရခေတ်ကာလကဲ့သို့ တစ်ကျော့ပြန် အထူးအောင်မြင်ခဲ့လေ သည်။
အထူးသဖြင့် ဆယ်စုနှစ်နှစ်ခုမက မြန်မာ- အမေရိကန်အကြား အေးခဲနေသောဆက်ဆံရေးသည် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် တွင် ပြန်လည်အသက်ဝင် ရှင်သန်ခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သော (၁၉)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်း အဝေးများတွင် သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ပထမဆုံး ထိတွေ့ဆက်ဆံခဲ့သည်။
ထို့နောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့်အဖွဲ့ နေပြည်တော်သို့ လာရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မစ္စဟီလာရီကလင်တန်မှတစ်ဆင့် “နှစ်နိုင်ငံ ဆက်ဆံ ရေးအတွက် ခြေလှမ်းသစ်လှမ်းနိုင်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိ လာမည်ဟု မိမိတို့အားလုံး မျှော်လင့်ထားကြောင်း” ကိုယ်ရေးစာ တစ်စောင်ပေးပို့ရေးသားခဲ့သည်။
ဟီလာရီကလင်တန်၏ ခရီးစဉ်သည် လွန်ခဲ့သည့် ၅၆ နှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သမ္မတ ဦးသိန်းစိန်၏ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်လာရောက်ခဲ့ခြင်းဖြစ်သည်။
သမ္မတ ဘားရက်အိုဘားမား၏ ယခုခရီးစဉ်သည် မြန်မာနှင့် အမေရိကန်နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်နိုင်မှုအတွက် အလွန်အရေးပါသော တုံ့ပြန်မှုကို ထင်ဟပ်ပြသခြင်းဖြစ်သည်။ မြန်မာ-အမေရိကန်ဆက်ဆံရေးထူထောင်နိုင်ရေးအတွက် အမေရိကန် ၏လုပ်ဆောင်ချက်ခြေလှမ်းများကို စောင့်ကြည့်နေကြသော ဥရောပ သမဂ္ဂနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ဆက်ဆံရေးအနေအထားမှာလည်း အကြီးအကျယ်ပြောင်းလဲတိုးတက်လာခဲ့သည်။
သွေးထွက်သံယို အနိဋ္ဌာရုံများဖြင့် ဝရုန်းသုန်းကားပြောင်းလဲ ခဲ့သော အာရပ်နွေဦး လှုပ်ရှားမှုနှင့်မတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းခဲ့သော မြန်မာ့နွေဦး သည် ကမ္ဘာ့နိုင်ငံများအတွက် စံပြုစရာမော်ဒယ်တစ်ရပ် ဖြစ်လာသည်။ မြန်မာသည် ကမ္ဘာတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်လာသည်။
၂၀၁၆ ခုနှစ် NLD အစိုးရသစ်လက်ထက်တွင်မူ မြန်မာ၏နိုင်ငံတကာ ဆက်ဆံရေး သံခင်းတမန်ခင်းကဏ္ဍသည် ပြောင်းပြန်အချိုး သက်ရောက်သွားသည်။ အိမ်နီးချင်း တရုတ် အပါအဝင် အာရှနိုင်ငံကြီး များနှင့် အစဉ်အလာမပျက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက် ထူထောင်နိုင်ခဲ့သော်လည်း ဗြိတိန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာမူ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ဆက်စပ်၍ အဖုအထစ် များပေါ်ပေါက်လာသည်။ ICJ အမှုအခင်းကိစ္စများဖြင့် ရှုပ်ထွေး လာသည်။ တစ်ချိန်က အတိုက်အခံပါတီ ခေါင်းဆောင်အား ပေးအပ် ချီးမြှင့်ခဲ့သော ဆုတံဆိပ်အချို့ကိုပြန်လည်ရုပ်သိမ်းခဲ့ကြသည်။ အမေ ရိကန်သမ္မတအသစ် ထရန့်ကလည်း မြန်မာ့ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအပေါ် သမ္မတအိုဘားမားကဲ့သို့ အလေးမထားခဲ့ချေ။ ကမ္ဘာတွင် အမေရိကန် ပထမဖြစ်ရေးအတွက်သာ အလေးထား စဉ်းစားဆုံးဖြတ်ခဲ့သည်။
အမှန်တကယ်အားဖြင့်မူ အရပ်သားအစိုးရစစ်စစ်ဖြစ်သော NLD အစိုးရသစ်ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးများသည် သမ္မတ ဦးသိန်းစိန်အစိုးရထက် ပိုမိုနီးကပ်စွာ ပံ့ပိုးကူညီထိတွေ့ ဆက်ဆံကြရမည့်အစား ဒီမိုကရေစီအရေးထက် လူ့အခွင့်အရေးကို အလေးထား၍ ဖိအားပေးဆက်ဆံခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မြန်မာ့နိုင်ငံရေးအပြောင်း အလဲနှင့်အတူ ပေါ်ပေါက်လာသော မျက်မှောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရလက်ထက်တွင်လည်း အမေရိကန်နှင့် အနောက်နိုင်ငံကြီးများသည် မြန်မာကို ဆက်လက် ဖိအားပေးဆက်ဆံမှုများဖြင့်သာ ဆက်ဆံလျက်ရှိသည်။ သည်တစ်ခါ တွင်မူ ဒီမိုကရေစီအရေးဟု ခေါင်းစဉ်တပ်ပြန်သည်။ ကုလသမဂ္ဂ အဖွဲ့အစည်းသာမက ဒေသတွင်း အာဆီယံအသင်းတို့မှတစ်ဆင့်လည်း ဖိအားပေးလာကြသည်။
သို့ရာတွင် မြန်မာသည်မိတ်ဆွေကောင်းများဖြစ်သည့် တရုတ်၊ ရုရှားနိုင်ငံကြီးများ၏ ပူးပေါင်းကူညီမှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကြီး၏ တတိယလှိုင်းရိုက်ခတ်မှုကို အရှိန်အဟုန် ရပ်တန့်ကျဆင်း သွားစေရန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပေသည်။
နိုင်ငံတကာဆက်ဆံရေး သံတမန်ရေးရာကဏ္ဍတွင်လည်း မြန်မာ သည် မူလဘူတကတည်းက ခိုင်မာစွာရပ်တည်ခဲ့သော လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ မိတ်ဝတ်မပျက်၊ စိုသောလက် မခြောက်စေရ၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေရ ဆိုသည့် အတိုင်း သိက္ခာရှိရှိ လူကြီးလူကောင်းဆန်ဆန် ဆက်လက် ရပ်တည်မြဲ ရပ်တည်လျက်ရှိသည်။ အမေရိကန်နှင့် အနောက်နိုင်ငံကြီးအချို့ ယခု ကျယ်ကျယ်လောင်လောင်အကြောင်းပြပြောဆိုနေကြသည့် မြန်မာ့ ဒီမိုကရေစီအရေးအတွက်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆက်လက်လျှောက်လှမ်းလျက်ရှိနေကြောင်း တင်ပြလိုက် ရပါသည်။ ။
ကိုးကား - ဦးနု၏ တာတေစနေသား။
စိုးသိန်း၏ ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်
- Log in to post comments