
ကသ- ၂၃ (ဇေယျ -၁၀၂)
စာရေးသူဖေဖေရဲ့ စံနမူနာ၊ အတုယူစရာကောင်းတဲ့အချက်တစ်ခုကို မျှဝေပါရစေ။ ထမင်းစားပွဲမှာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို လက်နဲ့ဆုပ် ပန်းကန်ထိပ်မှာ တင်ထားပြီးမှ အမြဲစားပါတယ်။ ရတနာသုံးပါးနဲ့ကျေးဇူးရှင်တွေကို ဦးချပြီးမှစားပါတယ်။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဂါရဝပြုတဲ့အနေနဲ့ပါ။
စာရေးသူလည်း လုပ်ငန်းခွင်ကို ဝင်ရောက်ပြီး နိုင်ငံ့ဝန်ထမ်းတွေကို စနစ်တကျလေ့ကျင့်ပေးတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်ကို မိမိဆန္ဒ အလျောက် တက်ရောက်ချင်လို့ တက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်း က ဦးစီးဌာနမှာ သင်တန်းမတက်ပေမယ့်လည်း နှစ်တိုးလစာ (increment) ရမယ်ဆိုတဲ့မူ ထွက်လို့ပြီးပါပြီ။ သီတင်းပတ် ၁၈ ပတ် (၄ လခွဲ) တက်ရောက်ရတဲ့သင်တန်းမှာ ထမင်းစားချိန်ရောက်တိုင်း မစားခင်မှာ ထမင်းစားသစ္စာဆိုပြီးမှ စားသောက်ရပါတယ်။ “ကျွန်ုပ်တို့ သည် နိုင်ငံတော်မှ ကျွေးမွေးသော ထမင်းနှင့်ဟင်းလျာများကို စားသောက်ရသည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပါမည်။” ကျွန်ုပ်အနေနဲ့ စံနမူနာယူခဲ့ရတဲ့ မိဘရဲ့ အလေ့အကျင့် ရှိပြီးဖြစ်တဲ့အတွက် ထမင်းသစ္စာကို လေးလေးနက်နက် ရွတ်ဆိုပြီးမှ စားခဲ့ပါတယ်။
ပြောင်းရွှေ့တာဝန်ထမ်းဆောင်
ဒီလိုနဲ့ နိုင်ငံ့ဝန်ထမ်းဆိုတော့ အချိန်ကျရင် အလှည့်ကျ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်းဆိုတဲ့ အမိန့်ကိုလက်ခံရရှိပါတယ်။ ဧရာဝတီ တိုင်းရဲ့ မြို့တော် ပုသိမ်မြို့ ဖြစ်ပါတယ်။ အဲဒီအချိန်က ကားလမ်းတွေ အဆင်ပြေချောမွေ့ခြင်း မရှိသေးပါ။ ကုန်းလမ်းပို့ဆောင်ရေးဌာနပိုင် RTC လို့ခေါ်တဲ့ ခရီးသည်တင် ထရပ်ကားကြီးတွေက ပုသိမ်- ရန်ကုန် ခရီးစဉ်တစ်ပတ်ကို နှစ်ကြိမ်လောက် ရှိပါတယ်။ ပုသိမ်က ပြန်လာရင် ဧရာဝတီမြစ်ကို စကော့ရွာ ကူးတို့ဆိပ်က တစ်ခါဖြတ်၊ လှိုင်သာယာရောက်တော့ လှိုင်မြစ်ကို ဇက် (z- craft ferry)နဲ့ ရေလမ်း ခရီးတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ ရန်ကုန်ကို ရောက်ပါတယ်။ ကုန်းလမ်းမသုံးရင် မော်တင်ဆိပ်ကမ်းကနေ ယခုခေတ် မော်တော် ဘုတ်သာသာ သင်္ဘောငယ်များ (ဗန္တက၊ ဗန္ဓုလ) တို့ကို ညနေပိုင်း ၃ နာရီလောက်မှာစီးပြီး တွံတေးတူးမြောင်းကြီးကိုဖြတ်၊ မြစ်ချောင်း အသွယ်သွယ်ကိုဖြတ်၊ နောက်နေ့နံနက် ၈ - ၉ နာရီ လောက်မှာ ပုသိမ်မြို့ဆိပ်ကမ်းကို ရောက်ရှိပါတယ်။ စာရေးသူက ရေမကူးတတ်ပါ။ သင်္ဘောပေါ်ကို ရောက်ကတည်းက ရတနာသုံးပါး၊ အနန္တောအနန္တ ငါးပါးကို အာရုံပြုပြီး ဘုရားစာတွေ ရွတ်သွားရပါတယ်။ ညပိုင်း ချောင်းတွေ၊ မြစ်တွေ ဖြတ်တဲ့အချိန်မှာ သင်္ဘောကုန်းပတ်ပေါ်ကို ထွက်ကြည့်တော့ မီးကလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ တံငါလှေ သေးသေးလေးတွေမှတစ်ပါး အပြင်မှာ ပိန်းပိန်းမှောင်နေပါတယ်။ (အဲဒီအချိန်တုန်းက နာဂစ်ဆိုတာကို ကြားတောင်မကြားဖူးသေးပါ။) ရန်ကုန်- ပုသိမ် အသွားအပြန်လုပ်ခဲ့ပေမယ့် မိုးလေ၊ မုန်တိုင်းအန္တရာယ် ကင်းဝေးခဲ့ပါတယ်။
ထမင်းစားသစ္စာ ဆိုနိုင်ကြပါစေ
စာရေးသူအနေနဲ့ နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာကို ကျေကျေ နပ်နပ် ဆိုခဲ့ပါတယ်။ အဲဒီအချိန်က စာသင်ပေးခဲ့ရတဲ့၊ ဆုံးမသွန်သင်ပေး ခဲ့ရတဲ့ တပည့်တွေအားလုံးကို လွမ်းလိုက်ပါဘိတော့၊ နော်ထီးဆရီးတို့၊ နော်ဘာဆိုးဂေးတို့ရေ ... အဆောင်က Dinner တွေမှာ “သဘာဝရဲ့ ရင်သွေးငယ်များ” သီချင်းကို အဖွင့်/ အပိတ် ဆိုခိုင်းခဲ့တာ၊ မင်းတို့ရဲ့ ရိုးရာဝတ်စုံ၊ သင်တိုင်းတွေကို ငှားဝတ်ပြီး အမြတ်တနိုး ဓာတ်ပုံရိုက်ခဲ့ ရတာတွေကို အမြဲသတိရနေပါတယ် ကလေးတို့ရေ။ မကြာသေးခင် နှစ်တွေက ပင်မတက္ကသိုလ်ကြီးမှာ ဘာသာရပ် မွမ်းမံသင်တန်းတစ်ခု လာတက်တဲ့ နိုင်ငံဝန်ထမ်း အရာထမ်းဖြစ်နေသူ တစ်ယောက်က ပြောပါတယ်။ သူတို့ကျောင်းတက်တုန်းက စာသင်ခန်းထဲမှာ စာရေးသူ အမြဲဆုံးမတတ်တဲ့ “တပည့်တို့ တစ်နေ့တစ်နေ့ မအိပ်ခင်မှာ စဉ်းစား ပါ၊ ငါသည် ယနေ့ကုသိုလ်၊ ပညာ၊ ဥစ္စာ ဘာရခဲ့လဲ” ဆိုတာကို သူတို့ အမြဲ မမေ့ပါကြောင်း ပြောခဲ့ပါတယ်။ ပီတိနဲ့အတူ ချစ်တပည့်တွေ ကောင်းကျိုးလိုရာ ဆန္ဒတွေ ပြည့်ဝကြပါစေ၊ နိုင်ငံ့ဝန်ထမ်း ထမင်းစား သစ္စာ ဆိုနိုင်ကြပါစေ။
ရန်ကုန်မှာ ပြန်လည်တာဝန်ထမ်းဆောင်နေတုန်း လေးနှစ်အကြာ၊ စာရေးသူ ကိုယ့်အလှည့် မရောက်သေးဘူးလို့ထင်နေချိန်မှာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အမိန့်စာကို ရရှိခဲ့ပါတယ်။ အဲဒီအချိန်က ကိုယ့်ရှေ့ကလူတွေ တန်းစီ ဇယားမှာရှိနေခဲ့ကြတာကိုသိပါတယ်။ ဘယ်လို ကိုယ့်အလှည့်ရောက် သွားပြီး transfer ပါသွားသလဲ တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါ တယ်။ သို့သော် မည်သည့် complaint မှ မတက်တော့ပါ။ ကျွန်ုပ်က နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာ ဆိုထားခဲ့သူကိုး၊ တာဝန်ကျရာ သွားရ မှာပေါ့လို့ စာရေးသူ၏ ဖေဖေက လမ်းညွှန်ပါတယ်။
အဲဒီအချိန်က ကချင်ပြည်နယ်မှာ တက္ကသိုလ်ပညာရပ်တွေကို သင်ကြားပေးတာ မြစ်ကြီးနားတက္ကသိုလ်တစ်ခုပဲ ရှိပါသေးတယ်။ နယ်ပယ်စုံက ပညာဆည်းပူးဖို့ ရောက်ရှိလာကြတဲ့ တိုင်းရင်းသား ချစ်တပည့်များအားလုံးကို ရန်ကုန်ပင်မတက္ကသိုလ်ကြီးနဲ့ တန်းတူ ညီမျှ၊ အရည်အသွေးတူ ဖြစ်အောင် ပညာရပ်တွေကို မျှဝေပေးခဲ့ပါ တယ်။ စာသင်ခန်းထဲ ဘာသာရပ်ကို မပို့ချခင်မှာ “တပည့်တို့ စာတတ် တာနဲ့ ပညာတတ်တာခွဲခြားသိဖို့၊ ပညာဆိုတာ အသိဉာဏ်ပညာ၊ ရှေ့နောက် ဆင်ခြင်တုံတရားဖြစ်တယ်။ ဘွဲ့တွေ၊ ဒီဂရီတွေနဲ့အတူ ပညာတတ်အောင်သင်ယူကြဖို့၊ မိမိရပ်ရွာ ဇာတိမှာ ပြန်လည်အကျိုးပြု နိုင်ကြဖို့” အမြဲလမ်းညွှန်ခဲ့ပါတယ်။ မိုးကောင်းက အမြွှာညီအစ်မ၊ မိုးညှင်းက ချစ်သမီးရင်ရင်မေ...နဲ့ ချစ်တပည့်များအားလုံးတို့ရေ... အများအကျိုးဆက်လက်သယ်ပိုးနိုင်ကြပါစေ၊ ထမင်းစားသစ္စာ ဆိုနိုင် ကြပြီး ဘဝမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။ ညီမလေး ဆိုင်းအောင်ရေ... တို့တွေ အမိနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ ကမ္ဘာကြီးမှာနေထိုင်ကြတဲ့ လူသားအားလုံးအတွက်၊ ဂေဟစနစ် ပတ်ဝန်းကျင်ကြီး ထာဝစဉ်တည်တံ့စေဖို့ ဆက်လက် ထိန်းသိမ်းကြဖို့ကို အကျိုးပြုသုတေသနလုပ်ငန်းတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြဖို့ လိုအပ်နေပါသေးတယ်။ နောင်လာမည့် မျိုးဆက် သစ်တွေကိုလည်း လက်ဆင့်ကမ်း တစ်ပါတည်း ခေါ်ခဲ့ကြရပါမယ်နော်။
ဒီတစ်ကြိမ် တာဝန်ထမ်းဆောင်ရမည့် နေရာကတော့ ဘာသာ သာသနာတော်ထွန်းကားတဲ့ အညာဒေသက တက္ကသိုလ်ကြီးဖြစ်ပါ တယ်။ သုတေသနတွေ ပြုလုပ်နေဆဲဖြစ်ပြီး ပါရဂူဘွဲ့ရတွေ လက်ချိုး ရေတွက်လို့ရတဲ့အချိန်မှာ ပြောင်းရွှေ့တာဝန်ပေးခံရခြင်း ဖြစ်ပါတယ်။ သို့သော် စာရေးသူက နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာ ဆိုထားခဲ့တဲ့သူ ဖြစ်တယ်လေ။
ဒီတက္ကသိုလ်ကြီးမှာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါနယ်က ကျောင်းသူ ကျောင်းသားတွေ လာရောက်ပညာသင်ကြားကြပါတယ်။ တက္ကသိုလ်ရဲ့ ချင်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီက နှစ်စဉ်ကျင်းပတဲ့ ပြည်နယ်နေ့အခမ်းအနားတွေမှာ ရိုးရာအကတွေ၊ ရိုးရာဝတ်စုံနဲ့ fashion show တွေ၊ ရိုးရာအစားအစာတွေနဲ့ ဧည့်ခံကြပါတယ်။ နွားနောက်သားနဲ့ ခေါင်ရည်ကိုလည်း သတိရနေပါတယ်။ ကလေးတို့ ရေ... ဌာနက မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနဲ့ အာစရိယပူဇော်ပွဲအခမ်းအနားတွေမှာ “စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ်”ကို တေးသရုပ်ဖော်နဲ့ တင်ဆက်ခဲ့ကြတဲ့ ချစ်တပည့်လေးတွေ ကိုလည်း မြင်ယောင်သတိရလျက်ပါ။ အသိပညာဆင်ခြင်တုံတရား လက်ကိုင်ထားပြီး မိမိဒေသကို ပြန်လည်အကျိုးဆောင်နိုင်ကြပါစေ။
ဝန်ထမ်းကောင်းတွေ ဖြစ်ကြပါစေ
အဆင့်မြင့်ပညာများကို ဆည်းပူးလေ့လာသွားကြတဲ့ ကရင် ပြည်နယ်က သမီးတို့ သားတို့ရေ... နော်ချိုအေး၊ နန်းအိမ်စည်၊ နန်းဝေဖြိုးနဲ့စောမိုးသူ၊ မိမိတတ်မြောက်ထားတဲ့ပညာ၊ ဗဟုသုတတွေ ကို မျှဝေပေးပြီး ကိုယ့်မွေးရပ်မြေမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာ ရေးတွေ တိုးတက်လာအောင် ကူညီလုပ်ဆောင်ပေးကြပါ။ သမီး မိတင်မိုးအောင်အတွက်လည်း ဆုတောင်းပေးနေပါတယ်။ မွန် ပြည်နယ်ကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကြီး ထာဝစဉ်တည်တံ့ခိုင်မြဲစေဖို့ သမီးရဲ့ သုတေသနလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ပြီး အကောင်အထည်ဖော်နိုင်ပါစေ။ နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာ ဆိုနိုင်ကြတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်ကြပါစေ။
ထိပ်ဆုံးကတာဝန်ယူထားကြတဲ့ နိုင်ငံ့ဝန်ထမ်း အကြီးအမှူးကြီး များအနေနဲ့ နိုင်ငံ့ဝန်ထမ်း ထမင်းစားသစ္စာကို ဆိုခဲ့ဖူးကြသလို မိမိတို့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအားလုံးကို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး တလေး တစား လိုက်နာကြအောင် လမ်းညွှန်ပေးကြဖို့လည်း စာရေးသူအနေ နဲ့ အကြံပြုတင်ပြအပ်ပါတယ်။
ဒို့တာဝန်အရေး(၃)ပါးဟာ အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင် ကြတဲ့ လူသားအားလုံးနဲ့ လုံးဝ(လုံးဝ) သက်ဆိုင်ကြပြီး တာဝန် ကိုယ်စီရှိကြကြောင်းကိုလည်း နားလည်သဘောပေါက်ကြစေလိုပါ တယ်။
ဒို့တာဝန်အရေး (၃)ပါး
၁။ ပြည်ထောင်စု မပြိုကွဲရေး
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
၃။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
(ရှမ်း၊ ကယား၊ ရခိုင်မှ ချစ်တပည့်များအတွက် အလျဉ်းသင့် သလို စာတွေရေးရင်း ဆုတောင်းမေတ္တာ၊ စကားလက်ဆောင်တွေ ပေးသွားပါမည်။)
- Log in to post comments